ဖိုးနမောရဲ့ ဖြစ်ရပ်ဆန်း... အပြည့်အစုံကြည့်ရန် နှိပ်ပါ။

သားတို့ သမီးတို့ရေ …

မြတ်စွာဘုရားရှင်လက်ထက်တုန်းက ရာဇဂြိုဟ်မြို့မှာ “ဖိုးနမော” ဆိုတဲ့ ကလေးတစ်ယောက် ရှိတယ်ကွယ့်။ ဘာလို့ သူ့ကို “ဖိုးနမော” လို့ ခေါ်တာလဲဆိုတော့ “နမော ဗုဒ္ဓဿ” ဆိုတဲ့ ဘုရားရှိခိုးကို ခဏခဏ ရွတ်ဆိုလို့တဲ့ကွယ်။

သွားရင်းလာရင်းနဲ့လည်း “နမော ဗုဒ္ဓဿ” …၊ စားရင်းသောက်ရင်းနဲ့လည်း “နမော ဗုဒ္ဓဿ” …၊ ဘာပဲလုပ်လုပ် “နမော ဗုဒ္ဓဿ” ရွတ်ပြီးမှပဲ လုပ်သတဲ့ကွယ်။ နောက်ဆုံး ကလေးအချင်းချင်း ကစားရင်တောင်မှ “နမော ဗုဒ္ဓဿ” ရွတ်ပြီးမှ ကစားတာတဲ့။ “နမော ဗုဒ္ဓဿ” ဘုရားရှိခိုးရဲ့ အစွမ်းကြောင့် ဘာပဲဆော့ဆော့၊ ဖိုးနမောလေးပဲ အနိုင်ရနေတော့တာပေါ့။

ဖိုးနမောလေးရဲ့ အဖေက ထင်းရောင်းတဲ့ အလုပ် လုပ်တဲ့အတွက် တစ်နေ့တော့ ဖိုးနမောလေးလည်း သူ့အဖေနဲ့အတူ တောထဲ ထင်းရှာလိုက်သွားပါတယ်။

ထင်းတွေ လှည်းအပြည့်တင်ပြီး ပြန်အလာ မြို့အပြင်ဘက် သုသာန်(သင်္ချိုင်းကုန်း) အနီးက ရေအဆင်ပြေတဲ့ နေရာတစ်နေရာမှာ နွားတွေကို လှည်းကနေ ချွတ်၊ မြက်စားဖို့ လွှတ်ထားပြီး ဖိုးနမောလေးတို့ သားအဖ ထမင်းစားကြ၊ နားနေကြပါတယ်။

ညနေချမ်းလည်းရောက်ရော လွှတ်ထားတဲ့နွားတွေက တခြားနွားတွေနဲ့အတူ မြို့ထဲဝင်သွားကြပါလေရော။ ဖိုးနမောလေးရဲ့ အဖေ မြို့ထဲဝင်ပြီး နွားတွေလိုက်ဖမ်း၊ မိလာလို့ မြို့အပြင်ပြန်အထွက်မှာတော့ မြို့တံခါးနားမရောက်ခင်မှာပဲ မြို့တံခါးက ပိတ်သွားပါပြီ။ ဖိုးနမောလေးရဲ့ အဖေ မြို့အပြင်ပြန်ထွက်လို့ မရတော့ဘူးပေါ့။

သုသာန်ထဲမှာ တစ်ယောက်တည်းကျန်ခဲ့တဲ့ ဖိုးနမောလေး သူ့အဖေကို စောင့်ရင်း စောင့်ရင်းနဲ့ ညဘက်ရောက်တော့ လှည်းအောက်မှာ အိပ်ပျော်သွားပါတယ်။

အဲဒီအချိန်မှာပဲ ဘီလူးနှစ်ယောက်ရောက်လာပြီး စိတ်ကောင်းရှိတဲ့ ဘီလူးက “မစားနဲ့” လို့ တားနေတဲ့ကြားက စိတ်ကောင်းမရှိတဲ့ဘီလူးက “ငါ့အစာပဲ၊ စားမယ်” ဆိုပြီး ဖိုးနမောလေးရဲ့ ခြေထောက်ကို စားဖို့ လှမ်းဆွဲလိုက်ပါလေရော။

ဖိုးနမောလေးလည်း နိုးနိုးချင်း “နမော ဗုဒ္ဓဿ” လို့ ရွတ်ဆိုလိုက်ပါတယ်။ “နမော ဗုဒ္ဓဿ” ကို အမြဲတမ်းရွတ်နေကျဆိုတော့ ခလုတ်တိုက်လို့ ယောင်တာပဲဖြစ်ဖြစ်၊ ရုတ်တရက်လန့်လို့ အော်တာပဲဖြစ်ဖြစ် “နမော ဗုဒ္ဓဿ” ပဲလေ။

ဖိုးနမောလေး “နမော ဗုဒ္ဓဿ” ရွတ်လိုက်တယ်ဆိုရင်ပဲ ခြေထောက်လာဆွဲတဲ့ ဘီလူးရဲ့ ခန္ဓာကိုယ်တစ်ခုလုံး ဓာတ်လိုက်သလို ကျဉ်တက်ပြီး နောက်ကို ကန်ထွက်သွားသတဲ့။ တစ်ကိုယ်လုံး ပူလောင်ပြီး တုန်လှုပ်သွားတာပေါ့။ ရင်တွေလည်း တဒိန်းဒိန်းခုန်ပြီး အရမ်းကို ကြောက်ရွံ့သွားသတဲ့ကွယ်။

“မင်းကို ငါပြောတယ် မဟုတ်လား၊ ဒီကလေးဟာ ဘုရားအမြဲရှိခိုးနေတဲ့ ကလေး၊ ဘုရားဂုဏ်တော် အမြဲပွားနေတဲ့ကလေး၊ စားလို့ ဘယ်လိုမျှ မရပါဘူးလို့”

“ခုတော့ ဘယ်လိုလုပ်ကြမလဲ”

“ဘုရားသားတော်ကို ပြစ်မှားမိမှတော့ ဒဏ်ထမ်းရုံပဲ ရှိတော့တာပေါ့၊ ငါ ဒီကလေးအနားမှာ စောင့်ရှောက်နေမယ်၊ မင်း မြို့ထဲဝင်ပြီး ဘုရင့်နန်းတော်ထဲက ဘုရင်စားတော်ခွက်ကို စားစရာ အပြည့်ထည့်ပြီး ယူလာခဲ့၊ သွား …. မြန်မြန်သွား”

ဘီလူးနှစ်ကောင်ဟာ ဖိုးနမောလေးရဲ့ မိဘအသွင်ဖန်ဆင်းပြီး ဖိုးနမောလေးကို ရှင်ဘုရင်ရဲ့ စားဖွယ်သောက်ဖွယ်တွေနဲ့ ကျွေးမွေးပြုစုကြပါတယ်။ ဖိုးနမောလေးကတော့ သူ့အဖေနဲ့ အမေလာပြီး ထမင်းကျွေးတယ်ပဲ ထင်နေတာပေါ့။ တစ်ညလုံး ဖိုးနမောလေးနားမှာ ပြုစုစောင့်ရှောက်ပြီး မနက်လင်းတာနဲ့ ဘီလူးနှစ်ကောင် ကိုယ့်နေရာကိုယ် ပြန်သွားကြပါတယ်။

အဲဒီနေ့မနက်မှာပဲ ရှင်ဘုရင်နန်းတော်မှာ ဘုရင့်စားတော်ခွက် သူခိုးခိုးသွားတယ် ဆိုပြီး တစ်နန်းတော်လုံး တစ်မြို့လုံး လိုက်ရှာကြပေမယ့် မတွေ့တဲ့အတွက် နောက်ဆုံး မြို့ပြင်ထွက်ပြီး လိုက်ရှာကြတဲ့အခါ ဖိုးနမောလေးရဲ့ ထင်းလှည်းပေါ်မှာ သွားတွေ့တော့တာပေါ့။

“ဘုရင့်ရွှေခွက် ခိုးတဲ့သူခိုး၊ လာ …လိုက်ခဲ့ ….” ဆိုပြီး ဖိုးနမောလေးကို ဘုရင့်နန်းတော်ဆီ ဖမ်းဆီး ခေါ်ဆောင်သွားပါတယ်။

ရှင်ဘုရင့်ကို စားတော်ခွက် (ရွှေခွက်) ဆက်သလိုက်တဲ့အခါမှာတော့ တခြားသူတွေ မမြင်ရဘဲ ရှင်ဘုရင်ပဲ မြင်ရအောင် ဘီးလူးနှစ်ကောင် ရွှေခွက်ပေါ်မှာ ရေးထွင်းလိုက်တဲ့ စာတွေကို ရှင်ဘုရင်ကြီး ဖတ်လိုက်ရပါတယ်။

“ဒီကလေးဟာ ရွှေခွက်ခိုးတဲ့ သူခိုး မဟုတ်ပါဘူး၊ ဘုရားအမြဲရှိခိုးတဲ့ ဘုရားသားတော်လေးပါ၊ ဒီရွှေခွက်ကို နန်းတော်ထဲကနေ ကျွန်ုပ်တို့ ဘီးလူးနှစ်ကောင်ယူပြီး ဒီကလေးရဲ့ မိဘအသွင်နဲ့ ကျွေးမွေးပြုစုခဲ့ကြတာပါ၊ ဒီကလေးမှာ ဘာမှ အပြစ်မရှိပါဘူး”

ရှင်ဘုရင်ကြီးလည်း အကြောင်းစုံ သိရတဲ့အခါ အံ့သြလွန်းလို့ ဖိုးနမောလေးကို သူရဲ့ မိဘနှစ်ပါးနဲ့အတူ မြတ်စွာဘုရားဆီ ခေါ်ဆောင်သွားပါတယ်။

မြတ်စွာဘုရားရှင်က-

“ဘုရား အမြဲရှိခိုးတဲ့သူ၊ ဘုရားဂုဏ်တော် အမြဲပွားတဲ့သူဟာ ဘုရားတန်ခိုး၊ ကုသိုလ်တန်ခိုးကြောင့် ဘေးရန် အန္တရာယ် ကင်းရှင်းတယ်၊ လိုအင်ဆန္ဒ ပြည့်ဝတယ်၊ အိပ်နေချိန်မှာလည်း ကောင်းကျိုးရတယ်၊ နိုးနေချိန်မှာလည်း ကောင်းကျိုးရတယ်” လို့ ဟောကြားတော်မူလိုက်ပါတယ်။

ဖိုးနမောလေး မင်းပြစ်မင်းဒဏ် မသင့်တဲ့အပြင် တရားထူးတရားမြတ်တွေပါ ရရှိသွားသတဲ့ကွယ်။

သားတို့ သမီးတို့ရေ …

ဖိုးနမောလေး ဘီးလူးစား မခံရတာ ဘာလို့လဲ။

ဘုရားရှိခိုးလို့။

ဖိုးနမောလေး ရှင်ဘုရင်ရဲ့ စားတော်ခွက် (ရွှေခွက်) ထဲက အစားကောင်းအသောက်ကောင်းတွေ စားရတာ ဘာလို့လဲ။

ဘုရားရှိခိုးလို့။

ဖိုးနမောလေးကို ဘီလူးနှစ်ကောင်က … မိဘအသွင် ဖန်ဆင်းပြီး အန္တရာယ်ကင်းအောင် စောင့်ရှောက်တာ ဘာလို့လဲ။

ဘုရားရှိခိုးလို့။

ဟုတ်တယ်နော် ….။

ဘုရားအမြဲရှိခိုးတဲ့သူကို လူတွေကလည်း ချစ်ခင်ကြ၊ ကူညီကြသလို နတ်တွေကလည်း ချစ်ခင်ကြ၊ ကူညီကြပါတယ်။ ဘုရားအမြဲရှိခိုးရင် ရုပ်တွေလည်း ပိုလှလာမယ်။ ဉာဏ်တွေလည်း ပိုကောင်းလာမယ်။ စာတွေလည်း ပိုတော်လာလိမ့်မယ် နော်။ ကံတွေလည်း တစ်နေ့တစ်ခြား ပိုကောင်းလာပြီး ကြီးလာရင် ပိုက်ဆံချမ်းသာတဲ့ သူဌေးကြီးတွေ၊ သူဌေးမကြီးတွေ သေချာပေါက် ဖြစ်လာမှာကွယ့်။

သားတို့သမီးတို့ ထမင်းစားခါနီးလည်း “နမော ဗုဒ္ဓဿ”၊ စာကျက်ခါနီးလည်း “နမော ဗုဒ္ဓဿ” ရွတ်ကြနော်။ အိပ်ရာဝင်လည်း “နမော ဗုဒ္ဓဿ”၊ အိပ်ရာထလည်း “နမော ဗုဒ္ဓဿ” ရွတ်ပြီး ဘုရားရှိခိုးကြပေါ့။ သတိရတိုင်းလည်း ခဏခဏရွတ်ကြပေါ့ကွယ်။ ရွတ်နိုင်လေ အကျိုးကြီးလေပါပဲ။

“နမော ဗုဒ္ဓဿ” ရွတ်ရတာ တိုတယ်ထင်ရင် သားတို့သမီးတို့ ရထားတဲ့ “နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ” ကို ရွတ်ကြပေါ့။ ပိုပြီး အကျိုးကြီးပါတယ်။

“နမော ဗုဒ္ဓဿ” ရဲ့ အဓိပ္ပါယ်က “မြတ်စွာဘုရားရှင်အား ရှိခိုးပါ၏” တဲ့။ အကျယ်ဆိုရင်တော့ “သိစရာအားလုံး သိတော်မူသော မြတ်စွာဘုရားရှင်အား ရှိခိုးပါ၏” ပေါ့။

“နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ” ရဲ့ အဓိပ္ပါယ်ကတော့ “စိတ်ဖြူစင်၍ သိစရာအားလုံး သိတော်မူသော ဘုန်းတန်းခိုးရှင် မြတ်စွာဘုရားအား ရှိခိုးပါ၏” တဲ့။ မြန်မာလိုပါ အရကျက်ပြီး ရှိခိုးနိုင်ရင်တော့ အကောင်းဆုံးပေါ့ကွယ်။

သားတို့သမီးတို့ အားလုံး ဘုရားအမြဲရှိခိုးတဲ့ ပညာရှိ သူတော်ကောင်းလေးတွေ ဖြစ်ကြပါစေလို့ ဘုန်းဘုန်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ် …..။

မေတ္တာဖြင့်

ဘုန်းဘုန်း

အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)

(ယဉ်ကျေးလိမ္မာဂျာနယ်၊ စက်တင်ဘာ ၁၊ ၂၀၀၅)

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...