ကျွန်မအလယ်တန်း အထက်တန်း ကျောင်းသူဘဝတုန်းက
ကျောင်းတက်ရင် အတန်းဖော်သူငယ်ချင်းတွေက မေးကြတယ်
" နင့်အဖေ ဘာလုပ်လဲ နင့်အမေ ဘာလုပ်လဲ " လို့မေးရင်
ကျွန်မအရမ်းအားငယ်ရတယ် ကိုယ့်အဖြစ်ကိုဝမ်းနည်းမိတယ်
" ငါ့ရဲ့ဖေဖေက စက်ချုပ်တယ်
ငါ့ရဲ့မေမေက ထမင်းချက်တယ် " ဆိုတဲ့အဖြေကို
မရဲမဝံ့ သူငယ်ချင်းတွေကို ဖြေခဲ့ရတယ်
( " ငါ့ဖေဖေကအင်ဂျင်နယ်ယာ ငါ့မေမေကဒေါက်တာလေ " ဆိုပြီး
တချို့သူငယ်ချင်းတွေလို ဂုဏ်ယူဝံ့ကြွားစွာ ခြောဖချင်မိတာပေါ့ရှင် )
ဒါပေမယ့် … တကယ့်လက်တွေ့မှာ
ကျွန်မအဖေကစက်ချုပ်တယ် ကျွန်မအမေကထမင်းချက်တယ်
တနေ့တော့ …
" ဖေဖေ … သမီးကိုလေ သူငယ်ချင်းတွေက မေးကြတယ်
နင့်မိဘတွေက ဘာအလုပ်လုပ်ကြတာလဲ " တဲ့
" ဖြေတော့ … တချို့သူတွေက သမီးကိုနှိမ့်ချတဲ့မျက်လုံးတွေနဲ့ကြည့်ကြတယ် "
သမီး … သိပ်ရှက်တယ် … ဖေဖေ … သမီးရှက်တယ်
" သမီးလဲ … သူငယ်ချင်းတွေရဲ့အဖေအမေတွေလို
အင်ဂျင်နယ်ယာ ဒေါက်တာ ပညာတတ်ဘွဲ့ရတဲ့
ဖေဖေမေမေလိုချင်တာပေါ့ "
အဲဒီအချိန်မှာ ကျွန်မအနားသို့ ဖေဖေတိုးတယ် ကျွန်မပခုံးလေးဖက်ပြီး
" ဘယ်လိုပြောလိုက်တာလဲ သမီးရေ
ဖေဖေတို့လည်း ပညာတတ်တွေဖြစ်ချင်ခဲ့တာပေါ့သမီးရေ
ဘဝပေးမခြေအနေက ဖေဖေတို့ကိုပညာတတ်ဖြစ်ဖို့အခွင့်အရေးမပေးခဲ့ဘူးလေ "
" ဖေဖေတို့မောင်နှမနှစ်ယောက်ဟာ ပညာတတ်သိပ်ဖြစ်ချင်ခဲ့တာ "
" အမေကမုဆိုးမ ဆင်းရဲတယ် သူများဆီမှာအငှားခံရတယ်
စားဝတ်နေရေးအတွက်ပဲ ထမင်းမငတ်အောင်စားခဲ့ရတာ "
" ဖေဖေတို့ကို ကျောင်းတက်ဖို့
ဖတ်စာအုပ်တွေ ဗလာစာအုပ်တွေ မဝယ်ပေးနိုင်ခဲ့ဘူးသမီး "
" ဖေဖေတို့မောင်နှမနှစ်ယောက်က စာအရမ်းသင်ချင်လို့
တောင်ပေါ်က ဟင်းသီးဟင်းရွက်တွေကို သွားခူးပြီးရောင်းတယ် "
" ဟင်းသီးဟင်းရွက်ရောင်းလို့ … ရတဲ့ပိုက်ဆံကို … စု
သူများဆီကတဆင့် စာအုပ်အဟောင်းလေးတွေဝယ်ပြီး
ဖေဖေတို့မောင်နှမနှစ်ယောက် ကျောင်းတက်ခဲ့ရတာ "
" ဖေဖေတို့ကဆင်းရဲတော့ … ဘယ်သူကမှဂရုမစိုက်ကြဘူး သမီးရေ "
" စာအုပ်အသစ်တွေမဝယ်နိုင်ဘူး သူများဆီကဝယ်တဲ့စာအုပ်အဟောင်းလေးနဲ့ပဲစာရေးခဲ့ရတာ"
ဆရာကို အမှတ်ခြစ်ဖို့ စာအုပ်သွားထပ်တော့ …
" မင်းဘာစာအုပ်နဲ့ရေးထားတာလဲ!
ညစ်ပတ်စုတ်ပြတ်သတ်နေတာပဲ ရော့ … ကွာ " ဆိုပြီး
ဖေဖေ့စာအုပ်ကို ဆရာက လွှင့်ပစ်လိုက်တယ်သမီးရေ
" စာအုပ်ထဲက စာရွက်လေးတွေ တရွက်စီကွာကြသွားခဲ့တယ်
ဖေဖေလည်း အရမ်းရှက်လို့ ငိုပြီးစာရွက်လေးတွေကို
တရွက်ချင်းစီ ပြန်ကောက်ခဲ့ရတယ် "
အဲဒါနဲ့ … ဖေဖေ … လေးတန်းဖြေပြီး ကျောင်းနားခဲ့ရတယ် သမီးရေ
" အရွယ်ရောက်လာတော့
ဖေဖေစက်ချုပ်ပညာကိုတတ်ကျွမ်းအောင်
မြို့ကဆရာတယောက်ဆီမှာ သင့်ခဲ့တယ် "
" သမီးတို့မေမေနဲ့ဖေဖေအိမ်ထောင်ကျတယ်
သမီးတို့မောင်နှမနှစ်ယောက်ကို
ဖေဖေတို့မောင်နှမနှစ်ယောက်လို မဖြစ်ရလေအောင် ဖေဖေတတ်တဲ့စက်ချုပ်ပညာနဲ့
ပညာတတ်တွေဖြစ်အောင် ပညာသင်ရအောင် ကျောင်းတက်ရအောင်
ဖေဖေနဲ့မေမေ အတတ်နိုင်ဆုံးကြိုးစားပြီး ထားပေးတယ် " လေ
ဖေဖေပြောတဲ့စကားတွေကို နားထောင်ရလိုက်တော့
ကျွန်မရင်ထဲဝမ်းနည်းပြီး မျက်ရည်တွေ ကျလာတယ်
ဖေဖေက စကားတခွန်းပဲပြောတယ်
" ဂုဏ်ယူလိုက်စမ်းပါသမီးရေ … မရှက်ပါနဲ့
ငါ့မိဘတွေက ကျောင်းပညာမတတ်ပေမယ့်
သူတို့တတ်တဲ့အတတ်ပညာ ရှာလို့ရတဲ့ပိုက်ဆံလေးနဲ့
ငါ့အစ်ကိုကို ဘွဲ့ရအောင် ကျောင်းထားပေးခဲ့တယ်
ငါ့ကိုလည်း အခုကျောင်းထားပေးနေတယ် ဆိုပြီး
ပြောလိုက်စမ်းပါသမီးရေ … " တဲ့လေ ။
တချိန်က … မပြောနိုင်ခဲ့တဲ့စကားတွေကို
အခုတော့ …
ဖေဖေ့ကျေးဇူးတွေကြောင့် … ရဲဝံ့စွာပြောနိုင်ခဲ့ပြီ … ဖေဖေ
သမီး … မရှက်တော့ဘူး … ဖေဖေ
"" သူငယ်ချင်းတို့ … မိတ်ဆွေတို့ရေ ""
ငယ်ရွယ်တဲ့အချိန်မှာတော့
စဉ်းစားဥာဏ် အတွေးအခေါ် ဗဟုသုတ မရှိသေးတဲ့အရွယ်တွေမို့
ရှက်တတ်ကောင်းရှက်နိုင်ပါလိမ့်မယ်
ဒါပေမယ့် … အသက်အရွယ်ကြီးလာလို့
စဉ်းစားဥာဏ် အတွေးအခေါ် ဗဟုသုတတွေ ရင့်ကျက်လာတဲ့အခါ
မရှက်သင့်တာကို … မရှက်ကြပါနဲ့
အားမငယ်သင့်တာကို … အားမငယ်ကြပါနဲ့
#ဒါကြောင့်___အကျုပ်မိတ်ဆွေတို့___မိဘကိုချစ်ရင်___မရှက်မိပါစေနဲ့။
ဖေဖေ့အတွက် ဖေဖေဖတ်ဖို့ ဖေဖေ့ရဲ့ချစ်သမီးလေး
ခိုင်စံပယ်မျိုး (ဇီးကွက်)
0 comments :
Post a Comment