ဆေးရုံတွင်းမှာ ဆယ်ကျော်သက် လူနာမိန်းကလေး အဓမ္မပြုကျင့်ခံရသဖြင့် လူထုအုံကြွမှုဖြစ်

အိန္ဒိယနိုင်ငံမှာ ဆယ်ကျော်သက် လူနာမိန်းကလေးတဦး ဆေးရုံအထူးကြပ်မတ် ကုသဆောင်အတွင်းမှာ အဓမ္မပြုကျင့်ခံခဲ့ရတဲ့အတွက် လူတွေဟာ စိတ်ဆိုးဒေါသထွက်ခဲ့ကြပြီး ဆေးရုံတွင်း လူထုအုံကြွမှု ဖြစ်ခဲ့ပါတယ်။
ဒီအဖြစ်အပျက်ဟာ အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ ဥတ္တရာပရာဒေ့ရှ်ပြည်နယ်၊ ကမ်ပူရှ်မြို့၊ ဂျာဂရီတီဆေးရုံမှာ ဖြစ်ခဲ့တာလို့ မေရာသတင်းမှာ ဇွန်လ ၂၂ ရက်နေ့က ဖော်ပြပါတယ်။
ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ဆေးရုံဝင်းထဲကို ဝင်ရောက်ဖို့ ကြိုးစားနေကြတဲ့ လူအုပ်စုကြီးနဲ့ နံပါတ်တုတ်ကိုင် ရဲတွေကြား ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ကြတာကို တွေ့ရပါတယ်။
ရဲတွေဟာ လူအုပ်စုကြီးကို တားဆီးနေပေမယ့် သူတို့က ရဲတွေကို ကျောက်ခဲတွေနဲ့ ပစ်ပေါက်ပြီး တိုက်ခိုက်ခဲ့ကြတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
ရဲအရာရှိတဦးဆိုရင် မြေပြင်ပေါ်မှာ ထိုးနှက်ကန်ကျောက်ခံခဲ့ရပြီး လူအုပ်စုကြားမှာ မေ့မြောသွားခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ဒီအဖြစ်အပျက်ဟာ အသက် ၁၇၊ ၁၈ အရွယ်လောက်ရှိမယ့် အက်ကန်ရှာ အမည်ရတဲ့ မိန်းကလေးဟာ အထူးကြပ်မတ်ကုသဆောင်တွင်းမှာ အဓမ္မပြုကျင့်ခံခဲ့ရတယ်ဆိုတဲ့ သတင်းတွေ ပျံ့နှံ့ခဲ့အပြီးမှာ ဆူပူအုံကြွခဲ့ကြတာပါ။
အက်ကန်ရှာဟာ ပါတီတခုမှာ ဖျားနာပြီး သတိလစ် မေ့မြောသွားခဲ့ရာကနေ ဆေးရုံကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ကုသမှုခံယူနေသူ ဖြစ်ပါတယ်။
သူ့ကို အဲဒီညမှာပဲ မူးယစ်ဆေးတမျိုးမျိုး တိုက်ခံခဲ့ရပြီး ဆေးရုံတာဝန်ကျအဆောင် ဝန်ထမ်း၊ ဒါမှမဟုတ် သူနာပြုအကူဝန်ထမ်း တယောက်ယောက်က အဓမ္မပြုကျင့်ခဲ့တာလို့ ပြောပါတယ်။
“ကျမကို အိုင်စီယူထဲ ပြောင်းရွှေ့ထားပြီးတဲ့အခါ ကျမအမေက အဝတ်လဲပေးခဲ့တယ်။ အဲဒီညနှောင်းပိုင်းမှာ တာဝန်ကျအမျိုးသားဝန်ထမ်းတယောက် ရောက်လာပြီး ကျမ အဝတ်တွေက စိုနေလို့ လဲဖို့ လိုတယ်လို့ ပြောခဲ့တယ်။ ကျမက သူနာပြု၊ ဒါမှမဟုတ် အမေကို ခေါ်ပေးဖို့ ပြောပေမယ့် သူက ငြင်းခဲ့တယ်။ အမေကလည်း ပါတီကို ပြန်သွားခဲ့ပြီး ဘယ်သူမှ မရှိတော့ဘူးလို့ ပြောပါတယ်။ အဲဒီနောက်တော့ ကျမကို မရှက်ဖို့ပြောပြီး ရေချိုးခန်းထဲ ခေါ်သွားတနယ်။ သူ့ရှေ့မှာ အဝတ်လဲတယ်။ အဲဒီနောက် သူက ကျမခန္ဓာကိုယ်ကို ထိကိုင်ဖို့ ကြိုးစားတယ်။ ကျမ အိပ်ရာဆီ ထွက်ပြေးခဲ့တော့ သူလည်း ထွက်သွားခဲ့တယ်။ ဒါပေမယ့် သူ နောက်တကြိမ် ပြန်ဝင်လာပြီး ကျမကို ဆေးသွင်းပေးခဲ့တယ်။ အဲဒါက ကျမကို အိပ်ပျော်သွားစေတာပဲ။ ဒါကို အခွင့်ကောင်းယူပြီး သူ ကျမကို အဓမ္မပြုကျင့်ခဲ့တာပဲ။ ကျမ တခုခု မှားယွင်းနေမှန်းသိပေမယ့် ထိုးသွင်းခံထားရတဲ့ မူးယစ်ဆေးကြောင့် ဘာမှ မတတ်နိုင်ခဲ့ပါဘူး။”
လက်ရှိမှာတော့ ပြစ်မှုကျူးလွန်သူနဲ့ သံသယဖြစ်ဖွယ် တယောက်ယောက်ကိုမှ မသိရသေးဘဲ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ရဲတွေက စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေသလား ဆိုတာကိုတော့ သတင်းမှာ မဖော်ပြထားပါဘူး။
=============
DVB TV News
ရုပ်သံဖိုင် ကြည့်ရှုရန်

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...