
မန္တလေး ဖေဖော်ဝါရီ ၂၇
(ဝဝ၂)
===============================================

The Mirror Daily

မန္တလေး ဖေဖော်ဝါရီ ၂၇
မန္တလေးသင်္ကြန်အား ရေမဖြုန်းတီးသော ရိုးရာသင်္ကြန်ဖြစ်အောင် ဖော်ဆောင် သွားမည်ဖြစ်ပြီး အလှပြကားပြိုင်ပွဲ ပါဝင်တော့မည်မဟုတ်ကြောင်း မန္တလေး မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။
''အရင်တုန်းက ရိုးရာသင်္ကြန်မျိုးကို ဖော်ဆောင်ချင်ပါတယ်။ ရေမဖြုန်းတဲ့ သင်္ကြန်မျိုးကို ဖော်ဆောင်ချင်တာပါ။ အဲဒီလိုဖြစ်လာဖို့အတွက် မြို့တော်သူ မြို့တော်သားတွေ ပါဝင်မှ အောင်မြင်မှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ မြို့ထဲမှာ သင်္ကြန်မဏ္ဍပ်တွေကို တစ်ခေတ်တစ်ခါက လုပ်ခဲ့ကြသလိုမျိုး လုပ်စေချင်ပါတယ်။ နောက်ပြီး ဒီနှစ်မှာ အလှပြကားပြိုင်ပွဲတွေ ရှိတော့မှာ မဟုတ်တော့ဘူး။ သံချပ် အဖွဲ့တွေကိုတော့ အားပေးဖို့အစီအစဉ်ရှိပါတယ်''ဟု စည်ပင်ကော်မတီဝင် ဦးကျော်ရင်မြင့်က ပြောသည်။
ရေကစားမဏ္ဍပ်များကို အရေအတွက် လျှော့ချသွားမည်ဖြစ်ကာ ကျုံး တောင်ဘက်တွင် မဏ္ဍပ်နှစ်ခုနှင့် ကျုံးအရှေ့ဘက်၊ အနောက်ဘက်၊ မြောက်ဘက် တွင် လေးခုစီသာခွင့်ပြုသွားမည်ဖြစ်သည်။ ကျုံးတောင်ဘက်ခြမ်းကိုလည်း ယာဉ်ဝင်ခွင့်ပိတ်သွားမည်ဖြစ်ပြီး လမ်းလျှောက်ရေကစားနိုင်ရန် စီစဉ်သွားမည် ဖြစ်ကာ မြန်မာဆန်သည့် သင်္ကြန်ကို ဖော်ဆောင်သွားမည်ဖြစ်သည်။
''ကျုံးရဲ့အရှေ့၊ အနောက်၊ မြောက်ဘက်တွေကို ရေကစားမဏ္ဍပ်ခွင့်ပြုမယ်။ ဒါပေမယ့် အရင်လိုအနားယူခန်းတွေ ပါတာမျိုးကိုတော့ စိစစ်တင်းကျပ်သွားမယ်။ လူငယ်တွေအတွက် ပျော်ပါးနိုင်ဖို့အတွက် မနော်ရမ္မံကွင်းဘက်မှာ စီစဉ်ပေးထား မယ်။ မြို့ထဲမှာ သင့်တော်တဲ့နေရာတွေမှာလည်း လူငယ်တွေ ရေကစားလို့ ရအောင် စီစဉ်ပေးမှာပါ''ဟု စည်ပင်ကော်မတီဝင် ဦးကျော်ရင်မြင့်က ပြောသည်။
မန္တလေးမြို့တော်သင်္ကြန်မဏ္ဍပ်တွင် ယခင်ကကဲ့သို့ စတိတ်ရှိုးအဆိုတော် တွေမပါဝင်တော့ဘဲ မြန်မာမှု အဆို၊ အကများဖြင့်စီစဉ်ထားရှိရာ စည်ပင် တေးဂီတအဖွဲ့၊ စိန်ဒူးဝါးဦးဆောင်သည့် မြန်မာ့ဆိုင်းပညာရှင်တွေနဲ့အတူ လူရွှင်တော်များ ပါဝင်မည်ဖြစ်သည်။ မြန်မာဆန်သည့် သီချင်းများဖြင့် ဖျော်ဖြေ ခြင်း၊ လူရွှင်တော်များ၏ ဟဒယရွှင်ဆေး တိုက်ကျွေးခြင်း၊ သင်္ကြန်ယိမ်းအက အလှများဖြင့် ဖျော်ဖြေခြင်း အစရှိသည့် အစီအစဉ်ပေါင်းများစွာပါဝင်ကာ မြန်မာ့ရိုးရာသင်္ကြန်ဖြစ်ရန် ဖော်ဆောင်သွားမည်ဖြစ်သည်။
''ဦးတို့ ငယ်ငယ်က ကျုံးဘေးမှာ ကားပိတ်နေတာမျိုးမရှိဘူး။ ရေကစား မဏ္ဍပ်၊ ဖျော်ဖြေရေးမဏ္ဍပ်တွေကလည်း တစ်မြို့လုံးအနှံ့ရှိတယ်။ မနက် ရေကစားမဏ္ဍပ်တွေမှာ ရေကစားပြီး ညပိုင်းမှာ ဖျော်ဖြေရေးတွေ လိုက်ကြည့် တာပေါ့။ ဒီဘက်နှစ်တွေမှာ ကျုံးဘေးက တိုးမပေါက်အောင်စည်လာတယ်။ ကားတွေပိတ်ပြီး သွားလို့ မရအောင်ထိပဲ။ နောက်ပြီး သင်္ကြန်က ကျုံးဘေးမှာပဲ ရှိတော့တယ်။ မြို့ထဲမှာ ကလေးတွေရေကစားတာကလွဲပြီး ခြောက်ကပ်နေတာ။ ဦးတို့ ငယ်ငယ်က သင်္ကြန်ကိုပဲ လွမ်းမိပါတယ်''ဟု အသက် (၆ဝ)အရွယ်ခန့်ရှိ ဦးမျိုးမျိုးက ပြောသည်။
(ဝဝ၂)
credit to မန္တလေးသင်္ကြန်အား ရေမဖြုန်းတီးသော ရိုးရာသင်္ကြန်ဖြစ်အောင် ဖော်ဆောင်မည်

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...