အပြစ်တင် ခံလိုက်ရရင်…ဘယ်လိုတုန့်ပြန်သင့်တာလဲ


ကျွန်မအမြဲတမ်း ယုံကြည်လက်ခံမိတာ ရှိပါတယ်။ အဲဒါကတော့ အမြဲတမ်း အပြုသဘောဆန်တဲ့ အတွေး၊ အကောင်းမြင် စိတ်ဓါတ်နဲ့ အရာရာကို ကျော်ဖြတ်ရမယ်ဆိုတာပါပဲ။

ငယ်တုန်းကတော့ အပြုစိတ်ဓါတ်ဆိုတာ မွေးရာပါ ထူးခြားတဲ့ ဗီဇလို့ မှတ်ယူခဲ့ဖူးပါတယ်။

ဒါပေမဲ့ ဖေဖေ့ရဲ့ သွန်သင်မှုတွေနဲ့၊ စိတ်ပညာစာအုပ်တွေဖတ်ရှုလာတဲ့အခါမှာတော့ အပြုသဘော စိတ်ဓါတ်ဆိုတာ ဖွံ့ဖြိုးတိုးတက်အောင် ကျင့်ယူလို့ရတယ်ဆိုတာကိုလည်း နားလည်လက်ခံလာရပါတယ်။

အရာရာကို အပြုစိတ်နဲ့ တွေးတဲ့ အကျင့်ရဖို့ဆိုတာ မလွယ်လှပါဘူး။ အပြုသဘောဆန်တဲ့ အတွေးတွေသာ အမြဲတမ်း ရှိနေမယ်ဆိုရင် စိတ်ဆိုးတာတွေ၊ ဒေါသထွက်တာတွေ ဘယ်ရှိပါတော့မလဲ။

ဒါပေမဲ့ ကျွန်မဆို သတိလက်လွတ် ထောင်းကနဲ ဒေါသထွက်ပြီး ဒေါသအလျောက် တုန့်ပြန်လိုက်မိတာတွေ လည်း ရှိတယ်။

အဲလို ဖြစ်ပြီးမှ ငါ့စိတ်ကို ခုချိန်ထိ မထိန်းနိုင်သေးပါလား။ သူ ပြောတာကို အပြုသဘောနဲ့ ပြောတယ်လို့ လက်ခံနားလည်လို့ ရပါလျက်နဲ့ ဘာကြောင့်များ ဒေါသဖြစ်ရသလဲလို့ ကိုယ့်ကိုယ်ကို သုံးသပ်မိတာမျိုးလည်း ရှိပါသေးတယ်။ အဲ့လို သုံးသပ်ရင်းနဲ့ အပြုသဘောကိုပဲ လေ့ကျင့်ဖို့ ပိုအားသန်ခဲ့တယ်။

အပြုသဘောနဲ့ အကောင်းမြင်စိတ်ဓါတ်ကို မွေးမြူလေ့ကျင့်ဖို့ ပထမဆင့်အနေနဲ့ အပြုသဘောဆန်တဲ့ စိတ်ကူးတွေနဲ့ အရင်ဦးဆုံး စတင်ကြည့်ရပါတယ်။ အပြုသဘောအကောင်းမြင်စိတ်ဓါတ်နဲ့ ကြည့်ရင် ကျောင်းသားဆိုရင် စာမေးပွဲကို ထူးထူးချွန်ချွန်အောင်မြင်တယ်လို့ တွေးရမှာ ဖြစ်သလို၊ စီးပွးရေး လုပ်ငန်းရှင်ဆိုရင်လည်း ကိုယ်လိုချင်တဲ့ အောင်မြင်မှုမျိုးကို စိတ်ကူးကြည့်ရမှာဖြစ်ပါတယ်။

စိတ်ကူးထဲမှာ အောင်မြင်နေပေမယ့် လက်တွေ့မှာ ဆုံးရှုံးမှုဆိုတာနဲ့တွေ့နိုင်ပါတယ်။ အဲ့လို တွေ့ကြုံခဲ့ရင်တော့ ဒီဆုံးရှုံးမှုဆိုတာ အောင်မြင်ဖို့အတွက် ဖြစ်လာတာပါ။ မဆုံးရှုံးဘူးတဲ့ သူဟာ မအောင်မြင်နိုင်ပါဘူး။ သင်ခန်းစာ မရနိုင်ပါဘူး အဲဒါကြောင့် ဆုံးရှုံးမှုဆိုတာ ရှိမှာပဲ ဒါကို ခံနိုင်ရည်ရှိရမယ်လို့ နားလည်ထားပြီး အောင်မြင်မှု အတွေးတွေကို ဆက်တွေးပေးပါ။

ဒါ့အပြင် ကိုယ့်ရဲ့ အပြုသဘောဆန်တဲ့ စိတ်အတွက်အကောင်းဆုံးလေ့ကျင့်နိုင်တာလဲ ရှိပါသေးတယ်။ အဲဒါကတော့ ကိုယ့်ကို အပြစ်တင်ကြတဲ့အခါ ကိုယ့်ဘက်က ဘယ်လို တုန့်ပြန်သလဲ ဆိုတာပါပဲ။

တစ်ခါတစ်ရံမှာ ကျွန်မတို့ကို ပတ်ဝန်းကျင်ကပဲ ဖြစ်ဖြစ် လုပ်ငန်းခွင်ထဲမှာပဲ ဖြစ်ဖြစ် အပြစ်တင် ခံရတတ်တာမျိုးတွေ ရှိလာတတ်ပါတယ်။

မိသားစုတွင်းမှာတော့ ဆုံးဖြတ်ချက်တစ်ခုခုမှားတဲ့အခါမှာ အပြစ်တင်ခံလိုက်ရတာမျိုး ရှိတတ်ပါတယ်။ မိသားစုဝင်တွေက အပြစ်တင်တဲ့အခါ ဝမ်းနည်းအားငယ်စိတ် ဖြစ်ရတယ်။ ငါ့အပေါ်မှာ နားမလည်ဘူးလို့ ခံစားရတယ်။ သို့ပေမယ့်လည်း သူတို့ကို စေတနာနဲ့ ပြောတာပဲလေ ငါပြင်ရမှာပေါ့ ဆိုတဲ့ စိတ်နဲ့ ပြုပြင်ဖို့ ကြိုးစားရင် ကိုယ့်အတွက် အကျိုးရှိတာပဲပေါ့။

လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ် မိတ်ဆွေအပေါင်းအသင်းကြားမှာပဲဖြစ်ဖြစ် ကိုယ်မှားလို့ ဖြစ်စေ၊ ကိုယ်က မမှားပါဘဲနဲ့ မှားတယ်လို့ ထင်မှတ်ပြီး ကိုယ့်ကို အပြစ်တင်တာမျိုးလဲ ကြုံနိုင်ပါတယ်။ တစ်ခါတစ်ရံမှာတော့ မမှားပါဘဲနဲ့ အသားလွတ်ကြီး မှားတယ်လို့ ပြစ်တင်စွပ်စွဲတာမျိုးတောင် ကြုံနိုင်သေးတယ်။

အဲဒီလိုများကြုံခဲ့ရင် ဝမ်းနည်းတာတွေ၊ အားငယ်သွားတာတွေ နာကျင်တာတွေ ခံစားရမှာပါပဲ။ ခံစားပါ။ ပြီးတော့နောက်တစ်ခါ ဒီလိုမကြုံဖို့ ကိုယ့်ကိုယ်ကို သုံးသပ်ပြီး ပြင်ဆင်စရာရှိတာကို ပြင်ဖို့ ကြိုးစားပြီးပြင်ဆင်ပါ၊ ဒါဆိုရင်တော့ ကိုယ့်ကိုယ်ကို အကျိုးရှိတာပါပဲ။

အဲလိုမှ မဟုတ်ဘူး။ သူတို့က ကိုယ့်ကို အပြစ်တင်တာ သက်သက်မဲ့ အပြစ်ရှာတာလို့ တွေးတယ်ဆိုရင် ကိုယ့်ရဲ့ အားနည်းချက်ကို မမြင်နိုင်တော့ပါဘူး။ အဲလိုဆိုရင် သူတို့အပေါ် ဒေါသနဲ့ နာကြည်းစိတ် အမုန်းစိတ် ဖြစ်ပေါ်လာသလို၊ ကိုယ့်အနေနဲ့လည်း အခြေအနေမှန်ကို မမြင်နိုင်တဲ့ အမှောင်တစ်ရပ်ဖုံးပြီး ပြုပြင်ဖို့ ကြိုးစားဖြစ်တော့မှာ မဟုတ်ပါဘူး။

လူတိုင်းပါပဲ ကိုယ့်ရဲ့ အားနည်းချက်ကို ကိုယ်ကိုတိုင် သိဖို့ဆိုတာ အင်မတန်ခက်ခဲလှပါတယ်။ ကိုယ့်ရဲ့ အားနည်းချက်ကို ကိုယ်က မမြင်ပေမယ့် ကိုယ့်ပတ်ဝန်းကျင်က မြင်လေ့ရှိပါတယ်။ အဲဒီလို မြင်တဲ့ အခါ အချို့က ပြင်ဆင်နိုင်ဖို့ စေတနာနဲ့ ပြောဆိုတာမျိုးလည်း ရှိပါတယ်။ အနည်းစုကတော့ အဲဒီအားနည်းချက်ကို နင်းပြီး အပြစ်ဖို့တာမျိုးလဲ လုပ်တတ်ပါတယ်။

ဘယ်လိုပဲ ရှိပါစေ အားနည်းချက်ကို အပြစ်တင်ခံရရင်လည်း ကိုယ်က ပြင်ဆင်ဖို့ အခွင့်အရေးပါလားလို့ နားလည်ပြီး အားနည်းချက်ကို ပြင်ဆင်ခြင်းအားဖြင့် ကိုယ့်ကိုယ်ကို ပြုပြင်ပြောင်းလဲလာနိုင်ပါတယ်။ ဒါက ကိုယ့်ကိုယ်ကိုလည်း ယုံကြည်စိတ်တိုးပွားစေတာပါ။

အဲဒါကြောင့် အပြစ်တင်ခြင်းကို လက်ခံပြီး ပြုပြင်ပြောင်းလဲခြင်းဟာလည်း ကိုယ့်ရဲ့ အပြုသဘောဆန်တဲ့ အတွေးနဲ့ ကောင်းမွန်တဲ့ စိတ်ဓါတ်ကို မွေးမြူလေ့ကျင်ဖို့အတွက် အခွင့်ရေးတစ်ရပ်ပါပဲလို့ ဆိုချင်ပါသေးတယ်။

တကယ်လို့များ အပြစ်တင်ခံလိုက်ရတယ်ဆိုရင်……စိတ်မပျက်လိုက်ပါနဲ့ အဲဒါကို အခွင့်ကောင်းတစ်ရပ်လို အသုံးပြုလိုက်ပါလို့ တိုက်တွန်းချင်ပါတယ်။

ကျေးဇူးတင်ပါတယ်။

Share From Akhayar

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...