ပွဲတော်ရက် အတွင်း H1N1 လူနာ တွေ့ပါက တောင်ပြုန်း ပွဲတော် ပိတ်မည်


မန္တလေး၊ ဇူလိုင်၂၉

ပွဲတော်ရက် အတွင်း H1N1 လူနာတွေ့ရှိပါက တောင်ပြုန်းပွဲတော် ပိတ်သိမ်းသွားမည်ဖြစ်ပြီး ပွဲတော်ကာလအတွင်း ဇာတ်ရုံများနှင့် ရုပ်ရှင်ရုံ တို့ ပြသခွင့်ပြုမည် မဟုတ်ကြောင်း မန္တလေးတိုင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် ပွဲတော်ကျင်းပရေး ကော်မတီထံမှ သိရသည်။

H1N1 ထိန်းချုပ်ကာကွယ်ရေးအတွက် မန္တလေးတိုင်း အစိုးရအဖွဲ့၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် တောင်ပြုန်းပွဲတော်ကျင်းပရေး ကော်မတီတို့ ဇူလိုင်လ ၂၈ ရက်နေ့က ပြုလုပ်ခဲ့သည့် အစည်းအဝေး တွင် ယင်းသို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ထံမှလည်း သိရသည်။

“ပွဲတော်ကာလအတွင်းမှာ ရောဂါပိုး ရှိတယ်လို့ အတည်ပြုလို့ရတဲ့ လူနာတွေ့တာနဲ့ ပွဲတော်ပိတ်မယ်လို့ ဆုံးဖြတ်လိုက်တယ်ပေါ့နော်။ ဒီပွဲတော်မှာ လူတွေများကြီး တိုးဝှေ့ကြည့်ရှုရမယ့် ရုပ်ရှင်ရုံ၊ ဇာတ်ရုံတွေကိုတော့ ဖွင့်ခွင့်မပြုတော့ဘူး။ ဒါကိုပွဲတော်ကျင်းပရေး ကော်မတီကလည်း သဘောတူတယ်” ဟု မန္တလေးတိုင်း ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသန်းသန်းမြင့်က ပြောကြားသည်။

ပွဲတော်ကျင်းပနေစဉ် ကာလအတွင်း ပညာပေးပြခန်းများ ဖွင့်လှစ်ကာပညာပေးမည် ဖြစ်ပြီး အသံချဲ့စက်ဖြင့်လည်း ပညာပေး လုပ်ငန်းများ လုပ်ဆောင်သွားမည့်အပြင် ပညာပေးဆိုင်းဘုတ်များ စိုက်ထူကာ ပွဲတော်လာ ပြည်သူ များကို ပညာပေး လက်ကမ်းစာစောင်များနှင့် နှာခေါင်းစည်းများ ဝေငှသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း အစိုးရအဖွဲ့ရုံး တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

“အစည်းအဝေး ဆုံးဖြတ်ချက်အရဆိုတော့ နန်းထိန်းကလည်း သဘောတူရမှာပါ။ ရောဂါဖြစ်တဲ့လူ တွေ့ပြီဆိုရင်တော့ ပွဲတော်လည်း ပိတ်ရမှာပါ။ ဇာတ်ရုံနဲ့ ရုပ်ရှင်ရုံအတွက်ကတော့ သူတို့ကလည်း ဈေးကြီးပေးပြီး လေလံဆွဲထားတာ ဆိုတော့ သူတို့မနစ်နာအောင် ညှိနှိုင်းနေပါတယ်” ဟု ပွဲတော်ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောကြားသည်။

ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန အနေနှင့် နန်းထိန်းများ၊ ဘုရာဂေါပကအဖွဲ့တို့နှင့် ပူးပေါင်းကာ ပွဲတော်လာ ပြည်သူများကို နှာခေါင်းစည်း သုံးသိန်းခန့် ဝေငှပေးမည် ဖြစ်ကြောင်း ဒေါက်တာသန်းသန်းမြင့်က ထပ်လောင်းပြောဆိုသည်။

လက်ရှိတွင် လူမှုကူညီရေး အသင်း ငါးသင်းခန့်က ပွဲတော်ရက် မတိုင်ခင် ကတည်းက ကားကွင်းများ၊ လူစည်ကားရာ နေရာများတွင် နှာခေါင်းစည်းများ ဝေငှအသိပညာပေးလျက် ရှိသည်ဟု တောင်ပြုံးဒေသခံများထံမှ သိရသည်။

လတ်တလောတွင် အသက်ရှုလမ်းလမ်းကြောင်း ပိုးဝင်ဖျားနာမှု (Severe Acute Respiratory Illness) ဖြင့် ဆေးရုံတက် ကုသနေသည့် လူနာပေါင်း ၅၀ ဦး ရှိသည့်အနက် H1N1 ပိုးတွေ့သည့် လူနာ ၃၀ ဦးထိ ရှိနေပြီး ယင်းပိုးကြောင့် သေဆုံးသူ ခြောက်ဦးအထိ ရှိနေပြီ ဖြစ်သည်။

နှစ်ပေါင်းရာချီ ကျင်းပခဲ့သော တောင်ပြုန်း ပွဲတော် ကို ယခုနှစ်တွင် ဇူလိုင်လ ၃၁ ရက်မှ သြဂုတ်လ ၇ ရက်နေ့အထိ ကျင်းပမည်ဟု ပွဲတော်ကျင်းပရေး ကော်မတီက ထုတ်ပြန်ထားသည်။

Credit : the voice
====
မန်တလေး၊ ဇူလိုငျ၂၉










Credit : the voice

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...