ရုပ်ရှင်အစည်းအရုံးဥက္ကနှင့်တကွ အနုပညာရှင်များစွာ အခွန်ရှောင်နေကြ
(၁)
၂၀၁၄ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်အတွက် အကယ်ဒမီ ထူးချွန်ဆုပေးပွဲမှာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ လူမင်း (ဦး) ရဲ့ အဖွင့်အမှာစကားမှာ ၀ိဝါဒ ကွဲပြားဖွယ် ပြောကြားချက်တွေ ပါဝင်ခဲ့ပါတယ်။
NLD အစိုးရရဲ့ သမ္မတကြီးနဲ့ လွှတ်တော်အမတ်တွေကို စောင့်ကြည့်သွားမယ်ဆိုတဲ့ ဦးလူမင်းရဲ့ ပြောကြားချက်အချို့ကို ပြန်လည်ဖော်ပြရမယ်ဆိုရင် ဦးလူမင်းအနေနဲ့ ပြောခဲ့တာတွေက “မြန်မာနိုင်ငံရဲ့ ထင်ရှားတဲ့ နိုင်ငံရေးဖြစ်စဉ်တိုင်းမှာ ကျွန်တော်တို့ အနုပညာရှင်တွေက တစ်ခန်းတစ်ကဏ္ဍ အနေနဲ့ အရေးပါ အရာရောက်စွာ ပါဝင်ပေးခဲ့တယ်ဆိုတာ အားလုံးအသိပါ။ ပြီးခဲ့တဲ့ သမိုင်းဝင်ရွေးကောက်ပွဲမှာ ‘ပြောင်းလဲချိန်တန်ပြီ’ ဆိုတဲ့ ဆောင်ပုဒ်နဲ့ ကြွေးကြော်တဲ့နေရာမှာ ကျွန်တော်တို့ အနုပညာရှင်တွေ ပံ့ပိုးကူညီမှုက အရေးပါခဲ့တယ်ဆိုတာ ထင်ဟပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ကျွန်တော်တို့ ဖြစ်စေချင်တဲ့ ပြည်သူ့အစိုးရဆိုတာ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ ဒီမိုကရေစီအစိုးရသစ် လက်ထက်မှာလည်း ဒီမိုကရေစီရဲ့ စံချိန်စံညွှန်းနဲ့ ချင့်ချိန်ပြီး အခုတက်လာတဲ့ ဒီမိုကရေစီ အစိုးရကို ပြည်သူလူထုနဲ့အတူ စောင့်ကြည့်နေဦးမှာပါ။ နိုင်ငံတော်သမ္မတကြီးကစလို့ လွှတ်တော်အမတ်အထိ ကျွန်တော်တို့ စောင့်ကြည့်သွားမှာပါ။ ပြည်သူ့အပေါ် ဘယ်လောက် ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်မလဲဆိုတာ ကျွန်တော်တို့ စောင့်ကြည့်သွားမှာပါ” လို့ ဦးလူမင်းက ပြောခဲ့ပါတယ်။
NLD အစိုးရကို စောင့်ကြည့်မယ်ဆိုတဲ့ ဦးလူမင်းရဲ့ ပြောကြားချက်ဟာ မြန်မာနိုင်ငံသားတစ်ဦးရဲ့ တာဝန်ဖြစ်တဲ့အတွက် ကိုယ်တိုင်ရွေးကောက် တင်မြှောက်ထားတဲ့အစိုးရကို စောင့်ကြည့်မယ်ပြောတာကို လက်ခံနိုင်ပါတယ်။ ဒါပေမဲ့ ဦးလူမင်းရဲ့ပြောကြားချက်ဟာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကို ကိုယ်စားပြုပြီး ပြောဆိုတာဖြစ်တဲ့အတွက်၊ ရုပ်ရှင်လောက ဖွံ့ဖြိုးဖို့ NLD အစိုးရကို တောင်းဆိုတာ ဖြစ်တဲ့အတွက်၊ NLD အစိုးရက ပြည်သူ့အပေါ် ဘယ်လောက်ထိထိရောက်ရောက် လုပ်ပေးမလဲ တောင်းဆိုတာ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအောက်က အနုပညာရှင်တွေရဲ့ဝင်ငွေခွန် ထမ်းဆောင်မှုနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာတွေ ဖြစ်လာပါတယ်။ ဘာ့ကြောင့် မေးခွန်းထုတ်စရာ ဖြစ်လာတာလဲဆိုရင် ဦးလူမင်းရဲ့  “နိုင်ငံတော်သမ္မတကြီးကစလို့ လွှတ်တော်အမတ်အထိ ကျွန်တော်တို့ စောင့်ကြည့်သွားမှာပါ။ ပြည်သူ့အပေါ် ဘယ်လောက်ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်မလဲဆိုတာ ကျွန်တော်တို့ စောင့်ကြည့်သွားမှာပါ”လို့ ပြောကြားခဲ့တာကြောင့်ပါ။
 ဦးလူမင်းရဲ့ ပြောကြားချက်တွေကို ပြန်ဆက်ရမယ်ဆိုရင် အနုပညာရှင်တွေရဲ့ အရေးပါတဲ့ ပံ့ပိုးကူညီမှုကြောင့် NLD ပါတီ ရွေးကောက်ပွဲနိုင်တယ်။ ဒါ့ကြောင့်မို့ NLD အစိုးရကို စောင့်ကြည့်မယ်၊ ရိုးရှင်းပါတယ်။ ဒါပေမဲ့ ဒီရိုးရှင်းတဲ့ ပြောကြားချက်က အနုပညာရှင်အများစု အခွန်ရှောင်နေတယ်ဆိုတဲ့ အခြေအနေမျိုး ဖြစ်နေရင်တော့ ရုပ်ဆိုးတဲ့ အခြေအနေ ဖြစ်သွားမယ်ဆိုတာ ဦးလူမင်း သတိပြုမိမှာပါ။
(၂)
အာဆီယံနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံဟာ အခုအချိန်အထိ ဂျီဒီပီမှာ အခွန်ငွေ ပါဝင်မှုအချိုး အနိမ့်ဆုံး နိုင်ငံပါ။ ဦးသိန်းစိန်အစိုးရ တက်မလာမီ ရှေ့ပိုင်းမှာ မြန်မာနိုင်ငံဟာ ဂျီဒီပီမှာ အခွန်ပါဝင်မှုအချိုး သုံးရာခိုင်နှုန်းနဲ့ လေးရာခိုင်နှုန်းအကြားပဲ ရှိခဲ့ပါတယ်။ ဦးသိန်းစိန်အစိုးရ တက်လာပြီးတဲ့ နောက်မှာ အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့ကို ၂၀၁၃ ခုနှစ်မှာဖွဲ့စည်းပြီးတဲ့နောက် အခွန်ရရှိမှု တက်လာခဲ့ပါတယ်။ ဥပမာအားဖြင့် ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ ကျပ်ဘီလျံ ၁၅၃၈ ဒသမ ၇၆၆ ဘီလျံ၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ ကျပ် ၂၇၁၀ ဒသမ ၉၀၆ ဘီလျံနဲ့ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ ကျပ် ၃၅၁၂ ဘီလျံကျော်ရရှိခဲ့ပြီး နှစ်အလိုက် တိုးမြှင့်ကောက်ခံ ရရှိခဲ့ပါတယ်။ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်နဲ့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာတော့ အခွန်လျာထားချက်ဟာ ဘီလျံ ၅၀၀၀ ကျော်နဲ့ ဘီလျံ ၆၀၀၀ လောက် သတ်မှတ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီပမာဏတွေဟာ အမှန်တကယ်ရရှိသင့်တဲ့ အခွန်ပမာဏတော့ ဖြစ်မနေသေးပါဘူး။ ဘာဖြစ်လို့ အမှန်တကယ် ရရှိသင့်တဲ့ပမာဏ ဖြစ်မနေသေးတာလဲ ဆိုရင်တော့ အခွန်ရှောင်မှုတွေကို ကြပ်မတ်နိုင်မှု မရှိသေးတာနဲ့ ပြည်တွင်းအခွန်များ ဦးစီးဌာနက ၀န်ထမ်းအချို့ရဲ့ အဂတိလိုက်စားမှုတွေကြောင့်ပါ။ ပြည်တွင်းအခွန်များဦးစီးဌာနမှာ လာဘ်စားတဲ့ ၀န်ထမ်းတွေကို ဘဏ္ဍာနှစ်တစ်နှစ်မှာ လူ ၅၀ လောက်အရေးယူနေပြီ ဆိုပေမယ့် ဘယ်လိုပုံစံနဲ့ အရေးယူလဲဆိုတာတော့ ပြည်တွင်းအခွန်များ ဦးစီးဌာနက ထုတ်ပြန်ထားမှုမရှိပါဘူး။ လာဘ်စားတဲ့သူကို တာဝန်မှ အနားပေးလိုက်တာနဲ့ နယ်ပြောင်းရွှေ့တာလောက်ပဲ အရေးယူမယ်ဆိုရင်တော့ ဒီလိုအရေးယူမှုဟာ Bias ပါတဲ့ အရေးယူမှုပဲ ဖြစ်နေဦးမှာပါ။ ပြည်တွင်းအခွန်များ ဦးစီးဌာနအနေနဲ့လည်း အခွန်ဝန်ထမ်းတွေရဲ့ လာဘ်စားမှုတွေကို ပွင့်လင်းမြင်သာစွာ အရေးယူမှု အခြေအနေတွေကို ထုတ်ပြန်ပေးဖို့ လိုမှာဖြစ်ပါတယ်။ လာဘ်စားမှုကြောင့် အရေးယူခံခဲ့ရတဲ့ ပြည်တွင်းအခွန်ရဲ့ဝန်ထမ်းတွေအကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးဇေယျကြည်ညွန့်ကို မေးမြန်းရာမှာတော့ သူ့ဆီမှာ အချက်အလက်တွေ မရှိဘူးလို့ပဲ တုံ့ပြန်ခဲ့ပါတယ်။ ဘာ့ကြောင့် အခွန်ဝန်ထမ်းတွေကို ဦးလူမင်း ပြောကြားချက်နဲ့ ဆက်စပ်ပြီး ပြောနေရလဲဆိုရင် တစ်နှစ်တစ်နှစ်ကို ၀င်ငွေခွန် သိန်း ၁၀၀၀ လောက် အခွန်ဆောင်ရမယ့် အကယ်ဒမီ နှစ်ဆုရ အမျိုးသားသရုပ်ဆောင်တစ်ဦးဟာ တစ်နှစ်ကို ၄၆ သိန်းလောက်ပဲ အခွန်ဆောင်လို့ပါ။ ဒီလို ကျပ်သိန်း ၉၀၀ ကျော် လျှော့ပြီး အခွန်ရှောင်ဖို့အတွက် အခွန်စည်းကြပ်တဲ့ အခွန်စိစစ်တဲ့ အခွန်ဝန်ထမ်းရဲ့ လုပ်ပိုင်ခွင့်မျိုး ဖြစ်သွားမယ်ဆိုတာတော့ လာဘ်ပေးဖူးသူနဲ့ လာဘ်ယူသူတိုင်း သိကြမှာပါ။ ဦးလူမင်းကိုယ်တိုင်လည်း ငါက အခွန်အပြည့် ဆောင်တယ်ဆိုတဲ့ ၀ံ့ကြွားမှုမျိုး မလုပ်နိုင်သေးဘူး ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဦးလူမင်းကိုယ်တိုင် ၀င်ငွေခွန်ဘယ်လောက် ပေးဆောင်လဲလို့ ကျွန်တော်တို့မေးတာကို တိတိကျကျ မဖြေရဲခဲ့တဲ့ အတွက်ကြောင့် ပြောရတာပါ။
(၃)
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းဟာ ဥပဒေအရ ပေးဆောင်ရမယ့် အခွန်အကောက်တွေကို ပေးဆောင်ရဖို့ တာဝန်ရှိပါတယ်။ လက်ရှိ NLD အစိုးရဟာလည်း အရင်အစိုးရတွေလို သယံဇာတတွေ ထုတ်ရောင်းရတဲ့ငွေနဲ့ ရပ်တည်ရမယ့် အစိုးရအဖြစ်မျိုး လုပ်လို့ မရတော့ပါဘူး။ နိုင်ငံသားတိုင်းမှာ အခွန်ပေးဆောင်ရဖို့ တာဝန်ရှိတဲ့ အခွန်ကောက်ခံမှုနဲ့ပဲ နိုင်ငံကို ရှေ့ဆက်ရမှာပါ။ ပြည်တွင်းအခွန်များဦးစီးဌာနအနေနဲ့လည်း ဂျီဒီပီမှာ အခွန်ပါဝင်မှု အချိုး ၁၀ ရာခိုင်နှုန်း အထိ ရောက်အောင်လုပ်ဆောင်နေတာ တွေ့ရပါတယ်။ ဒီလိုအခြေအနေမျိုးမှာ NLD အစိုးရကို စောင့်ကြည့်မယ်ဆိုတဲ့ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌကြီးရဲ့ စကားထက် ပြည်သူ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို ကူညီတဲ့အနေနဲ့ အခွန်ရှောင်နေတဲ့ အနုပညာရှင်တွေဆီကနေ နိုင်ငံတော်အတွက် အခွန်ရအောင် ကူညီကောက်ခံပေးမယ်လို့များ ဦးလူမင်းပြောခဲ့ရင် NLD အစိုးရအတွက်ရော၊ ပြည်သူတွေအတွက်ပါ မင်္ဂလာတစ်ပါး ဖြစ်လာမှာပါ ဦးလူမင်းခင်ဗျာ။
ဦးလူမင်း သိပြီးသားဖြစ်တဲ့ ထိပ်တန်းအနုပညာရှင်တစ်ယောက်ရဲ့ တစ်နှစ်ဝင်ငွေကို ကျွန်တော်တွက်ပြပါရစေ။ နာမည်ကြီးတဲ့ အကယ်ဒမီရ မင်းသားတစ်ဦးဟာ ဗီဒီယိုဇာတ်ကားတစ်ကားအတွက် ကျပ်သိန်း ၇၀ ကနေ ကျပ်သိန်း ၁၀၀ အကြား ရပါတယ်။ တစ်လကို အနည်းဆုံး ဇာတ်ကား ၄ ကား ရိုက်ရပါတယ်။ ရုပ်ရှင်ကားကြီး တစ်ကားအတွက် ကျပ်သိန်း ၂၀၀ ၀န်းကျင် ရပါတယ်။ တစ်နှစ်ကို အနည်းဆုံး ရုပ်ရှင်ကားကြီး ငါးကားလောက် ရိုက်ဖို့အတွက် ကမ်းလှမ်းတယ်လို့ ရုပ်ရှင်လောကသားတွေဆီက ကြားသိရပါတယ်။ ဒီတော့ တွက်ကြည့်ရမယ်ဆိုရင် တစ်နှစ်ကို ရုပ်ရှင်ကားကြီးငါးကားအတွက် ကျပ်သိန်းတစ်ထောင်နဲ့  တစ်လကို ကျပ်သိန်း ၃၀၀ ပျှမ်းမျှ ၀င်ငွေရှိတဲ့ အနုပညာရှင်တစ်ဦးဟာ တစ်နှစ်ကို အနိမ့်ဆုံး သိန်း ၄၅၀၀ လောက် ၀င်ငွေရှိနေတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီတွက်ချက်မှုဟာ နာမည်ကြီးမင်းသားတစ်ဦးရဲ့ ကြော်ငြာရိုက်ကူးရမှုတွေ၊ စပွန်ဆာရရှိမှုတွေ၊ မွေးနေ့တွေ၊ အထိမ်းအမှတ် အခမ်းအနားတွေ ဖွင့်ပွဲတွေအတွက် ရရှိတဲ့ဝင်ငွေတွေ မပါသေးပါဘူး။
ဒီလို နာမည်ကြီးမင်းသားတစ်ဦးရဲ့ တစ်နှစ်ဝင်ငွေ အကြမ်းဖျင်းတွက်ပြပြီးတော့  မြန်မာနိုင်ငံရဲ့ လက်ရှိ အခွန်ကောက်ခံမှုဖြစ်တဲ့ ၀င်ငွေခွန်အကြောင်း ထပ်ပြီး ရှင်းပြပါရစေ။
၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်ကစပြီး အကျိုးသက်ရောက်မယ့်၂၀၁၆ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေအရ လစာဝင်ငွေက ၀င်ငွေကျပ် ၄၈ သိန်းအထိ ရရှိသူတွေကို ၀င်ငွေခွန် ကင်းလွတ်ခွင့် ပြုထားပြီး လစာဝင်ငွေ ကျပ် ၄၈ သိန်းအထက် ရရှိသူ၊ အသက်မွေးဝမ်းကျောင်းပညာ လုပ်ငန်းဖြစ်တဲ့ ဆရာဝန်၊ သူနာပြု၊ ရှေ့နေ၊ အင်ဂျင်နီယာ၊ အနုပညာရှင်၊ စာရင်းကိုင်စတဲ့ မိမိကျွမ်းကျင်တဲ့ အတတ်ပညာနဲ့ လုပ်ကိုင်မှုက အခကြေးငွေရရှိသူ၊ စီးပွားရေး လုပ်ငန်းလုပ်ကိုင်သူတွေနဲ့ အထက်မှာ ဖော်ပြထားတဲ့ လုပ်ငန်း အမျိုးအစားတွေ မှအပဖြစ်တဲ့ အခြားဝင်ငွေ ရလမ်းများမှ ၀င်ငွေရရှိသူ (ဥပမာ-တရားမ၀င် ပစ္စည်းများ ဖမ်းဆီးရရှိမှုအတွက် ရရှိသည့် ဆုကြေးရရှိသူ)၊ အခြေခံ သမ၀ါယမအသင်းတို့အတွက် ကျသင့်မယ့် အခွန်နှုန်းတွေဟာ ၂၀၁၅ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအတိုင်းဖြစ်ပြီး တိုးမြှင့်သတ်မှတ်ထားမှု မရှိပါဘူး။
လက်ရှိသတ်မှတ်ထားတဲ့ အခွန်နှုန်းတွေက တစ်ကျပ်မှ ကျပ်သိန်း ၂၀ အထိဆိုရင် အခွန် သုညရာခိုင်နှုန်း၊ ကျပ် ၂၀၀၀၀၀၁ မှ ကျပ် သိန်း ၅၀ အထိဆိုရင် ငါးရာခိုင်နှုန်း၊ ကျပ် ၅၀၀၀၀၀၁ မှ ကျပ်သိန်း ၁၀၀ ဆိုရင် အခွန်နှုန်း ရာခိုင်နှုန်း ၁၀၊ ကျပ် ၁၀၀၀၀၀၀၁ မှ ကျပ် သိန်း ၂၀၀ အထိ ဆိုရင် အခွန်နှုန်း ၁၅ ရာခိုင်နှုန်း၊ ၂၀၀၀၀၀၀၁ မှ ကျပ်သိန်း ၃၀၀ အထိဆိုရင် အခွန်နှုန်း ရာခိုင်နှုန်း ၂၀ နှင့် ကျပ်သိန်း ၃၀၀ အထက်ဆိုရင် အခွန်နှုန်း ၂၅ ရာခိုင်နှုန်း သတ်မှတ်ထားပါတယ်။
ဒါ့အပြင် သက်သာခွင့်တွေကိုလည်း ၂၀၁၅ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေအတိုင်း သတ်မှတ်ထားပြီး အခြေခံသက်သာခွင့် (စုစုပေါင်းဝင်ငွေ၏ ရာခိုင်နှုန်း ၂၀၊ ကျပ်သိန်း ၁၀၀ ထက် မပိုစေရ)၊ အတူနေ မိဘ (အတူနေသူ မိဘတစ်ဦးလျှင် ကျပ် ၁၀ သိန်း)၊ အိမ်ထောင်ဖက်အတွက် သက်သာခွင့် (အိမ်ထောင်ဖက် တစ်ဦးအတွက် ကျပ် ၁၀ သိန်း)၊ သားသမီးများအတွက် သက်သာခွင့် (သားသမီးတစ်ဦးလျှင် ကျပ်ငါးသိန်း) သတ်မှတ်ထားကာ ဖော်ပြပါအခွန်နှုန်းများ၊ သက်သာခွင့်များအရ အိမ်ထောင်ဖက်မရှိသူ၊ မိဘများနှင့် အတူမနေသူတစ်ဦးအတွက် ၀င်ငွေ တစ်နှစ်အတွင်း စုစုပေါင်းဝင်ငွေ ၂၅ သိန်း ၀င်ငွေရှိစေကာမူ အခြေခံ သက်သာခွင့် ရာခိုင်နှုန်း ၂၀ အဖြစ် ကျပ်ငါးသိန်းကို စုစုပေါင်းဝင်ငွေမှ နုတ်ပယ်ခွင့်ရရှိပြီး အခွန်နှုန်းတွင် တစ်ကျပ်မှ ကျပ်သိန်း ၂၀ အထိ အခွန်နှုန်း သုညရာခိုင်နှုန်းဖြစ်လို့ အခွန်ကျသင့်မှာ မဟုတ်ပါဘူး။
ဒီတော့ နာမည်ရအနုပညာရှင်တစ်ဦး တစ်နှစ်ကို ၀င်ငွေခွန်ဆောင်ရမယ့် အနေအထားကို တွက်ပြပါရစေ။ ပိုပြီး ရှင်းလင်းအောင် တစ်နှစ်ကျပ်သိန်း ၄၅၀၀ ရတဲ့ မင်းသားနေရာမှာ ဦးလူမင်းကို ထားပါရစေ။
ဦးလူမင်းသာ တစ်နှစ်ကို ကျပ်သိန်း ၄၅၀၀ ၀င်ငွေရှိတဲ့ နာမည်ရမင်းသားတစ်ဦးဆိုရင် အခြေခံသက်သာခွင့်တွေက ဦးလူမင်းဝင်ငွေရဲ့ ရာခိုင်နှုန်း ၂၀ ရယ် (ကျပ်သိန်း ၁၀၀ ထက် ပိုခွင့်မရှိ)၊ ဇနီးအတွက် တစ်နှစ်ကို ကျပ် ၁၀ သိန်းနဲ့ သားသမီးတစ်ဦးအတွက် ကျပ်ငါးသိန်းစီဖြစ်လို့ ဦးလူမင်းဟာ တစ်နှစ်ကို ကျပ်သိန်း ၁၂၀ သက်သာခွင့် ရှိပါတယ်။ ဒါကြောင့်မို့ ဦးလူမင်းဟာ ကျန်တဲ့ ကျပ်သိန်း ၄၃၈၀ ကနေ တစ်နှစ်ကို ၂၅ ရာခိုင်နှုန်း အခွန်ဆောင်ရပါမယ်။ ဒီတော့ ဦးလူမင်းဟာ တစ်နှစ်ကို ၁၀၉၅ သိန်း အခွန်ဆောင်ဖို့ တာဝန်ရှိ ပါတယ်။ တစ်နှစ်ကို ၁၀၉၅ သိန်း အခွန်ဆောင်ရာမှာ တစ်လုံးတစ်ခဲတည်း ပေးဖို့တော့ မလိုဘဲ တစ်နှစ်ရဲ့ ၁၂ လနဲ့ စားပြီး တစ်လကို ၉၁ သိန်းကျော်ပဲ အခွန်ဆောင်ရမှာ ဖြစ်ပါတယ်။
ဒီတွက်ချက်မှုဟာ အကြမ်းဖျင်းသာဖြစ်ပြီး အိမ်ထောင်မရှိတဲ့ အနုပညာရှင်တွေ၊ မိဘနဲ့အတူနေတဲ့ အနုပညာရှင်တွေနဲ့ အောင်မြင်မှုအလိုက် ၀င်ငွေကွာဟမှုတွေ ရှိနေမှာပါ။ ဒါပေမဲ့ တစ်နှစ်ကို သိန်း ၁၀၀၀ ကျော် အခွန်ဆောင်ရမယ့် အနုပညာရှင်တစ်ယောက်က အခွန်ဆောင်တယ်ဆိုရုံ တစ်နှစ်ကို ကျပ် ၄၆ သိန်းလောက်ပဲ အခွန်ဆောင်နေတယ်ဆိုတာကတော့ တိုင်းပြည်အတွက် အလွန်အမင်းကို နစ်နာနေပါတယ်။ အနုပညာရှင် တစ်ယောက်အပေါ်မှာပဲ ကျပ်သိန်း ထောင်ဂဏန်းလောက် နစ်နာနေပြီဆိုရင် အနုပညာရှင် များစွာဆိုရင် တိုင်းပြည်အတွက် ဘယ်လောက်အထိ နစ်နာနေရလည်းဆိုတာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌကြီး ဦးလူမင်း အသိဆုံး ဖြစ်မှာပါ။
စုံစမ်းသိရသမျှဆိုရင် အနုပညာရှင် အသိုင်းအ၀ိုင်းမှာ မီးထိုး၊ မှန်ထိုးကစလို့ ဇာတ်ညွှန်း၊ ဒါရိုက်တာ၊ သရုပ်ဆောင်၊ ဇာတ်ပို့၊ လူကြမ်း၊ ထုတ်ဝေသူစတဲ့ အနုပညာလောကသား အားလုံးပေါင်းရင် ၇၀၀၀ ၀န်းကျင်ရှိ တယ်လို့ သိရပါတယ်။ ၀င်ငွေအရမ်းမြင့်တဲ့ နာမည်ရ သရုပ်ဆောင်ကတော့ ရာဂဏန်းအောက်ပဲ ရှိမှာပါ။ ဘာပဲဖြစ်ဖြစ် အနုပညာရှင်တွေ အခွန်ရှောင်နေတာက တိုင်းပြည်အတွက် သိပ်နစ်နာပါတယ်။
(၄)
အနုပညာရှင်အများစုရဲ့ အခွန်ရှောင်မှုတွေ ရေးရင်းနဲ့မို NLD အစိုးရလက်ထပ်မှာ အခွန်မရှောင်တော့ဘဲ့ အခွန်ပိုဆောင်လာတဲ့ လုပ်ငန်းစုကြီးတွေ အကြောင်းလည်း ပြောချင်ပါသေးတယ်။
၂၀၁၄-၂၀၁၅ စည်းကြပ်နှစ်အတွက် ၀င်ငွေခွန်နဲ့ ကုန်သွယ်လုပ်ငန်းခွန် အများဆုံးပေးဆောင်သူ ၁၀၀၀ စာရင်းကို ပြည်တွင်း အခွန်များဦးစီးဌာနက ထုတ်ပြန်လိုက်ပြီး အခွန်ကျပ်သန်း ၂၀၀၀၀ (၂၀ ဘီလျံ) အထက် ပေးသွင်းခဲ့တဲ့ ကမ္ဘောဇဘဏ်နဲ့ Denko Trading Co.,Ltd တို့က အများဆုံးအဖြစ် ဦးဆောင်ခဲ့တယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
၂၀၁၄-၂၀၁၅ စည်းကြပ်နှစ်အတွက် ၀င်ငွေခွန် အများဆုံး ပေးဆောင်သူများစာရင်း ထိပ်ဆုံး ၁၀ ဦးမှာဆိုရင် မြ၀တီဘဏ်၊ Denko Trading Co.,Ltd၊ မြ၀တီထရေးဒင်း၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်တို့က ၀င်ငွေခွန် ကျပ်သန်း ၁၀၀၀၀ အောက်၊ ကမ္ဘာ့ရတနာ အများပိုင်ဖွံ့ဖြိုးရေးဘဏ်နဲ့ International Beverages Trading Co.,Ltd တို့က ကျပ်သန်း ၅၀၀၀ အောက်၊ သမ၀ါယမဘဏ်နဲ့ ဧရာဝတီဘဏ်တွေက ကျပ်သန်း ၄၀၀၀ အောက်နဲ့ ရွှေဗျိုင်းဖြူထရေးဒင်းက ကျပ်သန်း ၃၀၀၀ အောက် အခွန်ဆောင်ပြီး ထိပ်တန်း ၁၀ ဦး စာရင်းဝင်ခဲ့ပါတယ်။
ဒီလိုပဲ ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ပေးဆောင်သူများစာရင်း ထိပ်ဆုံး ၁၀ ဦးစာရင်းမှာဆိုရင် မြ၀တီထရေးဒင်း၊ Myanmar Winery &  Distellery Co.,Ltd၊ ရွှေဗျိုင်းဖြူ ထရေးဒင်းတို့က ကျပ်သန်း ၂၀၀၀၀ အောက်၊ Asia Energy Trading Co.,Ltd၊International Beverages Trading Co.,Ltd၊  City Mart Holding Co.,Ltd တို့က ကျပ်သန်း ၁၀၀၀၀ အောက်၊ Six Winner Brothers Co., Ltd၊ Benhur Trading Co.,Ltd၊ ရွှေမီကုမ္ပဏီလီမိတက်တို့က ကျပ်သန်း ၅၀၀၀ အောက် ပေးဆောင်ခဲ့ပါတယ်။
၂၀၁၄-၂၀၁၅ စည်းကြပ်နှစ်အတွက် ၀င်ငွေခွန်နဲ့ ကုန်သွယ်လုပ်ငန်းခွန် အများဆုံးပေးဆောင်သူ ၁၀၀၀ စာရင်းကို လေ့လာကြည့်မယ်ဆိုရင် အံ့သြစရာအဖြစ် ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာနှစ်မှာ အခွန် လုံးဝ မဆောင်သလောက်နီးပါး ဖြစ်နေရာကနေ ဒါမှမဟုတ် အခွန်အနည်းငယ်သာ ဆောင်ခဲ့ရာကနေ ယခုနှစ်မှာတော့ အခွန်ဘီလျံပေါင်းများစွာ ဆောင်လာခဲ့တဲ့ ကုမ္ပဏီကြီးတွေပါ။
ဒီလိုအခွန်အနည်းငယ်သာ ဆောင်နေရာက ရုတ်ခြည်းအမြတ်ရလာသလို အခွန်ဆောင်လာတဲ့ လုပ်ငန်းစုအချို့ကို တင်ပြလိုပါတယ်။
မြ၀တီဘဏ်ဟာဆို ၂၀၁၃-၂၀၁၄ မှာ ထိပ်တန်း အခွန်ထမ်း ၁၀၀၀ စာရင်းမှာ ပါဝင်ခဲ့ခြင်းမရှိဘဲ ၂၀၁၄-၂၀၁၅ စည်းကြပ်နှစ်မှာတော့ ကျပ် ၁၀ ဘီလျံအောက်အထိ အခွန် ထမ်းဆောင်လာခဲ့တာကို တွေ့ရပါတယ်။ ဒီလိုပဲ မြ၀တီ ထရေးဒင်းဟာဆိုရင်လည်း ၂၀၁၃ -၂၀၁၄ စည်းကြပ်နှစ်မှာ ကျပ်သန်း ၇၀၀ အောက်ပဲ အခွန်ဆောင်ခဲ့ပေမယ့် ၂၀၁၄- ၂၀၁၅ စည်းကြပ်နှစ်မှာတော့ ကျပ် ၁၀ ဘီလျံ အောက်အထိ အခွန် ထမ်းဆောင်လာခဲ့တာကို တွေ့ရပါတယ်။
ဦးချစ်ခိုင်ရဲ့ Denko Trading ဟာဆိုရင်လည်း ၂၀၁၃-၂၀၁၄ စည်းကြပ်နှစ်မှာ ၀င်ငွေခွန် သုံးဘီလျံအောက်ပဲ အခွန်ဆောင်ခဲ့ပေမယ့် ၂၀၁၄-၂၀၁၅ စည်းကြပ်နှစ်မှာတော့ ကျပ် ၁၀ ဘီလျံအောက်အထိ အဆပေါင်းများစွာ တိုးတက် အခွန် ထမ်းဆောင်လာခဲ့တာကို တွေ့ရပါတယ်။
ဦးတေဇ ထူထောင်ခဲ့တဲ့ AGD ဘဏ်ဟာဆိုရင်လည်း ၂၀၁၃-၂၀၁၄ စည်းကြပ်နှစ်မှာ ကျပ်သန်း ၃၀၀ အောက်ပဲ အခွန်ဆောင်ခဲ့ပေမယ့် ၂၀၁၄-၂၀၁၅ စည်းကြပ်နှစ်မှာတော့ ကျပ် သုံးဘီလျံအောက်အထိ ဆယ်ဆလောက် အခွန်တိုးမြှင့် ထမ်းဆောင်လာခဲ့ပြီး တစ်နှစ်အတွင်းမှာ အဆပေါင်းများစွာ တိုးတက်လာတာကို အံ့သြဖွယ်တွေ့ရပါတယ်။
ဦးကျော်ဝင်းရဲ့ ရွှေသံလွင်မီဒီယာဟာ ဆိုရင်လည်း ၂၀၁၃-၂၀၁၄ စည်းကြပ်နှစ်မှာ ကျပ်သန်း ၈၀၀ အောက်ပဲ အခွန်ဆောင်ခဲ့ပေမယ့် ၂၀၁၄-၂၀၁၅ စည်းကြပ်နှစ်မှာတော့ ကျပ် ၂ ဘီလျံ အောက်အထိ အခွန် တိုးတက် ထမ်းဆောင်လာခဲ့တာကို တွေ့ရပါတယ်။
ဒီလိုပဲ ဦးအိုက်ထွန်းနဲ့ ဦးအောင်ဇော်နိုင်တို့ရဲ့ Shwe Taung Energy ကုမ္ပဏီဟာ ဆိုရင်လည်း ၂၀၁၃-၂၀၁၄ စည်းကြပ်နှစ်မှာ အခွန်ထမ်းထိပ်တန်း ၁၀၀၀ စာရင်းမှာတောင် မပါခဲ့ပေမယ့် ၂၀၁၄-၂၀၁၅ စည်းကြပ်နှစ်မှာတော့ ကျပ် ငါးဘီလျံအောက်အထိ အဆပေါင်းများစွာ အခွန်တိုးတက် ထမ်းဆောင်လာခဲ့တာကို တွေ့ရပါတယ်။
တော်ဝင်ဦးကိုကိုထွေးရဲ့ Taw Win Family ဆောက်လုပ်ရေး ကုမ္ပဏီဟာဆိုရင်လည်း အခွန် ၁၀ ဆလောက်တက်ပြီး ထမ်းဆောင်ခဲ့ပြီး နှစ်ဘီလျံအောက် အခွန်တိုးတက် ထမ်းဆောင်ခဲ့တာ တွေ့ရသလို ဦးခင်ရွှေရဲ့ ဇေကမ္ဘာ ကုမ္ပဏီဟာဆိုရင်လည်း ယခင်နှစ်က ထိပ်တန်းအခွန်ထမ်း ၁၀၀၀ စာရင်းမှာတောင် ခြေရာပျောက်နေခဲ့ပေမယ့် ၂၀၁၄- ၂၀၁၅ စည်းကြပ်နှစ်မှာတော့ ကျပ် နှစ်ဘီလျံ အောက်အထိ အခွန်ထမ်းလာခဲ့တာ အားကျစဖွယ် တွေ့မြင်ရပါမယ်။
တကယ်ဆိုရင် ဒီကုမ္ပဏီတွေထဲက အများစုဟာ အရင်စစ်အစိုးရနဲ့ နီးစပ်ခဲ့သူတွေဖြစ်ပြီး ဦးသိန်းစိန် အစိုးရလက်ထက်အထိ အခွန်ထမ်းဆောင်မှု နည်းပါးခဲ့သူတွေပါ။ လက်ရှိ NLD အစိုးရတက်တော့မယ့် အချိန်ကျမှ အခွန်ထမ်း ထိပ်တန်းစာရင်းအဖြစ် ပါဝင်ဖို့ ကြိုးစားလာတာကို ဂုဏ်ပြုရမှာဖြစ်သလို အရင်အစိုးရတွေတုန်းကလို နည်းနည်းလေး မှန်တာလုပ်ပြပြီး များများကြီး လာဘ်ပေးလာဘ်ယူ လုပ်သွားနိုင်တာမျိုးတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီကုမ္ပဏီတွေ ရုံးစိုက်ရာ ပြည်တွင်းအခွန်ရဲ့ ၀န်ထမ်းတွေနဲ့ ကုမ္ပဏီကိုလည်း အရင်နှစ်တွေတုန်းက အခွန်မဆောင်ခဲ့ဘဲ အခုမှ ရုတ်ခြည်း ဘီလျံနဲ့ချီ အခွန်ဆောင်လာနေတာက အခွန်ရှောင်ခဲ့တာလား၊ လာဘ်ပေးလာဘ်ယူ လုပ်ခဲ့ကြတာလား ဆိုတာကိုတော့ ပြန်လည်ဆန်းစစ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
အနုပညာရှင်တွေအနေနဲ့ လုပ်ငန်းရှင်ကြီးတွေကို အတုယူပြီး အခွန်ရှောင်နေရာက အခွန်ဆောင်ဖို့နဲ့ အခွန် အပြည့်အ၀ မဆောင်ရာက အခွန် အပြည့်အ၀ ဆောင်လာအောင် လုပ်ဆောင်သင့်ပါပြီ။
(၅)
ခေတ်အဆက်ဆက် အစိုးရတွေနဲ့ ပေါင်းပြီး တတ်နိုင်သလောက် အခွန်ရှောင်ဖို့ ကြိုးပမ်းကြတဲ့ အခွန်မဆောင်ခဲ့ကြတဲ့ ခရိုနီကြီးတွေ၊ ကုမ္ပဏီကြီးတွေတောင်မှ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ အခွန် ဆောင်လာနေကြပါပြီ။ ဒီလိုအခြေအနေမျိုးမှာ NLD ပါတီ အနိုင်ရဖို့ ၀န်းရံခဲ့တယ်ဆိုတဲ့ အနုပညာရှင်တွေကဆက်ပြီး အခွန် ရှောင်နေဦးမယ်ဆိုတာ မဖြစ်သင့်တော့ပါဘူး။
အခွန် ပေးဆောင်ရမှုနဲ့ပတ်သက်ပြီး လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ‘ကမ္ဘာပေါ်တွင် မည်သည့်အစိုးရမျှ ငွေမရှိဘဲ တိုင်းပြည်အုပ်ချုပ်ရေး တာဝန်ကို ဆောင်ရွက်မသွားနိုင်ချေ။ ထို့ကြောင့် ကိုယ့်အစိုးရ အားကျသင့်သော အခွန်ဘဏ္ဍာငွေများကို ကြည်သာပျူငှာစွာ ပေးဆောင်ခြင်းသည်ပင် လွတ်လပ်သော လူမျိုးအဖြစ်ကို ထင်ရှားစေသော မှတ်ကျောက်ဖြစ်ပေသည်”လို့ အခွန်အကောက်နဲ့ ပတ်သက်ပြီး ၁၉၄၇ ခုနှစ် မတ် ၂၁ ရက်မှာ မိန့်ကြားခဲ့ပါတယ်။
လက်ရှိ  NLD အစိုးရဟာလည်း ရသင့်တဲ့ အခွန်အခတွေ အပြည့်အ၀ကောက်ခံပြီး နိုင်ငံသားတွေအတွက် ပညာရေး၊ ကျန်းမာရေး အပါအ၀င် မြန်မာနိုင်ငံ ဘက်စုံတိုးတက်ဖို့ ဆောင်ရွက်ရတော့မှာ ဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ အခွန်ရှောင်နေတဲ့ အနုပညာရှင်တွေနဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကြီးက NLD အစိုးရကို စောင့်ကြည့် နေမယ်ဆိုတာတော့ မဖြစ်သင့်ပါဘူး။ NLD အစိုးရအနေနဲ့ ပြည်သူ့ဝန်ဆောင်မှုတွေ လုပ်ဖို့ဆိုရင် ပြည်သူ့တွေဆီက ကောက်ခံတဲ့အခွန်တွေ တိုးတက်ရဖို့လိုပါတယ်။ ဒီလို အခွန်ငွေတွေ တိုးတက်ပြီးရမှလည်း NLD အစိုးရအနေနဲ့ ပြည်သူတွေလိုအပ်ချက် ဖြည့်ဆည်းနိုင်တဲ့ အစိုးရကောင်းတစ်ရပ် ဖြစ်လာမှာပါ။ ကိုယ်တိုင်က အစိုးရကို အခွန်မဆောင်ကြဘဲ NLD အစိုးရက ပြည်သူ့အတွက် အလုပ်ကောင်းကောင်း မလုပ်နိုင်ဘူးလို့ စောင့်ကြည့်ဝေဖန်မယ်ဆိုတာတော့ မဖြစ်သင့်တဲ့ အချက်ပါ။
ဒါ့အပြင် ဦးလူမင်းရဲ့ အဖွင့်အမှာစကားမှာ ဘယ်လိုအစိုးရပဲတက်တက် အနုပညာလောက တိုးတက်ဖို့ဆိုရင် အဲဒီအစိုးရရဲ့ ထောက်ပံ့မှု သေချာပေါက် လိုအပ်တယ်လို့ ပြောဆိုခဲ့ပြီး ၂၀၂၀ မှာ မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့်လို့ အာဆီယံအဆင့် ဆောင်ရွက်ချင်တယ်။ ၀ဇီရာ-၁ ရုပ်ရှင်ရုံနဲ့ ရုပ်ရှင်ပြတိုက် ဆောင်ရွက်ဖို့ ရှိတယ်ဆိုတဲ့ NLD အစိုးရက ငွေအား၊ လူအား၊ အချိန်စိုက်ထုတ်ပေးရမယ့် တောင်းဆိုချက်တွေလည်း ပါဝင်ခဲ့ပါတယ်။ ဒီလိုမျိုး တောင်းဆိုချက်တွေ လုပ်ပေးဖို့ဆိုတာက အစိုးရဆီမှာ ငွေရှိမှရမှာပါ။ အနုပညာရှင်တွေအနေနဲ့ ကိုယ်တိုင်ကလည်း အခွန်အပြည့်အ၀ဆောင်ပြီး အစိုးရကိုလည်း တောင်းဆိုသင့်တာ မှန်သမျှ တောင်းဆိုမှ အနုပညာရှင်တွေက နိုင်ငံသားတစ်ယောက်ရဲ့ တာဝန်ကျေမှာဖြစ်သလို NLD အစိုးရ အနေနဲ့လည်း ပြည်သူပေးတဲ့ အခွန်နဲ့ ပြည်သူ့အတွက် လုပ်ပေးမှ တာဝန်ကျေတဲ့ အစိုးရ ဖြစ်လာမှာပါ။
မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားမှာ လက်ရှိ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ‘ရုပ်ရှင်ဆိုတာ အနုပညာတွေထဲမှာ လူထုကြားကို အထိုးဖောက်နိုင်ဆုံးနဲ့ လူအများအပေါ် သြဇာသက်ရောက်မှု အရှိဆုံး’ လို့ သ၀ဏ်လွှာ ပို့ခဲ့ပါတယ်။ ဒီလို လူထုကြားမှာ အထိုးဖောက်နိုင်ဆုံးနဲ့ လူအများအပေါ် သြဇာသက်ရောက်မှုအရှိဆုံး အနုပညာရှင်တွေကသာ အခွန်ရှောင် နေဦးမယ်ဆိုရင်တော့ အခွန်နဲ့ ရပ်တည်ရမယ့်  NLD အစိုးရဟာ ပြည်သူ့အတွက် ဘာတစ်ခုမှ ထိထိရောက်ရောက် လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး။
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအနေနဲ့ NLD အစိုးရကို လွတ်လပ်စွာ၊ လိပ်ပြာလုံစွာ စောင့်ကြည့် ဝေဖန်ချင်တယ်ဆိုရင် NLD အစိုးရကို ပြည်သူ့အတွက် ၀န်ဆောင်မှုပေးတဲ့ အစိုးရကောင်းဖြစ်ဖို့ဆိုရင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအနေနဲ့ အနုပညာရှင်တွေရဲ့ အခွန်ဆောင်မှုကို တိုင်းပြည်က အပြည့်အ၀ရရှိအောင် အရင်ဦးဆုံး လုပ်ဖို့လိုပါမယ်။ တိုင်းပြည်အတွက် အခွန်လည်း မဆောင်ဘူး။ ရသင့်တဲ့ အခွန်အခတွေ အပြည့်အ၀မရလို့ တိုင်းပြည်အတွက်၊ အနုပညာရှင်တွေအတွက်၊ ရုပ်ရှင်လောကအတွက် ဘာမှ လုပ်မပးနိုင်တဲ့  NLD အစိုးရကိုလည်း တိုင်းပြည်အတွက် တာဝန်မကျေဘူးဆိုပြီး စောင့်ကြည့် ဝေဖန်မယ် ဆိုရင်တော့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနဲ့ ဦးလူမင်းရဲ့ စောင့်ကြည့်မှုဟာ လိပ်ပြာလုံတဲ့ စောင့်ကြည့်မှု ဖြစ်လာမှာ မဟုတ်ဘူး။ ဒီဆောင်းပါးဟာ ဦးလူမင်းတို့ ရုပ်ရှင်အနုပညာရှင်တွေကိုချည်း ရည်ညွှန်းရေးတာတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဂျာနယ်လစ်တွေ အပါအ၀င် ပြည်သူတွေအားလုံးကို ရည်ညွှန်းတာပါ။ ဗိုလ်ချုပ်ပြောတဲ့အတိုင်း NLD အစိုးရ အုပ်ချုပ်ရေးတာဝန်တွေ ကျေကျေပွန်ပွန် ထမ်းဆောင်နိုင်ဖို့ အခွန်ထမ်း ပြည်သူတွေက အခွန်ကြည်ကြည်ဖြူဖြူ ကျေပွန်အောင် ပေးမှသာ ပြည်သူတွေအတွက် လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒီလို ကိုယ့်တာဝန်ကိုယ် ကျေပွန်တဲ့ ပြည်သူတွေကသာ အစိုးရကို လိပ်ပြာလုံစွာ စောင့်ကြည့်နိုင်ပါမယ်။ ဒါကြောင့် ဦးလူမင်းတို့ အနုပညာရှင်တွေအနေနဲ့ ကိုယ်တိုင် စံနမူနာပြ ပွင့်လင်းစွာ အခွန်ဆောင်ပြပြီး ပြည်သူတိုင်း အခွန်ကျေပွန်စွာ ထမ်းဆောင်ရေးကို လှုံ့ဆော်စည်းရုံးပေးပါလို့ မေတ္တာရပ်ခံလိုက်ရပါတယ်။
Writer:
ဖြိုးဝေ
=================
Phyo Wai Win
ရုပ်ရှင်တစ်ကားကို သိန်း ၂၀၀ ကနေ ၃၀၀ ကြား
ဗီဒီယိုတစ်ကားကို သိန်း ၁၀၀ ကနေ သိန်း၂၀၀ကြား
ကြော်ငြာတစ်ခုကို သိန်း ၂၀ လောက်ကနေ သိန်း ၅၀ကြား
မွေးနေ့တွေ ဖွင့်ပွဲတွေဆို သိန်း ၁၀ သိန်းလောက်ကနေ သိန်း ၅၀ ကြား
လောက်ရနေပြီး တစ်နှစ်ကို သိန်းနှစ်သောင်းသုံးသောင်းဝင်နေတဲ့ မင်းသားတွေက အခွန်ဆောင်တော့ သိန်းနှစ်ဆယ်ကနေ သိန်း ၅၀ ကြားပဲဆောင်ပြီး အခွန်ရှောင်နေသတဲ့။
မင်းသမီးတွေလည်း သိန်း ရာချီတန်တဲ့အိတ်တွေကိုင်ပြီး အခွန်ဆောင်တဲ့စာရင်းတောင် မပါရှာတဲ့ မရွှေမှုန်
NLD အစိုးရကို စောင့်ကြည့်မယ်ဆိုတဲ့ ဥက္ကဌကြီး ဦးလူဦးမင်းတို့များ အခွန်ဆောင်စာရင်းတောင် မပါဘူး။ ဗီဒီယိုကြတော့ မင်းသမီးငယ်လေးတွေနဲ့တွဲပြီး ရိုက်လိုက်တဲ့ အိပ်ရာဝင်ဇာတ်ကား
အစိုးရကြဘာလုပ်ပေးပါ ညာလုပ်ပေးပါပြောပြီး ဆောင်တဲ့အခွန်ကြ မဖြစ်စလောက်
ဒီလို အခွန်ရှောင်နေတဲ့ မင်းသား မင်းသမီးတွေကြတော့ မဆလခေတ်က ဝင်းဦးတို့ ဘာတို့ ဘဝပျက်ခဲ့တဲ့ အမြတ်တော်ခွန်နဲ့ပဲတန်တယ်။ ထိုက်သင့်သလောက်တော့ အခွန်ဆောင်ပေါ့။ အခုတော့ ဇာတ်ကားတစ်ကားစာမရှိတဲ့ ငွေလေးကို အခွန်ဆိုပြီး ဆောင်နေတာ။ ရုပ်ရှင်အစည်းအရုံးတို့ ဆင်ဆာအဖွဲ့တို့မှာ ဘယ်မင်းသား ဘယ်မင်းသမီးက ဘယ်နှစ်ကားရိုက်ပြီး ကြော်ငြာဘယ်နှစ်ခုရိုက်တယ်။ အခွန် သိန်း ၅၀၀ ဆောင်ရမှာ ၅၀ အောက်ပဲဆောင်တယ်။ ဇာတ်ကားရိုက်ခွင့်ပိတ်မယ် လုပ်ပစ်။ အခုတော့ တစ်လောကလုံးပေါင်း လိမ်နေသလိုချည်း။ နင်လည်း အခွန်ရှောင် ငါလည်း အခွန်မဆောင်ဘူးဆိုပြီး တစ်ရွာလုံးကို နို့တစ်အိုးသယ်ခိုင်းတာ ရေချည်းလာထည့်တဲ့အကွက်တွေနဲ့ မဟုတ်တဲ့ဘက်မှာ တက်ညီလက်ညီ။
မနှစ်က ကိုယ် NLD အစိုးရကို လိပ်ပြာလုံစွာ စောင့်ကြည့်ပေးပါဆိုပြီး အခွန်ရှောင်တဲ့ မင်းသားမင်းသမီးတွေ အခွန်ဆောင်ဖို့ ရေးခဲ့သေးတယ်။ ဘယ်သူမှ ထူးပြီး မဆောင်ဘူး။ ကိုနေကိုတိုးလည်း မနှစ်ကလို သိန်း ၄၀ ကျော်ပဲ အခွန်ဆောင်နေတုန်း
အခွန်ရုံးက ထုတ်ပြန်ပေးလာတာလေးတော့ အကျိုးရှိတာပေါ့လေ။ ဘယ်မင်းသား ဘယ်မင်းသမီး ဘယ်လောက်အခွန်ဆောင်လည်း သိရတာပေါ့။
http://news-eleven.com/opinions/18025
ပြောတော့ပါဘူးလေ။ နားရက်လေး အိပ်နေတာပဲ ကောင်းပါတယ်
Phyo Wai Win
https://m.facebook.com/story.php…
Admin Unknown
ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။
0 comments :
Post a Comment
Loading...