လူဝင်စား အကြောင်းများ

ယုံကြည်သူများ ဗဟုသုတအဖြစ် Share ယူထားလိုက်ပါ။
မကြာခဏဆိုသလို လူဝင်စားဖြစ်ရပ် သတင်းများသည် ကျွန်တော်တို့ ပတ်ဝန်းကျင်များတွင်လည်းကောင်း၊ စာအုပ်များတွင်လည်းကောင်း ဖတ်ဖူး ကြားဖူးကြပေလိမ့်မည်။ ကမ္ဘာအရပ်ရပ်၌လည်း အတိတ်ဘ၀ကို ကောင်းစွာမှတ်မိ၍ သေချာ ပြောပြနိုင်သော ကလေးသူငယ်များ တခါတရံ ပေါ်ထွက်လာလေ့ ရှိ၏။

ယုံကြည်သူများနှင့် မယုံကြည်သူများ ။ ။

အတိတ်ဘ၀ကို ယုံကြည်လက်ခံကြသောသူများက ဖြစ်ရိုးဖြစ်စဉ်ဟုသာ မှတ်ယူ၍ စိတ်မ၀င်စားကြချေ။ မယုံကြည်သူများကလည်း ကလေး၏ ပေါက်ကရ ပြောဆိုမှုဟူ၍ အလေးမထားပဲ မေ့ပစ်လိုက်ကြသည်က များ၏။ 

မယုံကြည်သူများ၏ စွပ်စွဲချက်နှင့် စဉ်းစားရမည့် အချက်များ ။ ။

မယုံကြည် လက်မခံလိုသူများက ထိုအမှုများအားလုံးသည် လိမ်လည်သော အရာများသာ ဖြစ်ကြပါသည်ဟု စွပ်စွဲကြသည်။ သို့ရာတွင် စဉ်းစားရန် ရှိသည်မှာ…. လူဝင်စားမှုများကို တီထွင်လိမ်လည်ရန်မှာ လွယ်ကူသော ကိစ္စတော့ မဟုတ်ပေ။ အသက် သုံးနှစ်သား ကလေးကို မိဘဆွေမျိုးများက အပင်ပန်းခံ ဇာတ်တိုက်ကာ အချိန်ကုန်ခံ၍ သင်ကြားရပေမည်။ 

သုတေသီများရှေ့၌ သေသူ၏ ဆွေမျိုးသားချင်းများ၏ ကိုယ်ရေးကိုယ်တာအကြောင်းများ၊ ဘ၀ဟောင်းက ပိုင်ဆိုင်ခဲ့သော ပစ္စည်းများနှင့် ၀ယ်ယူခဲ့သော နေရာများ စသော သုတေသီတို့ မေးသမျှ အသေးစိတ်ခွဲခြား၍ အချက်ပေါင်းများစွာကို မှတ်မိလေအောင် သုံးနှစ်သား ကလေးများအဖို့ အလွတ်ကျက် သင်ကြားထားရန် လွယ်ကူပါမည်လော။

ဤအချက်များနှင့် အခြားစဉ်းစားစရာ အချက်များစွာကို ထောက်ချင့်၍ သုတေသီများ ပြုစုထားသော ထောင်နှင့်ချီ ရှိသော လူဝင်စားအမှု အားလုံးမှာ လိမ်လည် လှည့်စားသော အရာများသာ ဖြစ်ပါသည်ဟု မဆိုနိုင်ပေ။ 

သုတေသီ ဒေါက်တာ စတီဗင်ဆင် ။ ။

ဗားဂျီးနီးယားတက္ကသိုလ်မှ ပရစိတ္တဗေဒ ပါမောက္ခ ဒေါက်တာ အီအန်စတီဗင်ဆင် Dr. Ian Stevenson သည် ကမ္ဘာတလွှား နိုင်ငံများစွာ သွားရောက်၍ လူဝင်စားဆိုသူများအား စုံစမ်းလေ့လာခဲ့သော လူဝင်စားအမှုများမှာ အမှုပေါင်း ၃၀၀၀ ကျော် ရှိနေပြီ ဖြစ်သည်။

လူဝင်စားအမှုများတွင် ထင်ရှားသော လက္ခဏာ လေးခုကို တွေ့ရပေမည်။ ၎င်းတို့မှာ -

၁ ။ ။ လူဝင်စား ဖြစ်သည်ဆိုသောသူသည် ကလေးအရွယ် အသက်သုံးနှစ်လောက်ကစ၍ မိမိ၏ အတိတ်ဘ၀အကြောင်းကို မှန်ကန်စွာ ပြောပြနိုင်ခြင်း။

၂ ။ ။ ဘ၀ဟောင်းမှ မိဘဆွေမျိုးသားခြင်းများ၊ မိတ်ဆွေအပေါင်းအသင်းများ၊ နေရာဌာနနှင့် ကိုယ်ပိုင်ပစ္စည်းများကို ကောင်းစွာ ခွဲခြားမှတ်မိခြင်း။

၃ ။ ။ မိမိဘ၀ဟောင်းနှင့် ပတ်သက်၍ စိတ်လှုပ်ရှား ခံစားမှု ရှိခြင်း၊ ဘ၀ဟောင်းက လူများ၊ နေရာဌာနများနှင့် ဖြစ်ပျက်မှုများသည် ချစ်စိတ်၊ မုန်းစိတ်၊ ကြောက်စိတ် စသည်တို့ကို ဖြစ်ပေါ်စေခြင်း။

၎ ။ ။ လူဝင်စားဆိုသူနှင့် ဆိုင်ရာ အတိတ်ဘ၀ ပုဂ္ဂိုလ်တွင် စရိုက်၊ ၀ါသနာတို့ တူညီမှု ရှိကြခြင်း။

ဘရားဇီးနိုင်ငံမှ လူဝင်စား ဆိုင်မွန်နီ ။ ။

ဘရာဇီးနိုင်ငံမှ လူဝင်စားသုတေသန ဌာနမှ တွေ့ရှိခဲ့သော ဆိုင်မွန်နီသည် ဘရာဇီးနိုင်ငံသူ ဖြစ်လျက် ငယ်စဉ်ကတည်းကပင် အီတာလျံစကားကို ပြောဆိုနိုင်၏။ သူနှင့်အတူ နေထိုင်သော မိဘ၊ ဆွေမျိုးသားချင်းများနှင့် ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းများတွင်လည်း အီတာလျံစကားကို ပြောဆိုတတ်သူ၊ စိတ်ဝင်တစား လေ့လာသူဟူ၍လည်း မရှိချေ။

သို့သော် ဆိုင်မွန်နီသည် စကားပြောတတ်သည့် အရွယ်မှ စ၍ အီတာလျံစကားကို ထူးထူးခြားခြား စပြော၏။ နှစ်နှစ်အရွယ်တွင် အီတာလျံစကားကို သွက်သွက်လက်လက် ပြောဆိုနိုင်သည့်အပြင် အီတာလျံကဗျာများကိုလည်း ရွတ်ဆိုနိုင်၏။ လေယာဉ်အသံများ ကြားလျှင် ကြောက်လန့်တကြား ဖြစ်နေတတ်သည်။

ဗုံးဆန်မှန်၍ သေဆုံးခဲ့သော အီတလီသူ ။ ။

သူ၏ အတိတ်ဘ၀အကြောင်းကို ပြောပြရာ...

သူသည်ဘ၀ဟောင်းက အီတလီ၊ ရောမမြို့ရှိ မိဘမဲ့ကျောင်းတွင် နေခဲ့ရကြောင်း၊ အင်ဂျလီနာဟု ခေါ်ကြောင်း၊ တစ်နေ့တွင် ဗုံးကြဲလေယာဉ်များ ရောမမြို့ပေါ်သို့ ဗုံးကြဲရာတွင် သူတို့ မိဘမဲ့ကျောင်းကို ထိမှန်ခဲ့ကြောင်း၊ ဗုံးကြဲသည့် အချိန်တွင် တကိုယ်လုံး ပူခနဲဖြစ်ပြီး ကောင်းကင်ဘုံကို ရောက်သွားခဲ့ကြောင်း သုံးနှစ်အရွယ် ဆိုင်မွန်က သူ၏ အတိတ်ဘ၀အကြောင်းအား ပြောပြခဲ့၏။ 

လက်ဘနွန်ပြည်မှ လူဝင်စားမှု ။ ။

လက်ဘနွန်ပြည်၊ ကော်နယ်ရွာ Kornayel)မှ အိမတ် (Imad Elawar)သည် အသက်နှစ်နှစ် အရွယ်တွင် အတိတ်ဘ၀က သူနေခဲ့သော ခရီဘီရွာ Khriby)နှင့် ဘ၀ဟောင်းက မိဘများ၊ အခြားလူများ၊ ပိုင်ဆိုင်မှု ပစ္စည်းများအကြောင်း၊ တောထဲ၌ အမဲလိုက်ထွက်ပုံ၊ ဘတ်(စ်)ကား မှောက်၍ သေဆုံးခဲ့ပုံ၊ ချောမောလှပသော မယားငယ်အကြောင်းနှင့် အခြားဖြစ်ရပ်များအား လက်ရှိ မိဘ၊ ဆွေမျိုးများအား ပြောပြလေ့ ရှိ၏။ ဘ၀ဟောင်းမှ ခရီဘီကျေးရွာလေးသို့ သွားလိုကြောင်းလည်း မကြာမကြာ ပူဆာတတ်၏။

ခရီဘီကျေးရွာသို့ လူဝင်စားသုတေသန ။ ။

စိတ်ဝိညာဉ်သုတေသီ ဒေါက်တာစတီဗင်ဆင်သည် အိမန်နေထိုင်ရာ ကော်နယ်ရွာသို့ ရောက်သွားသော အချိန်၌ လူဝင်စား အိမတ်နှင့် သူ၏ မိဘများမှာ ခရီဘီကျေးရွာသို့ မသွားရသေးပေ။ စတီဗင်ဆင် အဖွဲ့နှင့်အတူ လူဝင်စားလေး အိမတ်နှင့် သူ၏ မိဘများသည် ခရီဘီကျေးရွာသို့ သုတေသနခရီးအဖြစ် သွားခဲ့ကြ၏။ 

ဘ၀ဟောင်းမှ သံယောဇဉ် ။ ။

အိမတ်သည် ခရစ်ဘီကျေးရွာသို့ ရောက်သောအခါ ဘ၀ဟောင်းမှ ဆွေမျိုးများ၊ မိတ်ဆွေများနှင့် လှပသော မယားငယ်တို့ကို ကောင်းစွာ မှတ်မိ၍ သူတို့အကြောင်းကို ပြောပြနိုင်၏။

သုတေသီတို့က အိမတ်ပြောပြသော ဘ၀ဟောင်းမှ အကြောင်းများကို အသေးစိတ် စုံစမ်းလေ့လာကြည့်ရာ မှန်ကန်မှုရှိကြောင်း သိခဲ့ရသည်။ အတိတ်ဘ၀က မသေမှီ နောက်ဆုံးပြောခဲ့သော စကားကိုပင် အိမတ်က ပြန်ပြောပြရာ ဘ၀ဟောင်းမှ ဆွေမျိုးများမှ မှန်ကန်ကြောင်း အတည်ပြုပေးခဲ့သည်။

အတိတ်ဘ၀က အကြောက်တရား ။ ။

အိမတ်သည် ဘတ်(စ်)ကားမြင်လျှင် ကြောက်တတ်လေ့ရှိ ရာ သူ၏ အတိတ်ဘ၀က ဘတ်(စ်)ကားမှောက်၍ သေဆုံးခဲ့ကြောင်း သိရ၏။

အတိတ်ဘ၀က ပါရမီ ။ ။

အိမတ်၏ မိဘအသိုင်းအ၀ိုင်း၌ ပြင်သစ်စကားကို တတ်မြောက်သူ မရှိသော်လည်း ကလေးဘ၀မှာပင် ပြင်သစ်ဘာသာစကားကို လျင်မြန်စွာ တတ်မြောက်ခဲ့ကာ ထူးချွန်သော အိမတ်သည် ဘ၀ဟောင်းက ပြင်သစ်စစ်တပ်တွင် အမှုထမ်းဖူး၍ ပြင်သစ်စကားကို ကောင်းစွာ ပြောတတ်သူဖြစ်ကြောင်း သိခဲ့ရသည်။ 

အတိတ်ဘ၀က ၀ါသနာ ယခုဘ၀အထိပါ ။ ။

ငယ်ငယ်ရွယ်ရွယ်နှင့် တောထွက် အမဲလိုက်ခြင်းကို စိတ်အားထက်သန်နေသော အိမတ်သည် သူ၏ ဘ၀ဟောင်းကလည်း အမဲလိုက်ခြင်းကို အလွန် ဝါသနာပါခဲ့ကြောင်း ပြောပြခဲ့သည်။

ဘ၀ဟောင်းက အထုံဝါသနာနှင့် ယခုဘဝ ။ ။

သုတေသီများ၏ အဆိုအရ ကလေးသူငယ်များ၏ အထုံဝါသနာသည် ရှေးဘ၀ဟောင်းနှင့် ဆက်စပ်နေတတ်၏။ ဘာသာရေး၌ စိတ်ဝင်စားသော ကလေးငယ်များမှာ ဘ၀ဟောင်းက ဘုရားတရား ကြည်ညိုသောသူများ ဖြစ်နေကြ၏။

မြွေများကို မကြောက်ပဲ စိတ်ဝင်စားသော ကလေးတစ်ဦးမှာ ယခင်ဘ၀က သူခိုးလူဆိုးများရန်မှ ကာကွယ်ရန် အိမ်တွင် မြွေဟောက်တစ်ကောင် မွေးခဲ့ဖူးသော အမျိုးသမီးတစ်ဦး ဖြစ်ခဲ့ဖူးကြောင်း သိရ၏။ 

ဘ၀ဟောင်းက အကြိုက်နှင့် ယခုဘ၀ အကြိုက် ။ ။

လူဝင်စားမှုများ၌ ကလေးသည် အချို့သော အစားအသောက်များကို ခုံမင်နှစ်သက်၍ အချို့ကို ရွံမုန်းခြင်းများမှာလည်း ဘ၀ဟောင်းက လက္ခဏာ အခြင်းအရာများနှင့် တူ၏။ အရက်သောက်ချင်သော ကလေးသုံးယောက်နှင့် ဆေးလိပ်သောက်ချင်စိတ် ပြင်းပြနေသော ကလေးတစ်ဦးမှာ ယခင်ဘ၀က အလွန် အရက်ကြိုက်သော သူများနှင့် ဆေးလိပ်ကြိုက်သူတို့ ဖြစ်နေကြ၏။ 

သုတေသီများ၏ တွေ့ရှိချက်များကို ထောက်ရှုရသော် အချို့ကလေးများသည် အတိတ်ဘ၀ကို လုံးဝမမှတ်မိစေကာမူ သူတို့၏ ထူးခြားသော ၀ါသနာများ၊ အစွဲအလမ်းများမှာ ဘ၀ဟောင်းမှ ပါလာသော ၀ါသနာများ ဖြစ်ပေလိမ့်မည်။ 

မိဘနှင့် ပတ်ဝန်းကျင်၏ လွမ်းမိုးမှု ။ ။

မိဘများနှင့် ပတ်ဝန်းကျင်၏ သြဇာလွမ်းမိုးမှုမှာ ကြီးမားလှသည်မှန်၏။ သို့ရာတွင် ဤနေရာ၌ မိဘများနှင့် ပတ်ဝန်းကျင်မှ တိုက်တွန်းမှုကြောင့် စိတ်ဝင်စားလာသော ဖြစ်ရပ်များကို မဆိုချေ။

ကန့်ကွက် တားမြစ်နေသည့်ကြားမှ ထူးချွန် အောင်မြင်ကြသူများ ။ ။

နာမည်ကျော် ဂျာမန်ဂီတပညာရှင် ဂျော့ဖရီဒရစ်ဟင်ဒယ် Frederick Handel သည် မိဘဆွေမျိုးများက ဂီတကို လုံးဝ စိတ်မ၀င်စားသည့်အပြင် ဆရာဝန်ဖြစ်သူ ဖခင်သည် ဂီတနှင့်ပတ်သက်၍ တင်းတင်းကျပ်ကျပ်ပိတ်ပင် တားမြစ်ခဲ့သော်လည်း ဟင်ဒယ်သည် အနုပညာလောကတွင် အောင်မြင်ကျော်ကြားခဲ့၏။

ဖလော်ရင့်နိုက်တင်ဂေးသည် ကလေးဘ၀ကပင် သူနာပြုလုပ်ငန်းကို စိတ်ဝင်စား၍ မိဘဆွေမျိုးများ ပိတ်ပင်နေသည့်ကြားမှ ဆန့်ကျင်ကာ သူနာပြုဆရာမအဖြစ် ထင်ရှားလာခဲ့သည်။ 

ဘ၀ဟောင်းက ပါရမီလော ။ ။

ကလေးဘ၀၌ အတတ်ပညာတစ်ခုခု ဥပမာ အားကစား၊ ဂီတ၊ ပန်းချီ၊စာပေအား မိဘဆွေမျိုးများက အားမပေးသည့်ကြားမှပင် အထူးတလည် အားစိုက် သင်ကြားစရာမလိုပဲ အလွယ်တကူ ကျွမ်းကျင် တတ်မြောက်ကြသူများကို ကျွနုပ်တို့ ပတ်ဝန်းကျင်၌လည်း တခါတရံ တွေ့နိုင်ပေသည်။ သူတို့သည် ဘ၀ဟောင်းကို လုံးဝမမှတ်မိကြပါ။

သို့ရာတွင် မျက်မှောက်၌ အကြောင်းတရား ရှာမရအပ်သော သူတို့၏ စိတ်ဝင်စားမှုနှင့် ကျွမ်းကျင်လိမ္မာမှုတို့သည် ဘ၀ဟောင်းက ပါလာသည်ဟု ယူဆဖွယ် ရှိနေ၏။
 အတိတ်ပါရမီနှင့်လိုက်ဖက်သော ကမ္မဋ္ဌာန်းတရား ။ ။

ဗုဒ္ဓဘုရားရှင်လက်ထက်တော်အခါက ရဟန်းငယ်တစ်ပါးသည် အသုဘကမ္မဋ္ဌာန်းကို ၀ါတွင်း ၃ လ ကာလပတ်လုံးတင်မက တန်ဆောင်မုန်း လပြည့်နေ့အထိ ပွားများသော်လည်း တရားတိုးတက်မှု မရှိချေ။ 

လက်ယာတော်ရံ အရှင်သာရိပုတ္တရာက မြတ်ဗုဒ္ဓထံ ချဉ်းကပ်ပြီး ထိုရဟန်းငယ်အတွက် ကမ္မဋ္ဌာန်းတောင်းပေးရာ ဗုဒ္ဓမြတ်စွာသည် ပဒုမ္မာကြာညိုပန်းတစ်ပွင့်ကို ဖန်ဆင်းတော်မူပြီး ထိုရဟန်းငယ်အား ပေး၏။

ထို့နောက်ဗုဒ္ဓသည် ရဟန်းငယ်အား ဇေတ၀န်ကျောင်း၏ အနောက်တောင်ထောင့်ရှိ ရေကန်အနီးတွင် ကသိုဏ်းဝန်းအဖြစ် ပဒုမ္မာပန်းပွင့်ကို ကြည့်ရှုရင်း နီလကမ္မဋ္ဌာန်းကို အာရုံစိုက် ရှုမှတ်ပွားများရန် မှာကြားလိုက်၏။

ထိုရဟန်းငယ်သည် မြတ်ဗုဒ္ဓချီးမြှင့်လိုက်သော ပဒုမ္မာကြာပွင့်နှင့် ကမ္မဋ္ဌာန်းအား ပွားများရာ ထိုနေ့ နေမ၀င်မှီတွင် မဂ်ဥာဏ်ဖိုလ်ဥာဏ်ဖြင့် နိဗ္ဗာန်စခန်းသို့ တက်လှမ်းနိုင်လေတော့၏။ ဤရဟန်းငယ်သည် အတိတ်က ဘ၀ပေါင်း ၅၀၀ တိုင်အောင် ရွှေပန်းထိမ်သား ဖြစ်ခဲ့သဖြင့် ရွှေပန်းရွှေခက်များ ထုလုပ်ခြင်းတွင် အထုံပါရမီ ရင့်သန်ကြောင်းကို မြတ်ဗုဒ္ဓသည် သိမြင်တော်မူ၍ ထိုရဟန်းငယ်၏ ပါရမီနှင့် လိုက်ဖက်သော ကမ္မဋ္ဌာန်းအား ရှုပွားစေသောကြောင့် အချိန်တိုအတွင်း တရားထူး ရသွားခြင်းဖြစ်သည်။

မင်းလှမြို့က လူဝင်စားမှု ။ ။

မင်းလှမြို့မှ မောင်သာလှသည် သူ၏ မိဘများနှင့် ဧည့်သည်များက ကြို့ကုန်းရွာ၊ ရွှေကျင်ကျောင်းတိုက်မှ ကြေးစည်ကြီးတစ်လုံး ပျောက်သွားကြောင်း ပြောဆိုနေသည်ကို ကြားမိသောအခါ မောင်သာလှမှာ မနေနိုင်တော့ပဲ...

အဲဒါ သား... အရင်တုန်းက.. လှူခဲ့တဲ့ ကြေးစည်ပဲ...!!! ဟု ကြားဖြတ် ဝင်ပြောလေ၏။

ပေါက်ပေါက်ရှာရှာ... အဲဒါအပျိုကြီး ဒေါ်ရွှေမယ်လှူခဲ့တဲ့ ကြေးစည်ပါဟဲ့ ကောင်လေးရဲ့...!!!

ဟုတ်တယ်လေ၊ ဒေါ်ရွှေမယ်ဖြစ်တုန်းက သားလှူခဲ့တာလေ...!!!

ထိုအခါ လူမမယ်အရွယ် မောင်သာလှလေးအား မိဘနှစ်ပါးနှင့် ဧည့်သည်များက တအံ့တသြကြည့်မိကြကုန်၏။

ဘ၀ဟောင်းက ဆွေမျိုးများနင့် တွေ့ဆုံခြင်း ။ ။

ဒေါ်ရွှေမယ်၏ ဆွေးမျိုး၊ မိတ်ဆွေများက ဤအကြောင်းကို ကြားသိရသောအခါ လူဝင်စား မောင်သာလှကို လာကြည့်ကြ၏။ ယခု မောင်သာလှ ဘ၀၌ တစ်ခါမှ မမြင်ဖူး၊ မကြားဖူးသော ဒေါ်ရွှေမယ်၏ ဆွေးမျိုးများကို လူမမယ်လေး မောင်သာလှက နာမည်များ ပြောပြနိုင်သည့်အပြင် မည်သို့ ဆွေမျိုးတော်စပ်ခဲ့ပုံကိုလည်း ပြောပြ၏။ မောင်သာလှသည် ဘ၀ဟောင်းမှ ဆွေးမျိုးများနှင့် ပြန်ဆုံရသဖြင့် ကျေနပ်ပျော်ရွှင်နေလေ၏။

ဘ၀ဟောင်းအကြောင်းပြောပြသော မောင်သာလှ ။ ။

ဘ၀ဟောင်းက ဒေါ်ရွေှ့မယ်အိမ်သို့ ခေါ်သွားသောအခါ သူပိုင်ဆိုင်ခဲ့ဖူးသော ပစ္စည်းများကို ခွဲခြားပြသည့်အပြင်၊ သူလှူဒါန်းခဲ့ဖူးသော အလှူများအကြောင်း၊ သူ့မိတ်ဆွေဟောင်းများအကြောင်း ပြောပြလေသဖြင့် ဘ၀ဟောင်းမှ ဒေါ်ရွှေမယ်၏ အမျိုးများမှာ လူဝင်စား မောင်သာလှလေးကို ဒေါ်ရွှေမယ်အမှတ်ဖြင့် အချစ်ကြီး ချစ်မိလေတော့၏။

ဒါန၊ သီလဟူသော ကံမျိုးစေ့နှင့် စိတ်ဆန္ဒ ။ ။

ဒေါ်ရွှေမယ်ဘ၀က အလှူအတန်း၌ ၀ါသနာထုံသည့်အလျောက် ငါးပါးသီလမြဲပြီး နေ့စဉ် ဆွမ်းလောင်းခြင်း၊ ဆင်းရဲသူများအား ပေးကမ်းခြင်း၊ ဧက ၂၀ လယ်မြေအား ဘုန်းကြီးကျောင်းအတွက် လှူဒါန်းခြင်း စသည့် ကုသိုလ်များစွာအား ပြုခဲ့၏။ အလှူဒါနများ ပြုပြီးတိုင်း နောင်ဘ၀တွင် သာသနာ့အကျိုးအား ထမ်းရွက်ရသော၊ ဥာဏ်ပညာကြီးသော ယောက်ျားဘ၀အား ဆုတောင်းခဲ့ကြောင်း ဆွေမျိုးများနှင့် ရွှေကျင်ကျောင်း ဆရာတော်တို့ထံမှ သိရှိခဲ့သည်။ 

ဘ၀ဟောင်းက ချခဲ့သော ကံမျိုးစေ့ အကျိုးပေးပြီ ။ ။

ဒေါ်ရွှေမယ်သည် အသက် ၆၀ ၌ ကွယ်လွန်ပြီး နောက်တစ်နှစ်ခန့်အကြာတွင် မောင်သာလှအား မွေးဖွားခဲ့၏။ ဒေါ်ရွှေမယ်ဘ၀က ဆန္ဒပြင်းပြ၍ တောင့်တခဲ့သည့်အလျှောက် ယခု မောင်သာလှဘ၀၌ ပညာအလွန်ထူးချွန်ပြီး၊ လေးတန်းတွင် စကောလားရှစ်ဆု၊ သတ္တမတန်းတွင် စကောလားရှစ်ဆု၊ ဆယ်တန်းအောင်သောအခါတွင်လည်း ကောလိပ်ဂျင် စကောလားရှစ်ဆုကို ထူးချွန်စွာ ရခဲ့၏။ ကမ္ဘာ့ကျန်းမားရေးအဖွဲ့ (WHO) မှ ချီးမြှင့်သော စကောလားရှစ်ဆု ရရှိပြန်ကာ မဒရတ်တက္ကသိုလ်မှ DVD ဘွဲ့နှင့် လန်ဒန်တက္ကသိုလ်မှ MBBS ဘွဲ့တို့ကို ရရှိခဲ့၏။

အတိတ်ဟောင်းက ကံမျိုးစေ့နှင့် စိတ်ဆန္ဒ ။ ။

ဒေါ်ရွှေမယ်ဘ၀က ပြင်းပြသောဆန္ဒရှိခဲ့သည့်အတိုင်း ယခု မောင်သာလှဘ၀တွင် ဆရာဝန်ဖြစ်စမှာပင် ကမ္ဘာအေးကုန်းမြေ၌ ဆရာတော်များ၏ ကျန်းမာရေးစောင့်ရှောက်မှုတာဝန်ကိုယူရန် ကံအကြောင်းသင့်၍ တာဝန်ပေးအပ်ခြင်းကို ၀မ်းပန်းတသာ ထမ်းရွက်ခဲ့၏။

မန္တလေးသို့ပြောင်းရွှေ့သောအခါတွင်လည်း သံဃာတော်များ၏ ကျန်းမာရေးကို စောင့်ရှောက်ရန် ကံအကြောင်းလှစွာ ထပ်မံတာဝန်ပေးအပ်ခြင်းအား ၀မ်းမြောက်စွာ ခံယူထမ်းရွက်ပြန်၏။

စားရေးဆရာ ဦးဆန်းလွင်၏ အတိတ်ဘ၀ ။ ။

တခါက ၃ တန်းကျောင်းသားလေး မောင်ဆန်းလွင်သည် အတန်းထဲ၌ တောင်ငူကို အင်းဝက တိုက်ခိုက်သိမ်းပိုက်သော ရာဇ၀င်အကြောင်းအား ဆရာမကြီးဒေါ်သိန်းမေက ပြောပြနေစဉ် ရှိုက်ကြီးတငင်ငိုကြွေးလေတော့၏။ အတန်းထဲမှ သူငယ်ချင်းများက တအံ့တသြဖြစ်ကုန်ကြ၏။

အတိတ်ဘ၀ကို သတိရ လွမ်းဆွတ်မိခြင်း ။ ။

ဆရာမက မောင်ဆန်းလွင်အား အကျိုးအကြောင်း မေးမြန်းရာ...

ဆရာမ... သားလေ …ဆရာမပြောပြနေတာကို နားထောင်ရင်း….အရင်ဘ၀တုန်းက… ဗုဒ္ဓဘာသာဖြစ်ခဲ့ဘူးတာကို…သတိရမိသွားလို့ပါဆရာမ။ အခု သည်ဘ၀ကျမှ သားက…ဘာသာခြားဖြစ်နေရတာပါ….” ဟု မျက်ရည်များနှင့် အတိတ်ဘ၀က ဗုဒ္ဓဘာသာဝင်ဖြစ်ခဲ့ရသည်ကို ..မောင်ဆန်းလွင်မှာ လွမ်းဆွတ်တမ်းတနေမိ၏။

ဤမောင်ဆန်းလွင်အကြောင်းအား ဦးဆန်းလွင်ရေး သား ခဲ့သော”ဥာဏ်လမ်းပေါ် လျှောက်သူတစ်ယောက်အကြောင်း”စာအုပ်တွင် ဖတ်ရှုခဲ့ရသည်။ 

ဦးဆန်းလွင်သည် အတိတ်ဘ၀တစ်ခုက…တောင်ငူကို တိုက်ခိုက် သိမ်းပိုက်ခဲ့သောအင်းဝဘုရင် ရွှေနန်းကြော့ရှင်နရပတေ့မင်း တစ်ပါးဖြစ်ခဲ့ပြီး ဗားမဲ့ဆရာတော်ကို ကိုးကွယ်ခဲ့သူဖြစ်ကြောင်းသိရ၏။

စွန်းလွန်းဆရာတော်ဘုရား လောင်းလျာဘ၀ ။ ။

စွန်းလွန်းဆရာတော် ဘုရားသည်လည်း အတိတ်ဘ၀တစ်ခုက… သထုံဘုရင်မနူဟာမင်းဆည်းကပ် ကိုးကွယ်သော ဗားမဲ့ဆရာတော်ဖြစ်ခဲ့ဖူးကြောင်း စွန်းလွန်းဆရာတော်ဘုရားကြီး၏ ထေရုပတ္တိစာအုပ်၌ မှတ်သားခဲ့ရဘူး၏။ 

အဆိုတော်လေးဖြူ၏ အတိတ်ဘဝ ။ ။

၂၀၀၀ ခုနှစ် အတွင်းက မဟေသီ Magazine ၌ နိုင်ဇော် ရေးသားပြုစုသော လေးဖြူအတ္ထုပ္ပတ္တိအကြောင်း အခန်းဆက်ရှည်ကြီးကို လစဉ်စောင့်စား ဖတ်ရှုခဲ့ဖူးသည်။ 

အခန်းဆက် အစပိုင်းတွင် အဆိုတော်လေးဖြူအား သူ့မိခင်နှင့် တကွ ဆွေမျိုး အသိုင်းအဝိုင်းတို့က လေးဖြူသည် အတိတ်ဘဝက ရဟန်းတပါး ဖြစ်ခဲ့သည်ဟု ပြောစမှတ်ပြုကြ ကြောင်း ထူးထူးခြားခြား ဖတ်ရှုခဲ့ရသည်။ 

မဟာစည်ဆရာတော် ပြောသော သံဝေဂရဖွယ် လူဝင်စားမှု ။ ။

အာရှနိုင်ငံများတွင်သာမက အနောက်ဥရောပ နိုင်ငံများအထိပါ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ကြောင့် နေလိုလလို ထင်ရှားတော်မူသော မဟာစည်ဆရာတော်ဘုရားကြီး၏ ဓမ္မစကြာတရားတော်ကြီးစာအုပ်၌ သံဝေဂရဖွယ်ကောင်းသော လူဝင်စားမှုတစ်ခုကို ဖော်ပြပါအံ့။

စကားမပြောသော ကလေးငယ် ။ ။

တောင်တွင်းကြီးမြို့ရှိ စာရေးကြီးလင်မယားတို့တွင် သားယောက်ျားလေးတစ်ဦး ရှိ၏။ သို့သော် အသက် ၅ နှစ်အရွယ်တိုင်အောင် ကလေးငယ်မှာ စကားမပြောချေ။ တစ်နေ့တွင် ဖခင်ဖြစ်သူက လိုချင်တာတွေ ဝယ်ပေးပါမည်။ စကားတစ်ခွန်းတော့ အဖေ့ကို ပြောပါဟု ၅ နှစ်သားလေးအား ချော့မော့၍ တိုက်တွန်းလေ၏။

ဆပ်စရာ ရှိသော ဆန်တစ်စလယ် အကြွေး ။ ။

ထိုအခါ ကလေးငယ် ပထမဆုံး စပြောလိုက်သည်မှာ ငညိုဆန်တစ်စလယ်ဟူသော စကားပင်ဖြစ်၏။ ဖခင်မှာ သားဖြစ်သူ စကားစပြောသဖြင့် ၀မ်းသာအားရဖြစ်ကာ...

ငါ့သား... မင်း စကားသာ ပြောမယ်ဆို အဖေက ဆန်တစ်စလယ်မှ မဟုတ်ဘူး ဆန်တစ်အိတ်ဆိုလည်း ပေးမယ်ကွာ...!!! ဟု ဆိုလေရာ သားဖြစ်သူက ဖခင်အား တောင်တွင်းကြီးမြို့နှင့် ၁၀ မိုင်ခန့် ဝေးသည့် ချောင်းရိုးရွာရှိ မောင်ညိုဆိုသူထံ ဆန်အိတ်တစ်အိတ် ပို့ခိုင်းလေ၏။

အကြွေးရှင်နှင့် တွေ့ဆုံခြင်း ။ ။

ချောင်းရိုးရွာရှိ မောင်ညိုနေထိုင်ရာ အိမ်သို့ အရင်တုန်းက အကြိမ်ကြိမ်လာခဲ့ဖူးသည့်အလား တစ်လမ်းလုံးရှိ လမ်းလိမ်၊ လမ်းကောက်များအား ၅ နှစ်သားကလေးက ဦးဆောင်လမ်းညွှန် ပြသွားခဲ့၏။ ဖခင်မှာ သားဖြစ်သူ စကားစပြောတာကိုပင် အလွန်ကျေနပ်ဝမ်းမြောက်နေ၏။

သည်လိုနှင့် သိပ်မကြာမှီ မောင်ညိုအိမ်သို့ ရောက်လာလေသည်။ မောင်ညိုအရွယ် မဟုတ်တော့ပေ။ အသက်အရွယ်ထောက်သော် ဦးညိုဟု ခေါ်ထိုက်နေပြီ။

ကလေးငယ်က ဦးညိုကို တွေ့လိုက်သည်နှင့်... 

ဟေ့ ငညို... ငါ့ကိုမှတ်မိသေးရဲ့လားကွ...!!! ဟု တရင်းတနှီး နှုတ်ဆက်လေ၏။ 

ထိုအခါ ကလေးဖခင် စာရေးကြီးက ဦးညိုအား တောင်းပန်စကားဆိုကာ သားဖြစ်သူ၏ ထူးခြားသည့် အကြောင်းများ၊ သားဖြစ်သူက ဦးညိုအား ဆန်တစ်စလယ် ပေးစရာရှိသည်ဆို၍ ခေါ်ခဲ့ရကြောင်း၊ ကလေးမှာ ယခုမှပင် စကား စပြောတာဖြစ်ကြောင်း ရှင်းပြလေ၏။

ကြက်ဘ၀က အသတ်ခံရခြင်း ။ ။

ကလေးက...

ငညို၊ မင်းငါ့ကိုမမှတ်မိတော့ဘူးပေါ့လေ။ ငါ ဘဆိုင်လေကွာ။ မင်းဆီက ငါဆန်တစ်စလယ် ချေးခဲ့တယ်။ မင်းကို ပြန်မဆပ်ခင် ငါ ပိုးထိပြီး သေခဲ့တယ်။ သေခါနီး မင်းကို ဆန်အကြွေးဆပ်ဖို့ ငါ သတိရမိသေးတယ်။ သေပြီးနောက် မင်းအိမ်မှာ တိုက်ကြက်ဖ ဖြစ်ခဲ့ရတယ်။ ငါက မင်းအနိုင်ရဖို့ ၃ ကြိမ်တိုင်တိုင် အနိုင်ခွပ်ပေးခဲ့တယ်။ ၄ ပွဲမြောက်တော့ ငါ့ထက်ကြီးတဲ့ ကြက်ဖနဲ့ တွေ့တော့ ငါ မတတ်သာတော့ ရှုံးခဲ့ရတယ်။ ရှုံးလို့ဆိုပြီး စိတ်ဆိုးဆိုးနဲ့ မင်းက ငါ့ကို ရိုက်သတ်ခဲ့တယ်...!!!

နွားဘ၀က အသတ်ခံရခြင်း ။ ။

သေခါနီး အသက်ငင်နေတုန်း မင်းအိမ်ကနွားမကြီးက ငါ့ကို လာနမ်းတယ်။ ကြက်ဘ၀က သေတော့ အဲဒီနွားမရဲ့ သမီး နွားမကလေး ဖြစ်လာရတယ်။ နွားအရွယ်ရောက်လာတော့ မင်းနဲ့ မင်းသူငယ်ချင်းတွေက ငါ့အသားကို စားဖို့ သတ်လိုက်ကြတယ်...!!!

လူ့ဘ၀ ပြန်ရပြီ ။ ။

ငါသေခါနီးဝေဒနာတွေနဲ့ အသက်ငင်နေတုန်း အခု ငါ့အဖေဖြစ်တဲ့စာရေးကြီးနဲ့ ငါ့အမေတို့ ငါ့အနား ရောက်လာပြီး ငါအသတ်ခံရတာကို စိတ်မကောင်းကြောင်း၊ သူတို့နွားဆို သတ်ရက်မည်မဟုတ်ကြောင်း ၀မ်းနည်းစကားတွေပြောသွားခဲ့တာကို ငါကြားလိုက်ရတယ်။

အခု ငါသူတို့ သားဖြစ်နေပြီ။ မင်းရဲ့ ဆန်အကြွေးဆပ်ဖို့ အခွင့်အရေးရလာ လို့ လာဆပ်တာပါကွာ” 

လူမိုက်ကြီးရဲ့နောင်တ ။ ။

ဦးညိုမှာ နားထောင်ရင်း မိတ်ဆွေဟောင်းကြီး ဘဆိုင်နှင့် ပတ်သတ်ခဲ့သော ရှေးဟောင်းနှောင်းဖြစ်များ၊ မိမိ၏ ရက်စက်မှုများ၊ စိတ်လိုက်မာန်ပါ လုပ်ခဲ့ပုံများ၊ ကံ၏ဆန်းကြယ်ပုံများ ကို တရေးရေးတွေးမိပြီး ငိုးကြွေးမိလေတော့၏။ 

စာရေးကြီးသည်လည်း မိမိ၏သားစကားမပြောခဲ့သည့်အကြောင်းရင်းများ၊ ဆန်တစ်စလယ်မျှ လောက် အကြွေးယူခဲ့သည်ကိုပင် စိတ်စွဲ၍ သေဆုံးခဲ့သည့် ဦးဘဆိုင်၏ ဘ၀ကံအကျိုးပေးအကြောင်းများ ကိုတွေးမိကာ စိတ်မကောင်းဖြစ်ပြီး မျက်ရည်များစို့လာလေ၏။

အတိတ်ဘ၀ကို မှတ်မိခြင်း ။ ။

လူဝင်စားများသည် စကားပြောတတ်စ ကလေးငယ်ဘ၀မှစ၍ ၁၀နှစ်ခန့်အရွယ်ထိ အတိတ်ဘ၀အကြောင်းကို ပြောဆိုတတ်ကြသည်မှာသဘာဝကျပေ၏။ ထိုအရွယ်သည် ဘ၀င်စိတ်အစဉ်(၀ါ) မှတ်ဥာဏ်၌ အတိတ်အကြောင်းအရာများ ပူပူနွေးနွေး ရှိနေသေးသည့် အချိန်ဖြစ်၍ ယခုဘ၀ အတွေ့အကြုံကလည်း နည်းပါးနေသေးသောကြောင့် အတိတ်အကြောင်းကို မမေ့နိုင်သေးသော အချိန်ဖြစ်ပေ၏။

အချိန်ကြာလာလေ အတိတ်ဘ၀ကို မေ့သွားခြင်းအကြောင်း ။ ။

အသက်၁၀ နှစ်ကျော်လာသောအခါ အပေါင်းအသင်းများ များပြားလာခြင်းနှင့် အတွေ့အကြုံသစ်များကြောင့် အတိတ်ဘ၀အကြောင်းကို စိတ်ဝင်စားမှုလျော့လာပြီး တဖြည်းဖြည်းမေ့လျော့သွားတတ်ကြသည်။

အတိတ်ဘ၀ကို မမှတ်မိခြင်းအကြောင်း ။ ။

ပြင်သစ်ပြည်၊ ပါရီမြို့တော်မှ လူဝင်စားမှုများကို စိတ်ဝင်စားကြသော ပညာရှင်များက လယ်တီဆရာတော်ဘုရားအား အတိတ်ဘ၀ကို လူတိုင်း မမှတ်နိုင်ရခြင်းအကြောင်းအားမေးမြန်းလျှောက်ထားဖူး၏။ လယ်တီဆရာတော်၏အဖြေမှာ….

(၁) အတိတ်ဘ၀၌ နေ့ရက် ရှည်ကြာစွာ အနာရောဂါဖိစီး၍ ကိုယ်အား စိတ်အား နွမ်းနယ်ကုန်ခမ်းပြီးမှ သေဆုံးခဲ့ရခြင်းအကြောင်း၊

(၂) ယခုဘ၀တွင် အမိဝမ်း၌ သေးငယ်လှသော ကာလရေကြည် အဖြစ်မှ စ၍ နေ့ရက်ကြာညောင်းစွာ ကြီးထွားလာရသဖြင့် စိတ်အားသေးနုပ်မှေးမော၍ နေခဲ့ရခြင်းအကြောင်း
တို့ကြောင့်ဖြစ်ကြောင်းဖြေကြားတော်မူခဲ့၏။

စိတ်၏ဆန်းကြယ်မှု ။ ။

နာမ်(စိတ်) သဘောတရား၏ ဆန်းကြယ်မှုများကို ရုပ်သဘောတရားများဖြင့် အဖြေရှာမရသည့်အတွက် နာမ်(ကံ) စွမ်းအားဖြင့် ဘ၀ကူးပြောင်းခြင်းကို နားလည်ရန် ခဲယဉ်းလှသဖြင့် တယူသန် ရုပ်ဝါဒီသမားများမှာ လက်ခံရန် ၀န်လေးလှ၏။

မြန်မာပြည်သူတွေအတွက်အဆန်းမဟုတ် ။ ။

ဗုဒ္ဓဘာသာ ၀င်များဖြစ်ကြသော မြန်မာပြည်သူပြည်သားတို့သည် အတိတ်ဘ၀များ မရေမတွက်နိုင်အောင်များပြားခဲ့ကြောင်းကို ဗုဒ္ဓ၏ တရားတော်၌ မကြာခဏ ကြားသိဖူးနေကြရာ လူဝင်စားသတင်းများသည် ထူးဆန်းသည်ဟု မထင်မှတ်ကြတော့ချေ။ အတိတ်ဘ၀မရှိဟု ယုံကြည်ယူဆနေကြသော နိုင်ငံများ၌မူ အလွန်ထူးဆန်းသည်ဟု မှတ်ထင်ကြ၏။ ထို့ကြောင့် အမေရိကန်ပြည်ထောင်စု၌ ဘရိုက်ဒီမာဖီကဲ့သို့သော အတိတ်ဘ၀ဇာတ်လမ်းများ စတင် ပေါ်ပေါက်သောအခါ၌ တစ်နိုင်ငံလုံးက စိတ်ဝင်တစား အာရုံစိုက်ခဲ့ကြသည်။ 

ထပ်မံတွေ့ရှိသော လူဝင်စားအမှုများ ။ ။

လူဝင်စားအမှုများကို စနစ်တကျ စုံစမ်းစစ်ဆေးရာ၌ သိပ္ပံပညာရှင်များကိုယ်တိုင် အသိအမှတ်ပြု လေးစားရသည့် ဟားဗတ်တက္ကသိုလ်မှ ပါမောက္ခ William James နှင့် ဗားဂျီးနီးယားတက္ကသိုလ်မှ Dr. Ian Stevenson နှင့် အခြား ကမ္ဘာအရပ်ရပ်မှ ပညာရှင်သုတေသီများမှ သုတေသန လုပ်ခဲ့ကြသည့် လူဝင်စားဖြစ်ရပ်များမှာ သောင်းဂဏန်းကျော်သို့ ရောက်လာပြီ ဖြစ်သည်။

အတိတ်ဘ၀အတွက် သက်သေ အထောက်အထားများ ။ ။

ပါမာက္ခ ၀ီလျံဂျိမ်းပြောခဲ့သလို ကျီးဖြူတစ်ကောင် တွေ့လျှင် ကျီးအားလုံး မည်းပါသည်ဟူသော အယူအဆ ပျက်ပျယ်လေ၏။ ယခုအချိန်အထိ တွေ့ရှိထားသော လူဝင်စားမှုများမှာ ဆယ်ဂဏန်းမျှသာမဟုတ် ရာဂဏန်းသာမက ထောင်ဂဏန်းကျော်၍ သောင်းဂဏန်းသို့ပင် ရောက်နေပြီ ဖြစ်သဖြင့် အတိတ်ဘ၀ ရှိသည်ဟူသော သက်သေအထောက်အထားများမှာ ထပ်ထပ် တိုးလာဖို့သာ ရှိပေတော့သည်။
.
လူဝင်စားအယူ 
#Credit_to_Original_Uploader

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...