ဒီအချက်တွေကြောင့် အပျိုကြီး ဖြစ်နေတာ

ဝါကျွတ်ပြီဆို သူငယ်ချင်းအပေါင်းအသင်းတွေက “ နောက်ကားတွေတောင် ကျော်ကုန်ပြီ ၊  ဒီနှစ်ရော မစားရသေးဘူးလား” လို့မေးလာတိုင်း အောင့်သက်သက်ခံစားရတဲ့ အခိုက်အတန့်ဆိုတာ အပျိုကြီး တိုင်းမှာရှိပါတယ်။ အပျိုကြီးဆိုတဲ့စကားဟာ အရမ်းရိုင်းတယ်။ တကယ်တော့ အပူမရှာချင်တဲ့စိတ်ဓာတ်ရဲ့နောက်ကွယ်မှာ တစ်ယောက်တည်းနေချင်တဲ့စိတ်ဓာတ်လေး ကိန်းအောင်းနေတာပါ။ ဆယ်ကျော်သက်အရွယ်တွေဟာ သစ်ရွက်ကြွေတိုင်း ရင်ခုန်တတ်ပေမယ့် အပျိုကြီးတွေဟာ သစ်ကိုင်းကျိုးကြတာတောင် လှည့်မကြည့်တတ်တော့ပါဘူး။ ဘာဖြစ်လို့ အပျိုကြီးဖြစ်နေတာလဲဆိုတာ ကြည့်ရအောင်။

၁။ ရွေးရခက်နေလို့

တကယ်တော့ အပျိုကြီးဆိုတာ ဟိုလူက ကောက်ကိုင်လိုက် ပြန်ချလိုက် ၊ ဒီလူက ကောက်ကိုင်လိုက် ပြန်ချလိုက်နဲ့ နောက်ဆုံးဘယ်သူမှ မဝယ်လို့ တွန့်ကြေပြီး ကျန်ခဲ့တဲ့ ဘေထုတ်မဟုတ်ပါဘူး။ လူတကာအရမ်းမက်မောကြပေမယ့် တန်ဖိုးအရမ်းကြီးပြီး မဝယ်နိုင်တဲ့အတွက် လက်မှိုင်ချငေးမောနရတဲ့ တန်ဖိုးကြီးရတနာပဲဖြစ်ပါတယ်။ ရွေးချယ်စရာတွေ များလွန်းပြီး တစ်ယောက်တည်းကိုပဲ အိမ်ထောက်ဖက်ရွေးလိုက်ရင် ကျန်တဲ့သူတွေ အသည်းကွဲသွားမှာစိုးတဲ့အတွက် အပျိုကြီးဖြစ်နေတဲ့သူတွေလည်း ရှိပါတယ်။

၂။ ရည်မှန်းချက်မပြည့်သေးလို့

လူတိုင်းမှာ ဖြစ်ချင်တဲ့ ပန်းတိုင် ၊ ရည်မှန်းချက်ဆိုတာ ရှိကြစမြဲပါ။ ကိုယ်ဖြစ်ချင်တဲ့ ရည်မှန်းချက် မပြည့်ဝသေးတဲ့အတွက် ရည်မှန်းချက်ကို သွေဖယ်သွားစေမယ့်ကိစ္စတိုင်းကို ရှောင်ကျဉ်ကြပါတယ်။ ဥပမာ – ကိုယ်ဖြစ်ချင်တဲ့ ရာထူး ၊ ငွေကြေးဥစ္စာမပိုင်ဆိုင်သေးသရွေ့ အိမ်ထောင်ရေး ၊ အချစ်ရေးကိစ္စတွေ မစဉ်းစားချင်သေးလို့ တစ်ကိုယ်တည်းရပ်တည်ပြီး ရည်မှန်းချက်ပြည့်ဝအောင် ကြိုးစားနေတဲ့သူတွေလည်း ရှိပါတယ်။

၃။ အသည်းကွဲဖူးလို့

ဆယ်ကျော်သက်ဘဝတုန်းက ရည်းစားဦးနှင့် မပေါင်းခဲ့ရဘဲ အသည်းကွဲဖူးတဲ့လူတွေဟာလည်း အပျိုကြီးဘဝနှင့် အရိုးထုတ်သွားလေ့ရှိပါတယ်။ အသည်းကွဲဝေဒနာကို မချိမဆန့်ခံစားခဲ့ရတဲ့အတွက် အချစ်ဆိုတာကိုကြားလိုက်တိုင်း ဒူးတုန်အောင် ကြောက်တဲ့သူတွေဟာ အပျိုကြီးတွေ ဖြစ်ကြပါတယ်။

၎။ အပူမရှာချင်လို့

အပျိုကြီးတွေဟာ အိမ်ထောင်ရေးဆိုတာ စကားလုံးလှလှတွေနဲ့ ချုပ်နှောင်ထားတဲ့ အကျဉ်းထောင်ကြီးပါလို့ မြင်နေတတ်ပါသေးတယ်။ ဒုက္ခကို အရောင်ဆိုးထားတဲ့ အိမ်ထောင်ရေးဆိုတဲ့ ထောင်ချောက်ကြီးကိုလည်း မဝင်လိုဘဲ ဘဝလမ်းခရီးမှာ သီးခြားရပ်တည်လိုပြန်ပါတယ်။ အိမ်ထောင်ရှင်ဖြစ်သွားရင် ရလာမယ့်သုခတွေထက် ဖြစ်လာမယ့်ဒုက္ခတွေကို ကြောက်လွန်းလို့ အပျိုကြီးအနေနဲ့ ရပ်တည်ကြပြန်ပါတယ်။

၅။ ယောက်ျားတွေကို အထင်မကြီးလို့

ခုခေတ်မှာ ပညာအရမ်းတတ်သွားတဲ့သူတွေ အပျိုကြီးဖြစ်တတ်ကြတယ်။ ပညာသိပ်တတ်တော့ တော်ရုံယောက်ျား အထင်မကြီးတော့ဘူး။ မိဘတွေရှိတုန်း မိဘနဲ့နေတယ်။ မိဘတွေမရှိတော့ဘူးဆိုရင်လည်း ကိုယ့်ပညာ ၊ ကိုယ့်ရာထူးနဲ့ သိက္ခာရှိရှိနေနိုင်တဲ့သူတွေဖြစ်တဲ့အတွက် ဘယ်သူ့ကိုမှအားကိုးရှာစရာမလိုဘူး။ ပြီးတော့လည်း ဆယ်ကျော်သက်တုန်းက ရည်းစားသိပ်များတဲ့လူတွေ အပျိုကြီးဖြစ်ကုန်ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ယောက်ျားတွေတော်တော်များများနဲ့ ပက်သတ်ခဲ့ဖူးတော့ သူတို့အကြောင်းကို သိသွားတဲ့အတွက် ဆက်ပြီးမပက်သတ်ချင်တော့တာ။
ကျော်စိုးအောင် (အခရာ)

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...