နယ်မြေကျော် လွန် ကျောင်း အပ်တာကို လက်ခံရင် ကျောင်းအုပ်ကြီး တွေကို အရေးယူမယ်


လာဘ်စားမှု၊ ယာဉ်ကြောကျပ်တည်းမှုတွေကို ဖြေရှင်းနိုင်ရေးအတွက် သက်ဆိုင်ရာနယ်မြေအလိုက် ကျောင်း အပ်နှံဖို့ ညွှန်ကြားထားတာ ဖြစ်တယ်လို့ သိရပါတယ်။
၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံရာမှာ ပညာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ မူဘောင်နဲ့ မဟုတ်ဘဲ နယ်မြေကျော်လွန်ကာ ကျောင်းအပ်လက်ခံမှုတွေရှိပါက သက်ဆိုင်ရာ ကျောင်းအုပ်ကြီး တွေကို အရေးယူမှာဖြစ်တယ်လို့ သိရပါတယ်။
‘‘ချမှတ်ထားတဲ့ ကျောင်းအပ်နှံရေးမူတွေအရပဲ ကျောင်းအပ်လက်ခံရပါမယ်။ နယ်မြေဧရိယာအလိုက် အပ်နှံရမယ့်ကျောင်းတွေကို မြို့နယ်ပညာရေးမှူးရုံးတွေနဲ့ ကြိုတင်ညှိနှိုင်းထားပြီးဖြစ်ပါတယ်။ ကိုယ့်နယ်မြေထဲက မဟုတ်ဘဲ ကျောင်းအပ်နှံမှုတွေကို ဘယ်လိုအချက်တွေရှိရင် လက်ခံရမယ်ဆိုတာ ညွှန်ကြားထားပြီးသားပါ။ သက်ဆိုင်ရာနယ်မြေမှာရှိတဲ့ ကျောင်းသားက အပ်လို့မရဘဲ တခြားနယ်မြေ က ကျောင်းသားတွေချည်းပဲ လက်ခံထားတယ်ဆိုရင်၊ လိုက်နာရမယ့် စည်းကမ်းကို မလိုက်နာရင် အရေးယူမှာဖြစ်ပါတယ်’’ လို့ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး(စီမံ) ဦးအောင်ကျော်ဦးက ပြောထားကြောင်း ပြည်တွင်းသတင်းစာကြီးတစ်စောင်ဖြစ်တဲ့ 7Day Daily မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။
ကျောင်းသား၊ ကျောင်းသူ တွေကို သူတို့နေထိုင်တဲ့ မြို့နယ်ဧရိယာအလိုက် သတ်မှတ်ထားတဲ့ ကျောင်းတွေမှာသာ ကျောင်းအပ်နှံခွင့်ရမှာဖြစ်ပြီး ကျောင်းတွေအနေနဲ့ မိမိတို့ သက်ဆိုင်ရာ နယ်မြေရှိ ကျောင်းသား၊ ကျောင်းသူ တွေကို ဦးစားပေးလက်ခံပြီးမှသာ အခြားနယ်မြေတွေမှာ မတက်ရောက်လိုသူတွေကို လက်ခံရမှာဖြစ်ကြောင်း၊ လက်ခံရာမှာလည်း လက်ရှိ ကျောင်းမှာ တက်ရောက်နေဆဲ ညီအစ်ကိုမောင်နှမ အရင်းအချာရှိသူတွေ၊ ကျောင်းရှိဆရာ၊ ဆရာမတွေ၊ ၀န်ထမ်းတွေကိုသာ နယ်မြေကျော်လွန် လက်ခံခွင့်ပြုမှာဖြစ်ကြောင်း သိရပါတယ်။
ကျောင်းသားဦးရေ တိုးတက်များပြားလာခြင်း၊ ကျောင်းအပ်နှံမှုနှုန်းမြင့်မားလာခြင်း၊ ထပ်ကျော့ ကျောင်းအပ်နှံခြင်းတွေကြောင့် ကျောင်းသုံးပြဋ္ဌာန်း စာအုပ်တွေကို လုံလောက်စွာဖြန့်ဝေပေးလိုခြင်း၊ နယ်မြေကျော်လွန် လက်ခံမှုကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာတွေနဲ့ လာဘ်စားမှု၊ ယာဉ်ကြောကျပ်တည်းမှုတွေကို ဖြေရှင်းနိုင်ရေးအတွက် သက်ဆိုင်ရာနယ်မြေအလိုက် ကျောင်းအပ်နှံဖို့ ညွှန်ကြားထားတာ ဖြစ်တယ်လို့ သိရပါတယ်။
အခြေခံပညာ ကျောင်း တွေကို ဇွန်လ ၁ ရက်မှာ စတင်ဖွင့်လှစ်မှာဖြစ်ပြီး မေလ ၂၅ ရက် မှ ၃၁ ရက်အထိ ကျောင်းအပ်နှံမှုတွေကို လက်ခံဆောင်ရွက်မှာ ဖြစ်ပါတယ်။

Source: 7Day Daily

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...