ကိုယ့်မိန်းမ နဲ့ကိုယ် အတူနေချင်လို့ ယောက္ခမအိမ် ထမင်းလခ ပေးစားရသလိုပဲ

ဟာ. . . . တက္ကစီပေါ်က ဆင်း လာတာ ဘကြီးချက်စူ မဟုတ်လား ဆရာတောလို့ တပည့် ကျော် ဗလပိစိ လှမ်းပြောသဗျ။ တပည့် ကျော် ဗလပိစိ ပြောသံကြားတော့ ကျုပ် မိန်းမ စွာကျယ်မကလည်း အိမ်ပေါက်ဝ ထွက်ကြည့်တာပေါ့။ နောက်ပြီးမှ ကိုကို ရေ ဟုတ်တယ်တော့ဆိုပြီး အပြေး သွား ကြိုတာပေါ့။ ဒီတော့ ကျုပ်လည်း ဘကြီး ချက်စူ အထုပ်အပိုးတွေ ပြေးဆွဲရတာပေါ့။ ကျုပ်အိမ်ရောက်နေတဲ့ တရားလွှတ်တော် ရှေ့နေ နိုင်ပီတို့၊ ရဲပြုတ်တင်လှတို့ကအစ အလုပ် ရှုပ်ကုန်ကြတာပေါ့ဗျာ။

စွာကျယ်မကတော့ ဘကြီးချက် စူ ခရီးရောက်မဆိုက် ရန်ကုန်လာမယ့် အကြောင်း ကြိုပြီးဖုန်းမဆက်လို့ ပြစ်တင် ဆူပူတာပေါ့။ ဘကြီးချက်စူကတော့ အေး ဆေးပါပဲ။

အမလေး စွာကျယ်မရယ် ဖြည်းဖြည်းပြောပါဟ။ ဘကြီးချက်စူ ပြော တာလည်း နားထောင်ပါဦးဟလို့ ပြော တယ်ဗျ။ ကျုပ်ကလည်း ကျုပ်မိန်းမကို ထောက်ခံတဲ့အနေနဲ့ ဟုတ်သားပဲ ဘကြီး ချက်စူရာ ဖုန်းကြိုဆက်ထားရင် ကျွန်တော် လာကြိုမှာပေါ့လို့ ပြောလိုက်တယ်လေ။
မင်းတို့ လင်မယားကသာ ဖုန်း ကြိုဆက်လို့ ပြောနေတာ ဘကြီးချက်စူ ဖုန်းက ဆက်လို့ မရတော့ပါဘူးကွာလို့ ပြောတော့ တပည့်ကျော်ဗလပိစိက ဘကြီး ချက်စူဖုန်းက ပျက်သွားလို့လား ဝင်မေး တယ်ဗျ။ အဲဒီမှာ ဘကြီးချက်စူက ဖုန်း က မပျက်ပေါင်ဗျာ။ ဆင်ကတ်ဆိုလား ဆင်းမ်ကတ်ဆိုလား မှတ်ပုံမတင်မိလို့ဟေ့၊ မှတ်ပုံမတင်မိလို့တဲ့ဟ။ မင်းတို့ခေတ်က လည်း ရှုပ်ပါတယ်ကွာ။ အခုတစ်မျိုး တော် ကြာတစ်မျိုးပဲဟ။ အရင်အစိုးရက ဖုန်း ကတ်တွေကို မှတ်ပုံမတင်ဘဲနဲ့ ရောင်၊း အခုအစိုးရက မှတ်ပုံတင်ခိုင်းနဲ့လို့ ပြော တော့ ကျုပ်က ဘကြီးချက်စူရယ် ဘာလို့ မှတ်ပုံမတင်တာလဲ မေးမိပါတယ်ဗျာ။ ကျုပ်မေးမှ ပိုဆိုးသွားတော့တာပဲ။

မောင်တောရ ဘကြီးချက်စူက ဘယ်လိုလုပ် မှတ်ပုံတင်တတ်မှာလဲကွာ။ ဘကြီးချက်စူ မှတ်ပုံတင်တောင်မှ ဟိုခေတ်က လုပ်ထားလို့ကွ ပြန်ပြောတယ်ဗျ။ တပည့်ကျော် ဗလပိစိကတော့ ဘကြီး ချက်စူရာ ကိုယ်မတင်တတ်လည်း ရွာက ကလေးတွေ တင်ခိုင်းပေါ့ဗျာ ပြောတော့ ခိုင်းတာပေါ့ မောင်ဗလပိစိရယ် သူတို့က ဟုတ်ကဲ့ တင်ပေးမယ်။ တစ်ယောက်ကလည်း တင်ပေးမယ်နဲ့ ဖုန်းပွတ်တာနဲ့ အချိန်ကုန်ပြီး မေ့သွားလို့ ရက်လွန်သွားတာ ဟေ့လို့ ပြောတယ်။ ဒီတော့ ကျုပ်မိန်းမ စွာကျယ်မက ဒါများ ဘကြီးချက်စူရယ် ကလေးတွေဆီက ခဏယူပြီး ဆက်လို့ရ တာပဲတော် ဆိုတော့ စွာကျယ်မရယ် ညည်း ပြောတော့ လွယ်လိုက်တာ တစ်ရွာလုံးက လူငယ်တွေက ဖေ့စ်ဘွတ်ခ်ရူး၊ ချတ်ရူးနဲ့ ဝီချတ် ရူးတွေဟ။ ဘကြီးချက်စူ ဖုန်းငှား မှာစိုးလို့ မမြင်ချင်ယောင်ဆောင်တဲ့သူနဲ့ မကြားချင်ယောင်ဆောင်တဲ့သူနဲ့ ပုန်းနေ တဲ့သူတောင် ရှိသဟ။ တို့တစ်ရွာလုံးက ကလေးတွေလည်း ဘာဖြစ်နေလဲ မသိပါ ဘူးဟာ ဖုန်းပွတ်ခနဲ့ မွဲနေကြပြီဟ။ မွဲဆေး ဖော်နေကြတာ ဖေ့စ်ဘွတ်ခ်ပယောဂ ဝင် နေကြတာပေါ့လို့ ပြောတယ်ဗျ။

ကျုပ်မိန်းမ စွာကျယ်မက ဘကြီးချက်စူက ဖေ့စ်ဘွတ်ခ် ပယောဂလို့ ပြောတော့ အံ့သြသွားတာပါ။ ကိုဗလပိစိ ကလည်း ဖေ့စ်ဘွတ်ခ်ပယောဂဝင်လို့ သူ့မိန်းမက ကုပေးထားတာ မကြာသေးဘူး တော့ပြောမှ သြော်... သြော်... ဆိုပြီး တအံ့တသြ ဖြစ်နေတာပေါ့ဗျာ။ နောက်ပြီးမှ အင်း ဒီဖေ့စ်ဘွတ်ခ်ပယောဂလည်း တစ်နိုင်ငံလုံး ကူးစက်ရောဂါလို ဖြစ်နေပါ ပြီကွယ်လို့ ညည်းညူရင်း ပြောရှာပါတယ်။

ဘကြီးချက်စူက ဆက်ပြီး မောင်ဗလပိစိရေ ဒါနဲ့ ဘာသတင်းတွေ ထူးသေးလဲကွယ်လို့ ထပ်မေးတာပေါ့။ ဘကြီးချက်စူအမေးက လာတိုင်း မေးနေ ကျမို့ ဘာမှမထူးဆန်းပေမယ့် ဖေ့စ်ဘွတ်ခ် ပြတ်သွားတဲ့ တပည့်ကျော်ဗလပိစိက မျက် လုံးလေး ကလယ်ကလယ်နဲ့ပေါ့ဗျာ။ ဒီ တော့ ကျုပ်ကပဲ ဘကြီးချက်စူရေ ဗလ ပိစိကို ဘာသတင်းထူးလဲ မမေးနဲ့တော့ ဗျ။ သူ့ဖေ့စ်ဘွတ်ခ် ပြတ်သွားပြီဗျလို့ ဝင် ဖြေလိုက်ရတယ်။ ဒါတောင် ဘကြီးချက်စူ တပည့်ကျော်ဗလပိစိ ဖေ့စ်ဘွတ်ခ်ပြတ် တာ မယုံလို့ ဟုတ်မှဟုတ်ရဲ့လား မောင် ဗလပိစိရယ် ဖေ့စ်ဘွတ်ခ်ရောဂါက ဘိန်း ထက် စွဲဆိုလို့ မေးတယ်ဗျ။

ကျုပ်တို့ပြောတာကို နားထောင် နေတဲ့ ကျုပ်သူငယ်ချင်းရှေ့နေ နိုင်ပီက ဘကြီးချက်စူက ဘာသတင်းတွေ ကြား လို့လဲလို့မေးတော့ သြော်... သမ္မတကြီး လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ လယ်သမား တွေပါ ပါတယ်ဆိုလားလို့ပါကွယ်လို့ ပြော တယ်။ လယ်သမားတွေက ထွန်တုံးတိုက် ပွဲလုပ်တာ ဘာပုဒ်မတွေက ထောင်ကျ တာလဲ မသိလို့ အမေးစကား ဆက်ပြော တယ်ဗျ။

ရဲပြုတ်တင်လှက ဘကြီးချက်စူ ပြောတဲ့ သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်ထဲ မှာ လယ်သမားတွေပါ ပါတယ်ဆိုတာ ဟုတ် ပါတယ် ဘကြီးချက်စူ။ အကုန်လုံးတော့ မဟုတ်ဘူးဗျ။ စဥ့်ကိုင်မြို့နယ် စွန်ရဲအင်း က တောင်သူငါးဦး ပါတယ်။ နှစ်ဦး ကျန် နေသေးတယ်။ နောက်ပြီး ရှမ်းမြောက် နောင်ချိုမြို့နယ်ထဲက ထောင်ဒဏ် ဆယ့် ခြောက်လစီ ထောင်ကျနေတဲ့ လယ်သမား ကြီးတွေတော့ မပါသေးဘူးလို့ ပြောပြတယ်။

ဘကြီးချက်စူက ဥပဒေအ ကြောင်း နားမလည်တော့ ထွန်တုံးတိုက် ပွဲ လုပ်တာ ဘာပုဒ်မတွေနဲ့ ချတာလဲလို့ ထပ်မေးတော့ ဥပဒေနားလည်တဲ့ ရှေ့နေ နိုင်ပီကပဲ ၄၄၇၊ ၄၂၇၊ ၁၉၄ တို့နဲ့ တရား စွဲ ထောင်ချတာ ဘကြီးချက်စူလို့ ဝင်ဖြေ တယ်။ ဘကြီးချက်စူကတော့ ရှေ့နေနိုင်ပီ ရွတ်ပြတဲ့ ဂဏန်းတွေကို ချဲဂဏန်းလို့တောင် ထင်မိမလား မသိဘူးဗျ။ သူနားမလည် တော့ ထပ်မေးတာပေါ့။

ကျုပ်သူငယ်ချင်း ရှေ့နေနိုင်ပီ လည်း နောက်မှ သဘောပေါက်ပြီး ဒီလို ဘကြီးချက်စူရေ ပုဒ်မ ၄၄၇ ဆိုတာက ရာဇဝတ်မှုမကင်းတဲ့ ကျော်နင်းမှုအတွက် ပြစ်ဒဏ်၊ ပုဒ်မ ၄၂၇ က အဖိုးငါးဆယ် ကျပ်အောက်မနည်း ပျက်စီးနစ်နာစေတဲ့ အကျိုးဖျက်ဆီးမှုပေါ့။ အဲဒီပုဒ်မ ၁၉၄ ဆို တာကတော့ မဟုတ်မမှန် သက်သေခံ ဖန်တီးတဲ့ ပြစ်ဒဏ်တွေပေါ့။ ဘကြီးချက်စူ ရယ်လို့ ရှင်းပြတယ်ဗျ။ ဒါက စွန်ရဲအင်း က လယ်သမားတွေကို စွဲတဲ့ ပြစ်ဒဏ်တွေ ဗျ။ နောင်ချိုက လယ်သမားတွေကျတော့ ပုဒ်မ ၄၄၇၊ ၄၂၇၊ ၂၉၄၊ ၅ဝ၆ ပုဒ်မတွေ နဲ့ တရားစွဲတာ ထောင်ဒဏ် ဆယ့်ခြောက် လစီ ကျတယ်ဗျ။ အားလုံးပေါင်း ဆယ် ဦးပေါ့။ ဘကြီးချက်စူလို့ပြောတော့ ကျုပ် က ဘကြီးချက်စူ မမေးခင်မှာပဲ ၂၉၄ နဲ့ ၅ဝ၆ ကို ရှင်းပြခိုင်းရတယ်။

 အေးကွ ငါသတိလွတ်သွား တယ်။ ဒီလိုဗျ ဘကြီးချက်စူရ ပုဒ်မ ၂၉၄ ဆိုတာက အရပ်စကားနဲ့ ပြောရရင် ဆဲမှု ပေါ့ဗျာ။ ပုဒ်မ ၅ဝ၆ ဆိုတာကတော့ ရာ ဇဝတ်မှုမကင်းတဲ့ ခြောက်လှန့်မှုအတွက် ပြစ်ဒဏ်ပေါ့။ ရှင်းရှင်းပြောရရင် သတ် ပစ်မယ်တို့ ဘာတို့ ပြောလို့ပေါ့ ဘကြီး ချက်စူရယ်လို့ ရှင်းပြပါတယ်။

ဘကြီးချက်စူက ကျုပ်သူငယ် ချင်း ရှေ့နေနိုင်ပီ ရှင်းပြတာကို ခေါင်း တညိတ်ညိတ်လုပ်ရင်း အင်း... မောင် နိုင်ပီ ရှင်းပြတာတော့ နားလည်ပါတယ် ကွယ်။ အခုဟာက ကိုယ့်လယ်ယာမြေတွေ ကို အစိုးရက သိမ်းတယ်။ ပိုင်ရှင်တွေကို သီးစားပြန်ချတယ်။ ပိုင်ရှင်မဟုတ်တဲ့ သူ တွေကို သီးစားချတယ်။ နောက်ပြီး ဘာမှ မလုပ်ဘူး။ သိမ်းထားတဲ့မြေတွေကို ပလပ် ထားတယ်လေ။ အဲဒီတော့ ကိုယ်ပိုင်တဲ့ လယ်ယာမြေထဲမှာ သီးနှံတွေ ဝင်စိုက်တာ ပေါ့။ အဲဒါကို ထွန်တုံးတိုက်ပွဲလို့ ခေါ်တာ ပေါ့။ ကိုယ်ပိုင်တဲ့ လယ်မြေတွေကို ပုဂ္ဂလိ ကတွေ အကျိုးစီးပွားအတွက် သီးစားချ ငှားစားတယ်။ ဘာမှမစိုက်ဘဲထားလို့ ဝင် စိုက်တာကွာ။ အဲဒါကို ကျော်နင်းမှုတို့ အ ကျိုးပျက်စီးမှုတို့နဲ့ တရားစွဲတာ မပြင်းထန် လွန်းဘူးလားကွာ။ အမှန်က ဒါတွေက ဒီလယ်မြေတွေက သူတို့ ဘိုးဘွားဘီဘင် ဓားမဦးချလုပ်ခဲ့တဲ့ လယ်မြေတွေလေကွာ။ အသုံးမလိုရင် ပြန်ပေးပေါ့။ ကိုယ်မသုံးဘဲ သူများငှားစားတယ်။ ဒီအတိုင်း ဘာမှ မစိုက်ဘဲ ပလပ်ထားလဲကွာ။ မောင်နိုင်ပီ ရေ ဘကြီးချက်စူ အမြင်တော့ ဒါ... မတရားဘူးလို့ပဲ မြင်တယ်ကွဲ့လို့ လယ်သ မားခံစားချက်နဲ့ ပြောတယ်ဗျ။

ကျုပ်သူငယ်ချင်း ရှေ့နေနိုင်ပီ ကတော့ ဥပဒေသမားဆိုတော့ ဥပဒေ စကားပဲ ပြောတာပေါ့ဗျာ။ ဒီလိုဗျ ဘကြီး ချက်စူရ။ ဥပဒေအရကတော့ တရားလို၊ တရားခံတွေရဲ့ သက်သေ ထွက်ဆိုချက် တွေအပေါ် တရားသူကြီးက သူ့ရဲ့ ဆင် ခြင်တုံတရားနဲ့ ပြစ်ဒဏ်ချတာပေါ့လို့ ပြော ချလိုက်တယ်။ အဲဒီမှာ ဘကြီးချက်စူဆီက တုံ့ပြန်စကားကို ချက်ချင်း ကြားရတော့ တာပဲဗျို့။

ဒီမှာ မောင်နိုင်ပီတို့ လယ်သ မားတွေဆိုတာ ဥပဒေတွေ ဥပဒက်တွေ နားမလည်ပါဘူးကွယ်။ အစိုးရက တရား စွဲရင် သက်သေက သူတို့ဝန်ထမ်းတွေကွဲ့။ ပုဂ္ဂလိကကုမ္ပဏီတွေက တရားစွဲရင်ရော သက်သေတွေက သူတို့ဝန်ထမ်းတွေ၊ သူ တို့လူတွေလေ ဒီတော့ အဲဒီအမှုမှန် ပေါ် ပေါက်ပါ့မလားကွယ်။ နောက်ပြီး မင်းတို့ တရားသူကြီးတွေ ဆင်ခြင်တုံတရားနဲ့ အ မိန့်ချတာကလည်း ကိုယ့်သဘောနဲ့ ကိုယ် ပြောသမျှ ချသမျှအမိန့်က အမှန်ပဲလေ ကွယ်။ ဥပဒေဆိုတာ ဘကြီးချက်စူ ကြား ဖူးတာကတော့ သရေကွင်းလိုပဲ။ စပရိန် လိုပဲ ချုံ့လို့ချဲ့လို့ ရသတဲ့ကွယ်လို့ ဘကြီး ချက်စူက ပြောတော့ ကျုပ်သူငယ်ချင်း ရှေ့နေနိုင်ပီခင်ဗျာ ခေါင်းကုတ်ပြီး ဘာမှ ဆက်မဖြေတော့ပါဘူး။

တပည့်ကျော် ဗလပိစိကတော့ ကြုံတုန်း ဘကြီးချက်စူဘက်ကနေ နိုင်ပီ ကို ဆွမ်းကြီးဝင်လောင်တာပေါ့။ အေးဗျ ဘကြီးချက်စူပြောတာ မှန်တယ်ဗျ။ ကျုပ် တောင် တစ်ခါတုန်းက ကံကောင်းလို့ ထောင်မကျတာဗျ။ ကျုပ်မိန်းမနဲ့ ရန်ဖြစ် တာဗျ။ ကျုပ်ယောက္ခမအထီး၊ အစ်မ တစ် မျိုးလုံး သက်သေလိုက်ပြီး မဟုတ်တရုတ် တွေ သက်သေဝိုင်းထွက်ကြတာဗျ။ ကျုပ် မိန်းမက အမှုပြန်ရုပ်သိမ်းလို့ ထောင်မကျ တာ၊ မမှန်သက်သေ လုပ်တာပေါ့ဗျာ။ ကျုပ် ရှေ့နေက မမှန်သက်သေလုပ်တာကို ပြန် ပြီးတရားစွဲတော့ တရားသူကြီးက ပလပ် တယ်လေဗျာ။ ဥပဒေကရှုပ်၊ တရားရုံးက လည်း ယုတ်နဲ့မစွံပါဘူးဗျာလို့ ဝင်ပြော သဗျ။

ကျုပ်တပည့်ကျော် ဗလပိစိ စ ကားဆုံးတော့ ဘကြီးချက်စူက လယ်သ မားတွေဘဝက မလွယ်ပါဘူးကွယ်။ စား နေတဲ့ ထမင်းလုပ် ပုတ်ချခံရရုံမကဘူး။ ကျသွားတဲ့ ထမင်းလုပ် ပြန်ကောက်စား လို့ မရတဲ့ဘဝ၊ အဆိုးဆုံးက ကိုယ်ပိုင်တဲ့ ပစ္စည်း ကိုယ်ပြန်ငှားရသလို ကိုယ့်မိန်းမ နဲ့ကိုယ် အတူနေချင်လို့ ဘယ်အချိန်နှင် ချမယ်မှန်းမသိတဲ့ ယောက္ခမအိမ် ထမင်း လခ ပေးစားရသလိုပဲတဲ့ ကောင်းရော ဗျို့...ကောင်းရော...      

Credit: Yangon Media

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...