လိင်လုပ်သားများအရေးနှင့်ပတ်သက်၍ ဥပဒေတခု ရေးဆွဲနိုင်ရန် လိင်လုပ်သားအရေးဆောင်ရွက်နေသည့် အရပ်ဘက် အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း ပြည်သူ့လွှတ်တော်၊ ဥပဒေ ရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ထံမှ စုံစမ်းသိရှိရသည်။
၁၉၄၉ ခုနှစ် ပြည့်တန်ဆာနှိပ်ကွပ်ရေး ဥပဒေအားပယ်ဖျက်၍ လိင်လုပ်သားများကို အကာအကွယ်ပေးနိုင်မည့် ဥပဒေတရပ်အား ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်က ရေးဆွဲ နေသည်ဟု သတင်းများ ထွက်ပေါ်နေသည့်အပေါ် အဆိုပါ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
”ကျွန်တော်တို့ဆီမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး ဥပဒေဆွဲနေတာတော့မရှိပါဘူး။ ဒါပေမဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ဒီလိင်လုပ်သားတွေကိစ္စ တင်ပြလာတာတွေ၊ သူတို့နဲ့ ဆွေးနွေးနေတာတွေတော့ရှိတယ်”ဟု ဦးခင်မောင်ဦးက ပြောပြသည်။
လိင်လုပ်သားများအတွက် ဥပဒေရေးဆွဲရာတွင် ၎င်းတို့မှတဆင့် ကူးစက်ရောဂါများ ပြန့်ပွားခြင်းမရှိစေရန်၊ အကြမ်းဖက်မှုများ၊ အလွဲသုံးစားလုပ်မှုများ၊ လူကုန်ကူးမှုများ၊ ဖိနှိပ်မှုများ မဖြစ်စေရန် တားဆီးသည့် ဥပဒေမျိုးဖြစ်ရန် လိုအပ်ပြီး လိင်လုပ်သားများ၏ အခြေခံအခွင့်အရေးကို ကာကွယ်ပေးရန် လိုအပ်ကြောင်း လူ့အခွင့်အရေးလှုပ်ရှားနေသည့် Equality Myanmar မှ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောသည်။
”ကျွန်တော်တို့တွေ သူရဦးရွှေမန်း ကော်မရှင်နဲ့ တွေ့တဲ့အခါမှာ တိုက်တွန်းတင်ပြတာက လိင်လုပ်သားတွေကို အသွင် ယူတာမျိုးတွေ အလွဲသုံးစားမှုတွေ ထပ်မဖြစ်အောင် နောက်ပြီးတော့ အခု လိင်လုပ်သားမှာ အမျိုးသမီး အပြင် အမျိုးသားတွေ၊ အွန်လိုင်းပေါ်ကတဆင့် ဆက်သွယ်တာမျိုးတွေရောရှိတဲ့အတွက် ခေတ်နဲ့ကိုက်ညီ အောင်လုပ်ဆောင်ဖို့ အကြံဥာဏ်ပေးခဲ့ပါတယ်”ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ပထမအကြိမ် လွှတ်တော်သက်တမ်းအတွင်းက ပြည့်တန်ဆာလုပ်ငန်းအား တရား ၀င်လုပ်ကိုင်ခွင့်ပေးရန် အဆိုပြုတင်ပြမှုများရှိခဲ့သော်လည်း အောင်မြင်ခြင်းမရှိခဲ့ကြောင်း သိရသည်။
by နောင်နောင်/News Watch
0 comments :
Post a Comment