ခန္ဓာကိုယ်အတွင်း အပ်များပျံ့နှံ့နေသည့် အမျိုးသား


အမျိုးသား တစ်ဦးကို ဆရာဝန်များက ဓာတ်မှန် ရိုက်ကြည့်သည့်အခါ ယင်းအမျိုးသား၏ ခန္ဓာကိုယ် အတွင်း၌ တွယ်အပ်များနှင့် ချုပ်အပ်များ စုစုပေါင်း ၇၅ ချောင်းပျံ့နှံ့ နေသည်ကို တွေ့ရသည့်အတွက် ဆရာဝန်များ အနေဖြင့် စဉ်းစားရ ကျပ်နေသည်။
အသက် ၅၆ နှစ်ရှိ ဘာဒရီလယ်မီးနာ ဆိုသူအမျိုးသား၏ ခြေလက်အင်္ဂါတို့၌ တွယ်အပ်များနှင့် ချုပ်အပ်များ ရှိနေနိုင်ကြောင်း ဆရာဝန်များက သတိပြုမိပြီးနောက် ပုံမှန်ခွဲစိတ်မှု ခံယူရန် အတွက် ဆေးရုံသို့ ရောက်ရှိလာခြင်း ဖြစ်သည်။ ယင်းသို့ တွယ်အပ်များနှင့် ချုပ်အပ်များ ခန္ဓာကိုယ်အတွင်း မည်ကဲ့သို့ ရောက်ရှိနေသည်ကို မသိရှိကြောင်း ကာယကံရှင် လူနာနှင့် ၎င်း၏ မိသားစုတို့က ပြောသော်လည်း ၎င်းတို့သည် ထိုအပ်များကို တမင်ထိုးသွင်းထားခြင်း ဖြစ်သည်ဟု ဆရာဝန်များက ပြောသည်။ လူနာရှင်၏ မိသားစုသည် လူနာကို ကုသရန်အတွက် ဆေးရုံများသို့ သွားရောက်သော်လည်း ချောင်ထိုးပြီး လျစ်လျူရှု ခံခဲ့ရသည့် အတွက် ဆေးရုံတစ်ရုံမှ တစ်ရုံသို့ ပြောင်းရွှေ့ ကုသနေခြင်း ဖြစ်သည်။
အိန္ဒိယနိုင်ငံ မြောက်ပိုင်းရှိ ကိုတာဒေသတွင် နေထိုင်သူ အဆိုပါ အမျိုးသားသည် ဒေသတွင်း မီးရထား ကုမ္ပဏီတစ်ခု၌ အလုပ်လုပ်ကိုင်သူ ဖြစ်ပြီး ယခုအခါ မွမ်ဘိုင်းမြို့ရှိ ဆေးရုံတစ်ရုံ၌ ဆေးကုသမှု ခံယူလျက်ရှိသည်။ အပ် ၇၅ ချောင်းအနက် အချောင်း ၄ဝ မှာ ၎င်း၏ လည်ချောင်းအတွင်း ရှိပြီး ၂၅ ချောင်းမှာ ညာခြေအတွင်းနှင့် ကျန်အပ်များမှာ လက်တစ်ဖက် တစ်ချက်စီတွင်ရှိသည်။ လူနာရှင်၏ သားဖြစ်သူ ရာဂျန်ဒရာက ၎င်း၏ ဖခင်သည် ခြေထောက်တွင် နာကျင်မှု ခံစားနေရသည့် အတွက် ယင်းခြေထောက်ကိုသာ ခွဲစိတ်မှုလုပ်ရန် တောင်းဆိုသော်လည်း နောက်ပိုင်းတွင် လူနာ၏ ခန္ဓာကိုယ်အနှံ့၌ အပ်များရှိနေသည်ကို အံ့အားသင့်စွာ လက်ခံလိုက်ရခြင်း ဖြစ်သည်။
ယင်းအပ်များ ခန္ဓာကိုယ် အတွင်းမည်ကဲ့သို့ ဝင်နေသည်နှင့် ပတ်သက်၍ ဖခင်ကို မေးမြန်းသော်လည်း ၎င်းကိုယ်တိုင် သိရှိခြင်း မရှိကြောင်း ရာဂျန်ဒရာက ပြောသည်။ တစ်ခု ကံကောင်းသည်မှာ မီးနာ၏ ခန္ဓာကိုယ်အတွင်း စိုက်ဝင်နေသည့် အပ်များသည် ကိုယ်တွင်း အင်္ဂါ အစိတ်အပိုင်းများကို ထိခိုက်မှု မရှိစေကြောင်း ဆရာဝန်များက ပြောသည်။
မြဝတီ

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...