နေတတ်ရင် ကျေနပ်စရာ


လူ့ဘ၀မှာနေရင်း ကိုယ်ပိုင်ဆိုင်ထားတဲ့ဘ၀ကြီးကို စိတ်ပျက်မိတဲ့အချိန်တွေရှိကြမှာပါ။ ကိုယ်ဖြစ်ချင်တာတစ်မျိုး၊ ဖြစ်နေရတာတစ်မျိုးနဲ့ လိုတာမရ၊ ရတာမလို ဘ၀မျိုးပေါ့။ အလုပ်ထုတ်ခံရလို့၊ စီးပွားရေးကျသွားလို့၊ စာမေးပွဲကျလို့ စတဲ့အကြောင်းပြချက်တွေနဲ့ သင့်ကိုယ်သင် ကျရှုံးမှုတွေကြားမှာ နစ်မွန်းခံနေကြပေမယ့် တကယ်တော့ စာဖတ်သူတို့ပိုင်ဆိုင်ထားတဲ့ဘ၀ကြီးဟာ ထင်သလို ဆိုးဆိုးဝါးဝါးချည်းမဟုတ်ပါဘူး။ ပိုင်ဆိုင်ထားတာတွေထဲမှာ မမြင်မိတဲ့၊ သတိမထားမိတဲ့ နေပျော်စရာအချက်တွေ အများကြီးရှိပါတယ်။ ဘယ်အချက်တွေဖြစ်မလဲဆိုတာ ဒီတစ်ပတ် စာဖတ်သူတွေကို ဝေမျှပေးချင်ပါတယ်။
ဘ၀က မလွယ်ကူတဲ့အရာလို ထင်ချင်ထင်မိလိမ့်မယ်။ ဆုံးရှုံးမှုတွေကြောင့် ဘ၀ကြီးကို စိတ်နာတဲ့အခါ ရှိလိမ့်မယ်။ ဒါပေမယ့် အောင်မြင်မှုတိုင်းမှာ ရှုံးနှိမ့်မှုဆိုတာ ရှိစမြဲပဲ၊ ရှုံးနှိမ့်မှုတွေကြောင့်သာ အောင်မြင်မှုဖြစ်လာတာလို့ ဆိုတဲ့အတိုင်း စာဖတ်သူတို့ဘ၀မှာ ဆုံးရှုံးမှုတွေမရှိပဲ အောင်မြင်မှုရယူဖို့ စိတ်ဓာတ်ခွန်အားရှိမလာပါဘူး။ ကြုံတွေ့ခဲ့တဲ့အခက်အခဲတွေက သင့်ကိုအောင်မြင်မှုဆီ တွန်းပို့ပေးတဲ့အရာမို့ စိတ်ပျက်စရာလို့ မသတ်မှတ်ပါနဲ့။
ဘ၀က ဘယ်လောက်ပဲ ပင်ပန်းပါတယ်ပြောပြော အချိန်တန်အိမ်ပြန်ရောက်ရင် သက်တောင့်သက်သာ လှဲအိပ်စရာတော့ရှိကြတာပဲလေ။ ဒါပေမယ့် တခြားသောကမ္ဘာ့နေရာတွေမှာတော့ ကျောတစ်နေရာစာလှဲအိပ်ဖို့ ရုန်းကန်နေကြတာ အများကြီးပါပဲ။ စစ်ပွဲဖြစ်လို့ ကျီးလန့်ကျက်စားနေရတဲ့ဘ၀တွေနဲ့ နှိုင်းယှဉ်ရင် သင်ကြုံတွေ့နေတဲ့ အခက်အခဲဆိုတာ အနည်းအကျဉ်းပဲ ရှိပါသေးတယ်။
အလုပ်မှာ နေ့စဉ်ရက်ဆက်ပင်ပန်းလို့ ငြီးငြူနေမယ့်အစား အနည်းဆုံးတော့ ဖြေသိမ့်စရာက သင့်မှာအလုပ်အကိုင်တစ်ခု ရှိနေတယ်ဆိုတာပါပဲ။ ဘယ်အလုပ်မဆိုတော့ အခက်အခဲဆိုတာ ရှိကြမှာပဲလေ။ ဒါကိုပဲ နေ့စဉ်ရက်ဆက် အပြစ်ပုံချနေမယ့်အစား ဒီနေ့ကမ္ဘာမှာ အလုပ်လက်မဲ့နှုန်းတွေမြင့်မားနေချိန်မှာ အလုပ်အကိုင်ရှိသူတစ်ယောက်အနေနဲ့ ဂုဏ်ယူလိုက်ပါ။
နေ့စဉ် မနက်ဆိုလည်း မနက်စာအဆင်သင့်၊ နေ့လည်နဲ့ညဆိုလည်း ထမင်းစားဖို့ အဆင်သင့်ဖြစ်နေတဲ့ဘ၀ကြီးကို ဘာလို့မကျေနပ်ဖြစ်နေမှာလဲ။ နေတတ်ရင် ကျေနပ်စရာတွေချည်းပဲမို့ အချိန်မှန်စားနိုင်နေတဲ့ဘ၀ကလည်း နေပျော်စရာတွေထဲက တစ်ချက်ပါပဲ။
သင့်မှာ ရွေးချယ်ခွင့်တွေရှိနေတယ်။ လက်ရှိလုပ်နေတဲ့ အလုပ်မကြိုက်လည်း ကိုယ့်အရည်အချင်းနဲ့ဆို တခြားအလုပ်ပြောင်းရှာနိုင်တာပဲလေ။ ဒါကို သူများလိုဘာလို့ အလုပ်အကိုင်ကောင်းကောင်းမရတာလဲ၊ သူ့လောက် ဘာလို့လစာမကောင်းတာလဲဆိုပြီး စိတ်ဒဏ်ရာရအောင် မလုပ်သင့်ပါဘူး။ သူ့ဘ၀ကိုယ့်ဘ၀ လျှောက်လှမ်းပုံချင်းမတူတာမို့ တစ်ပါးသူနဲ့ နှိုင်းယှဉ်လိုက်ခြင်းဟာ သင့်ကိုယ်သင် နှိမ့်ချလိုက်သလိုပါပဲ။ ဘ၀မှာ ကိုယ်စိတ်ချမ်းသာအောင်ပဲနေပါ။
စိတ်မှာ ချစ်ခင်နှစ်သက်တဲ့စိတ်နှလုံးကောင်းကို ပိုင်ဆိုင်ထားလျက်နဲ့ အရောင်ဆိုးဖို့ မကြိုးစားပါနဲ့။ လက်ရှိပိုင်ဆိုင်ထားတဲ့အရာတွေဟာ တကယ့်အစစ်မှန်ပျော်ရွှင်စရာတွေချည်းပါပဲ။ မြင်အောင်မကြည့်တတ်လို့သာ တခြားဘ၀တွေကို အားကျနေကြတာပါ။
ကမ္ဘာပေါ်မှာ မသန့်စင်တဲ့ရေကို သောက်နေရသူတွေ ဒုနဲ့ဒေးပါပဲ။ ၀တ်စရာအ၀တ်အစား မရှိတာ၊ နေစရာအိမ် မရှိတဲ့သူတွေလည်း မနည်းပါဘူး။ ဒါကြောင့် သင့်ဘ၀မှာ ရေငတ်ရင်သောက်ဖို့ ရေသန့်တွေရှိတယ်၊ နေ့တိုင်း မရိုးအောင်ဝတ်ဖို့ အ၀တ်အစားအပြည့်၊ နေစရာအိမ်ကလည်း အဆင်သင့်နဲ့ ဘယ်လောက်နေပျော်စရာကောင်းလဲ။
အခက်အခဲတွေ ရုန်းကန်နေရဆဲမို့ ကိုယ်ဖြစ်ချင်တဲ့ဘ၀ကို မပိုင်ဆိုင်သေးပေမယ့်လည်း အနည်းဆုံးတော့ စိတ်ကူးအိပ်မက်တွေ ရှိနေပါသေးတယ်။ ကိုယ်ဖြစ်ချင်တာဖြစ်အောင် ကြိုးစားဖို့ စိတ်ကူးအိပ်မက်တွေရှိနေသေးတာ ဘ၀မှာ အကောင်းဆုံးနေပျော်စရာ အချက်ပါပဲ။ ဒီလိုအချိန်မှာ ဘ၀မှာ ရင်သန်နေထိုင်ဖို့အတွက် ကျရာအလုပ်လုပ်ပြီး လုပ်ရှားရုန်းကန်နေရသူတွေ အများကြီးပါပဲ။ သူတို့မှာ စိတ်ကူးအိပ်မက်တောင် မက်ခွင့်မရှိပဲ နေ့စဉ်ဘ၀အတွက် ကြိုးစားနေရသူတွေပါ။ ဒါကြောင့် ကိုယ့်ဘ၀အခက်အခဲတွေကို စိတ်ပျက်ငြီးငြူမနေပဲ ပိုင်ဆိုင်ထားတဲ့အရာတွေကို တန်ဖိုးထားမယ်ဆိုရင် ဘ၀ကြီးက နေတတ်ရင်ကျေနပ်စရာတွေချည်းပါပဲ။
.lifehack.org
akhamaet.com

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...