၂၀၁၇ မှာ အင်တာနက် ၂၄ နာရီကြာ ပြတ်တောက်နိုင်ဟုဆို

၂၀၁၇ ထဲမှာ ဝက်ဘ်ဆိုက်တွေ သုံးမရဖြစ်ပြီး အင်တာနက်ပြတ်တောက်မှုက တစ်ချိန်ချိန် တစ်နေရာရာမှာ အကြီးအကျယ်ကြုံရဖို့ ရှိနေတယ်၊
၂၀၁၇ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်းမှ လူဦးရေသန်းပေါင်းများစွာဟာ အင်တာနက်ပြတ်တောက်မှု ၂၄ နာရီကြာ ကြုံတွေ့ရနိုင်ကြောင်း အမေရိကန် နည်းပညာလုံခြုံရေးကုမ္ပဏီ LogRhythm က ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း ဟောကိန်းထုတ် ခန့်မှန်းထားပါတယ်။
“၂၀၁၇ ထဲမှာ ဝက်ဘ်ဆိုက်တွေ သုံးမရဖြစ်ပြီး အင်တာနက်ပြတ်တောက်မှုက တစ်ချိန်ချိန် တစ်နေရာရာမှာ အကြီးအကျယ်ကြုံရဖို့ ရှိနေတယ်၊ အင်တာနက် ပြတ်တောက်သွားရင် ငွေကြေးဈေးကွက်ကို ထိခိုက်မှာပဲ” လို့ LogRhythm ရဲ့ သတင်းအချက် လုံခြုံရေးဆိုင်ရာ အကြီးအကဲနဲ့ ဒုတိယဥက္ကဋ္ဌ ဂျိမ်းစ်ကာဒါက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂ လအတွင်း အင်တာနက်ဝန်ဆောင်မှုကုမ္ပဏီ Dyn ကို ကြီးမားတဲ့ DDoS (distributed denial of service) ဆိုက်ဘာတိုက်ခိုက်မှု ဖြစ်ခဲ့ပြီး ၎င်းနဲ့ဆက်စပ်တဲ့ နာမည်ကြီးဝက်ဘ်ဆိုက်တွေ အသုံးပြုမရ ဖြစ်ခဲ့ပါတယ်။
အောက်တိုဘာလအတွင်းက ဖြစ်ခဲ့တဲ့ DDoS တိုက်ခိုက်မှုကြောင့် Twitter, SoundCloud နဲ့ Spotify တို့ အပါအဝင် ကမ္ဘာ့အကြီးမားဆုံး အမေရိကန်ဝက်ဘ်ဆိုက်တွေ ၂ နာရီကျော်ကြာ သုံးမရဖြစ်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ DDoS ဖြင့် တိုက်ခိုက်မှုဟာ အမှန်တကယ်အားဖြင့် စမ်းသပ်မှုသာဖြစ်ကြောင်း ဂျိးမ်ကာဒါက ဆိုပါတယ်။
DDoS ဆိုက်ဘာတိုက်ခိုက်မှုဖြင့် အကြီးမားဆုံး အမေရိကန် ဝက်ဘ်ဆိုက်တွေကိုပင် နာရီပိုင်းအကြာ အသုံးပြုမရအောင် လုပ်ဆောင်နိုင်ခဲ့ရာ တစ်ကမ္ဘာလုံးရှိ ဝက်ဘ်ဆိုက် အများအပြားကိုလည်း အလားတူ တိုက်ခိုက်လာနိုင်ပြီး ၂၄ နာရီကြာတဲ့အထိ အင်တာနက် သုံးမရအောင် လုပ်ဆောင်ရန်မှာ လွယ်ကူလိမ့်မယ်လို့ ဂျိမ်းကာဒါက သုံးသပ်ခဲ့ပါတယ်။။
အင်တာနက်မှာ သတင်းမှားများ ဖန်တီးလွှင့်တင်မှုဟာလည်း ၂၀၁၆ ခုနှစ်အတွင်း ပိုမိုဆိုရွားလာခဲ့ပြီး ဟက်ကာတွေက ထင်းရှားတဲ့ သတင်းမီဒီယာ ဝက်ဘ်ဆိုက်တွေကို ပစ်မှတ်ထားနေကြောင်း ၎င်းက ပြောပါတယ်။
LogRhythm ရဲ့ သြစတြေးလျနဲ့ နယူးဇီလန် ဈေးကွက်ညွန်ကြားရေးမှူး ဆိုင်မွန်ဟောင်းကလည်း ၂၀၁၇ ခုနှစ်အတွင်း မိုဘိုင်းအသုံးအဆောင်တွေမှာ ransomware ခေါ် malware တစ်မျိုး ပိုမိုပျံ့နှံ့ တွေ့ကြုံလာရမယ်လို့ ခန့်မှန်းပြောကြားထားပါတယ်။
၎င်းရဲ့အဆိုအရ ဟက်ကာတွေဟာ စမတ်ဖုန်းသုံးသူတွေရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အရေးကြီး အချက်အလက်တွေကို ထိန်းချုပ်ရယူကာ ငွေညှစ်တဲ့ပုံစံမျိုး လုပ်ဆောင်လာနိုင်တယ်လို့ ဆိုပါတယ်။
ဥပမာအားဖြင့် အသုံးပြုသူတစ်ဦးရဲ့ စမတ်ဖုန်းအတွင်းရှိ အရေးကြီး ဓာတ်ပုံတွေ သို့မဟုတ် အခြားသူများ မြင်တွေ့လို့မဖြစ်တဲ့ ဓာတ်ပုံတွေကို ဟက်ကာက ရယူသွားပြီး ငွေမပေးပါက အဆိုပါ ဓာတ်ပုံတွေကို ဖျက်ပစ်ခြင်း သို့မဟုတ် အခြားသူများထံ ဖြန့်ဝေပေးပို့ခြင်း ပြုလုပ်မယ်လို့ ခြိမ်းခြောက်လာနိုင်ကြောင်း ဆိုင်မွန်က ရှင်းပြပါတယ်။
Source & Photo: Business Insider

Credit: Duwun

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...