Club မှတစ်ဆင့် KTV သို့ သွားသည့် ပန်းတိမ်ဆရာ တစ်ဦး မိန်းမလျာနှစ်ဦးနှင့်အတူ ပျောက်ဆုံးနေ





လမ်းမတော်မြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ ရွှေတောင်တန်းလမ်းရှိ ပန်းထိမ်လုပ်ငန်းတစ်ခုတွင် ပန်းထိမ်ဆရာအဖြစ် လုပ်ကိုင်နေသူ အသက် ၃၈ နှစ်အရွယ် ပန်းထိမ်ဆရာတစ်ဦး သည် အလုံမြို့နယ်ရှိ Sky Way ကလပ်မှ လမ်းမတော်မြို့ နယ်ရှိ KTV ဆိုင်သို့ သွားရင်း ဆိုင်အနီးရှိ လမ်းတွင် ပျောက်ဆုံးသွားကြောင်း မိသားစုထံမှ သိရသည်။
အဆိုပါ ပျောက်ဆုံးသွားသူမှာ ကိုမျိုးမင်းအောင်(ခ) အောင်ချေဖြစ်ပြီး ဇနီး၊ သားတစ်ဦး၊ သမီးတစ်ဦး ရှိကြောင်း ပန်းထိမ်လုပ်ငန်းတွင် ၀င်ရောက်လုပ်ကိုင်ခဲ့ရာ ၎င်းလုပ်ကိုင်သည့် ရွှေပန်းထိမ်လုပ်ငန်းနှင့် ပတ်သက်၍ ဂုဏ်ပြုခံရသူဖြစ်ကြောင်းလည်း သိရသည်။
" ကျွန်တော့်ကို ပြောသွားတာက တပည့်တွေနဲ့ ကလပ် သွားမယ်။ တကယ်လို့ သူ ဂျပန်ကို သွားဖြစ်ခဲ့ရင် မြန်မာပန်းထိမ်လုပ်ငန်းအတွက် အတော်ကံဆိုး သွားမှာပါဆိုတဲ့ စကားလုံးက ပန်းထိမ်အသိုင်းအ၀ိုင်းမှာ လှုပ်ခတ်သွားတယ်။ သေချာစဉ်းစားမိတာ သူ့ မှာ ရန်ပြုမယ့်သူ မရှိဘူး " ဟု ပျောက်ဆုံးသူ၏ မိသားစုဝင်ဖြစ်သူ ကိုမျိုးမင်းထွန်းက အကုန်သိ သတင်းဌာန ကို ပြောသည်။
အဆိုပါပျောက်ဆုံးသူမှာ ဧပြီလ ၂၈ ရက် ညနေပိုင်း ကတည်းက တပည့်များနှင့်အတူ အလုံမြို့နယ်ရှိ Sky Way ကလပ်ကို သွားခဲ့ပြီး ယင်းမှတစ်ဆင့် လမ်းမတော်မြို့ နယ်ရှိ KTV ဆိုင်သို့ သွားရာ ဆိုင်ရှေ့ လမ်းမတွင် မိန်းမလျှာနှစ်ဦးအတူ စကားပြောနေသည် ကို မြင်ရပြီးနောက် ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ မပျောက်ဆုံးမီဧပြီလ ၂၉ ရက် နံနက် ၁ နာရီခန့်အချိန်တွင် နေအိမ်ပြန်လာရန် ခေါ်ဆောင်သူများအား "တခြားမိတ်ဆွေနဲ့ တွေ့လို့ လိုက်သွားဦးမယ်၊ မင်းတို့ပြန်နှင့် ” ဟု ဖုန်းဆက်ပြောပြီး အဆက်အသွယ်အပြတ်သွားခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းမှစ၍ မေလ ၆ ရက်အထိ ရှာဖွေတွေ့ရှိမှု မရှိသေး ခြင်းဖြစ်ကြောင်း သိရသည်။
“ ကျွန်တော်တို့ စခန်းကို လူပျောက်လာတိုင်ထားပါတယ်။ ကလပ်အတွင်းမှာရှိတဲ့ CCTV ကနေတစ်ဆင့် လိုက်ရှာဖွေနေပါတယ် " ဟု လမ်းမတော်မြို့မ ရဲစခန်းတာဝန်ရှိသူ တစ်ဦးက အကုန်သိသတင်းဌာနကို ပြောသည်။
ပျောက်ဆုံးမှုနှင့်ပတ်သက်၍ မေလ ၂ ရက်တွင် လမ်းမတော်မြို့နယ် ရဲစခန်းက လူပျောက်အမှတ်စဉ် ၇/၁၇ ဖြင့် အမှုကို လက်ခံ ဆောင်ရွက်ထားပြီး ပြန်လည် တွေ့ရှိနိုင်ရန် ကလပ်အတွင်းရှိ CCTV မှတ်တမ်းများကို စစ်ဆေးခြင်း၊ တိုင်း ခရိုင်ရဲတပ်ဖွဲ့များနှင့် ပူးပေါင်း စုံစမ်း ရှာဖွေမှုလုပ်ဆောင်နေကြောင်း လမ်းမတော်မြို့မ ရဲတပ်ဖွဲ့ထံမှ သိရသည်။
ဆက်စပ်သတင်းအရလည်း ပျောက်ဆုံးသူ အမျိုးသား နှင့်အတူ မိန်းမလျာနှစ်ဦးလည်း ပျောက်ဆုံးနေပြီး မိန်းမလျာနှစ်ဦး၏ အသိုင်းအ၀ိုင်းဘက်ကလည်း လူပျောက်တိုင်ကြားထားကြောင်း ကြားသိရသည်။
------- မြင့်မိုရ်မေ --------

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...