“ကာမဂုဏ် ခံစားတာ ယုတ်ညံ့တယ်”


“ကာမဂုဏ် ခံစားတာ ယုတ်ညံ့တယ်”
အဲဒီ ကာမ ချမ်းသာတွေကို သာယာနှစ်သက်ပြီး ခံစားနေတာဟာ(ဟီနော)ယုတ်ညံ့ပါတယ်တဲ့ဘာကြောင့်လဲဆိုရင်အဲဒီကာမဂုဏ် တွေကို သုံးဆောင်တဲ့အခါမှာ ယုတ်ညံ့တဲ့ ကိလေသာ တွေဖြစ်တယ်၊ တပ်မက်တွယ်တာသာယာတဲ့ ကာမ ရာဂ ကာမတဏှာတွေဖြစ်တယ်၊

ငါသာ ဒီလိုအကောင်းတွေ ခံစားရတယ်ဆိုတဲ့အနေနဲ့
မာနလည်းဖြစ်တယ်၊


မိမိ ပိုင်တဲ့ သက်ရှိ သက်မဲ့ ကာမဂုဏ် တွေကို သူတစ်ပါးနဲ့ မနီးစပ်စေလိုတဲ့ ဝန်တိုမှု မစ္ဆရိယ လည်းဖြစ်တယ်။

ကိုယ်လို သူတစ်ပါးအား မပြည့်စုံစေချင်တဲ့ မနာလိုမှု ဣဿာ လည်းဖြစ်တယ်။

ဆန့်ကျင်ဘက် ရန်သူထင်ရတဲ့ ပုဂ္ဂိုလ်တွေကိုပြစ်မှားတဲ့ ဒေါသလည်းဖြစ်တယ်။

အရှက်အကြောက် ကင်းမဲ့တဲ့ အဟိရိ က အနောတ္တပ္ပ ဆိုတာတွေလည်းဖြစ်တယ်။

ချမ်းသာတယ် ကောင်းတယ်စသည်ဖြင့် အသိမှားတဲ့ မောဟလည်းဖြစ်တယ်။

ပုထုဇဉ် မှာ ဆိုရင် အသက်ရှင်နေတဲ့ အတ္တကောင်အနေ
ကံကံ၏အကျိုးမရှိတဲ့အနေ စသည်ဖြင့် အမြင်မှားအယူမှားတဲ့ ဒိဋ္ဌိလည်းဖြစ်တတ်တယ်။

အဲဒီလို ယုတ်ညံ့တဲ့ ကိလေသာတွေကို ဖြစ်ပွားစေတတ်တဲ့အတွက် ကာမ သုခလ္လိကာနု ယောဂ အကျင့်ဟာ ယုတ်ညံ့ပါတယ်။

နောက်ပြီးတော့ အဲဒီ ကာမ ချမ်းသာကို ယုတ်ညံ့တဲ့ တိရစ္ဆာန် ပြိတ္တာ တွေကလည်း သုံးဆောင်ခံစားနေကြတာပဲ၊
အလွန်ယုတ်ညံ့တဲ့ မစင်တွင်းက ပိုးလောက်တွေလည်း
ထိုက်သင့်အားလျော်စွာ သုံးဆောင် ခံစားနေကြတာပဲ။
အဲဒီလို ယုတ်ညံ့တဲ့ သတ္တဝါ တွေနဲ့ စပ်ဆိုင်သောကြောင့်လည်း ယုတ်ညံ့ပါတယ်။

အဲဒီလို ယုတ်ညံ့သောကြောင့် အဲဒီ ကာမ သုခလ္လိကာ ယောဂ အကျင့်ကို ရှင်ရဟန်းများ မမှီဝဲသင့်ပါဘူးတဲ့။

စဉ်းစားကြည့်ပါ။
လူတွေက ကိုယ့်အာရုံနဲ့ကိုယ် ကောင်းလိုက်တာ ကောင်းလိုက်တာလို့ အထင်ကြီးနေကြသလိုပင် ခွေး ဝက် ကြက် ပိုးလောက် သတ္တဝါတွေကလည်း သူတို့အာရုံနဲ့သူတို့ ကောင်းလိုက်တာ ကောင်းလိုက်တာလို့ အထင်ကြီးနေကြမှာပဲ၊
အဲဒီတော့
ခွေး ဝက် ကြက် ပိုးလောက် တွေရဲ့ ခံစားမှုနှင့် လူတွေရဲ့ ခံစားမှုဟာ တူမနေပေဘူးလား၊ အဲဒီလို ယုတ်ညံ့တဲ့သတ္တဝါတွေ၏ခံစားမှုနှင့် တန်းတူဖြစ်နေသောကြောင့်လည်း ယုတ်ညံ့တယ်။

အဲဒီလို ယုတ်ညံ့သောကြောင့် ကာမချမ်းသာခံစားမှုကို
ရှင် ရဟန်း များ မမှီဝဲသင့်ပါဘူးတဲ့။

-ကျေးဇူးတော်ရှင် မဟာစည်ဆရာတော် ဘုရားကြီး၏
ဓမ္မစကြာတရားတော်မှ-

Credit : ဓမ္မ ပန်းခင်း

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...