အံ့သြစရာ ကြီးနော်


အံ့သြစရာ ကြီးနော်အဖေ ဆင်ကြီး ကို ဂဠုန်ကြီး က ချီသွားတာ အေးသား….အခုဒီကိစ္စကို မင်းနဲ့အဖေ နှစ်ယောက်စလုံးတွေ့တယ်၊ ဒါပေမဲ့ မင်းဘယ်သူ့ကိုမှ ပြန်မပြောနဲ့…..ကြားလား´´ “ အာ….အဖေကလဲ ဘာလို့လဲဗျ၊ တကယ်ချီသွားတာကြီးကို…..´´ “ မပြောနဲ့ဆို မပြောနဲ့ကွာ မင်းကို နောက်မှ ငါရှင်းပြမယ်၊ ဒီအတိုင်းရှင်းပြရတာ နဲနဲ ခက်နေတယ်၊ လူတွေ ယုံမှာ မဟုတ်ဘူး´´
“……………….´´ သားဖြစ်သူမှာ မကျေနပ်၊ သူတို့သားအဖ ထင်းခွေသွားရင် ဒီဖြစ်ရပ်ကို အမှန်တကယ်တွေ့ခဲ့သည်၊ ဆင်အုပ်ကြီးရှိရာသို့ ဂဠုန် ငှက်ကြီး ပျံဆင်းလာပြီး ဆင်ကြီး တစ်ကောင်ကို ချီသွားသည်….သူများစွာအံ့သြခဲ့ရသည်။
သူရွာပြန်ရောက်တော့ မနေနိုင်…..သူငယ်ချင်းတစ်ယောက်ကို ပြောသည်……သူငယ်ချင်းကမယုံ အပြန်အလှန် ငြင်းကြ ခုန်ကြသည်၊ နောက်ဆုံး သူ့အဖေကို သွားမေးမည်ဟု သူတိုင်တည်သည်…….နွားတစ်ကောင်ကြေးလဲ လောင်းကြေးထပ်သည်၊ သူ့အဖေ ကိုတော့ ရွာကလူများ လေးစားသည်၊ မှန်ကန်သည်၊ သမာဓိရှိသည်ဟု……… သူတို့နှစ်ယောက် သူ့အဖေထံရောက်သည်၊ ဆင်ကြီး ဂဠုန်ချီသော ကိစ္စကိုမေးသည် သူတော်တော်အံ့သြသွားသည်၊ သူ့အဖေသည် ရယ်မောလျှက် “ ဘယ်က ဟုတ်ရမှာလဲကွာ…..ဒီကောင် ပေါက်ကရပြောနေတာ´´ ဟုပြောလိုက်သည်၊
သူအရမ်းစိတ်ဆိုး သည်၊ အမှန်တကယ် သားအဖနှစ်ယောက်လုံးတွေ့ခဲ့ပါလျှက်…သူ နွားတစ်ကောင်ရှုံးပြီ၊ အဖေလုပ်ရက်သည်ဟု………
“ သား မင်းသူငယ်ချင်းဆီသွားပြီး ငါ့အဖေ… တောပစ်ထွက်တာ မြှားတစ်ချက်ထဲနဲ့ သမင်ရဲ့ ခေါင်း၊ နားရွက်နဲ့ နောက်ခြေ တစ်ချောင်းကို ထိတယ်……လို့သွားပြော……မယုံရင် နွားနှစ်ကောင်ကြေးလောင်းကွာ မင်း နိုင်စေရမယ်´´
“ ဟုတ်ရဲ့လားအဖေရာ….ကျွန်တော် မလုပ်ရဲဘူး အဖေ့ဟာက ဟုတ်လဲ မဟုတ်ဘဲနဲ့´´
“ သွားပါကွာ ……. မဟုတ်ပေမဲ့ အဖေတာဝန်ယူပါတယ်၊ မင်းနိုင်စေရမယ်´´ သူ့အဖေရဲ့ အာမခံကတိကြောင့် သူထွက် လာခဲ့သည်၊ အဖေသင်ပေးသည့်အတိုင်း သူနွားတစ်ကောင်ရှုံးသော သူငယ်ချင်းကို ပြောပြသည်၊ သူတို့ ငြင်းကြသည်၊ မယုံကြည် သဖြင့် နွားနှစ်ကောင် လောင်းကြေးထပ်သည်။
နောက်တော့ သူ့ အဖေကိုမေးရန် ရောက်လာသည်….. သူ့အဖေက တည်ကြည်သော မျက်နှာဖြင့်
“ ဟုတ်တယ် ကွ မြှားတစ်ချက်ထဲ ပစ်လိုက်တာ သမင်ရဲ့ ခေါင်း၊ နားရွက်နဲ့ နောက်ခြေ တစ်ချောင်းကို ထိသွားတယ်…… ဒီလိုကွ ငါက တောထဲမှာ သမင်ကိုချောင်းနေတာ သမင်က လှဲချလိုက်တယ် နောက်တော့ သူရဲ့ နောက်ခြေနဲ့ နားရွက်ကို ကုပ်နေတာ…ငါကဘေးကနေ ချောင်း တာ ဆိုတော့ ပစ်လိုက်တာနဲ့ နောက်ခြေကနေ နားရွက်ကို ဖောက်ပြီး ခေါင်းထဲကို စိုက်သွားတာလေ… အဲဒီတော့ မြှားတစ်စင်းထဲနဲ့ သုံးချက်ထိသွားတာပေါ့လို့ ပြောလိုက်သည်၊ သူနွားနှစ်ကောင်နိုင်သွားသည်။ သူပျော်နေသည်။ သူ့အဖေက ဆက်ပြောသည်
“သား မှန်တိုင်း မပြောရဘူး၊ သဘာဝယုတ္တိရှိမှ လူတွေက လက်ခံတယ်၊ သဘာဝကျမှလဲ တိုးတက်နိုင်မယ်´´ တဲ့…….. သူတန်ဘိုး မဖြတ်နိုင်သော လူ့ဘ၀ ရပ်တည်မှု စနစ်တစ်ခုကို နားလည်ခဲ့ရသည်။ တစ်ခါက ဖေဖေပြောပြသော သားအဖ ပုံပြင်သည် ယနေ့အထိ အသက်ဝင်နေသည်။ ဖေဖေပစ်လိုက်သောမြှားသည် သူရဲကောင်းများစွာကို ကျဆုံးစေနိုင်သည်…. စဉ်းစား ဝေဖန်ပိုင်းခြားခြင်းတည်း ဟူသော မြှားဖြစ်သည်ဟု သူခံယူလိုက်သည်။ ဖေဖေ၏ အမွေအဖြစ် ပုံပြင်ထဲက မြှားလေးအား သူရရှိခဲ့သည်၊ သူဖေဖေ့ကို ကျေးဇူး တင်ပါသည်……..။
Credit to Original

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...