ရာမမင်းသား ဟာ မယ်သီတာကို ဘယ်တုန်းကမှ မချစ်ခဲ့ဖူးပါ….


ကျွန်တော် အခုလို ပြောလိုက်တဲ့အခါ ကျွန်တော့်ကို ဆရာချစ်ဦးညိုရဲ့ လင်္ကာဒီပချစ်သူ စာအုပ် လွှမ်းမိုးမှုကို ခံနေရသူတစ်ဦးလို့ သမုတ်ရင်လည်း ကျွန်တော် မငြင်းပါဘူး။
ဒါပေမဲ့ အဓိက ပြောချင်တာက ရာမမင်းသားနဲ့ ပတ်သက်ပြီး ပြောချင်တာပါ ကျွန်တော်မြင်ထားတဲ့ အမြင်လေးတစ်ခုပေါ့ ရာမမင်းသားက မယ်သီတာကို ချစ်, မချစ် ဆိုတာကိုပေါ့။
ဇာတ်လမ်းကို စပြီး ပြောရရင်……မယ်သီတာ ကြင်ယာရှာတဲ့ လေးတင်ပွဲတစ်ခုမှာ ညီတော် လက္ခဏာက ဝင်ပြိုင်ချင်တဲ့ အချိန်မှာတောင် နောင်တော်ရာမက ဒီကိစ္စ ငါတို့နဲ့ မဆိုင်ဘူးဆိုပြီး ရှောင်နေခဲ့တာပါ။
အဲဒိအချိန်မှာ တစ်ပြည်သားလို့ပဲ ပြောရမလား…ဇာတ်တော်ထဲကလို ဘီလူးလို့ပဲ ပြောရမလား…? ဒဿဂီရိက လေးတင်ပွဲမှာ နိုင်တော့မလို ဖြစ်နေတာပါ။
ဒဿဂီရိဆီ မယ်သီတာ ပါသွားမှာကို ဘုရင်ရော, တိုင်းသူပြည်သားတွေပါ မလိုလားကြဘူးလေ…ဒါနဲ့ မင်းဆရာ ဘ-ရသေ့က ရာမနဲ့လက္ခဏာ ညီနောင် နှစ်ယောက်ကို ဝင်ပြိုင်ဖို့ တောင်းဆိုတယ်။
အဲဒိအချိန်မှာ နောင်တော်ဖြစ်သူ ရာမက ညီတော်ဖြစ်သူ လက္ခဏာကို လွှဲတယ် လက္ခဏဟာ မယ်သီတာကို သဘောကျ [ချစ်နေ]ပေမယ့် အစ်ကို့ကို မကျော်ချင်ဘူးလေ…အစ်ကိုဖြစ်သူ ရာမက အိမ်ရှေ့ဥပရာဇာ ဖြစ်နေတာလည်း ပါချင် ပါမှာပေါ့။ ပြီးတော့ နောင်တော်နဲ့ပဲ ထိုက်တန်ပါတယ်ဆိုပြီး ရာမဆီ ပြန်လွှဲလိုက်တယ်။
အတိုချုပ်ပြောရရင်…ရာမ ဝင်ပြိုင်တယ်, နိုင်တယ်,နိုင်တော့ မယ်သီတာကို ရတယ်
ဒီအခြေအနေလောက်ကို ကြည့်ရသလောက် ရာမဟာ မယ်သီတာကို တကယ်ချစ်ခဲ့ရင် ဟိုးအစတည်းက ဝင်ပြိုင်မှာပေါ့။ အစတည်းက မချစ်ခဲ့ဘူးဆိုတာ သေချာနေပြီလေ။
ကဲ…ရသွားပြန်တော့လည်း ချစ်မိသွားလားဆိုတော့ မချစ်ပြန်ဘူး။
အချစ်ရှုံးသူ ဒဿဂီရိက မယ်သီတာရဲ့ ပန်းချီကားလေး စမ်းချောင်းမှာ တွေ့ကတည်းက စွဲလန်းမိခဲ့တာလေ… သူက တရားနည်းလမ်းကျကျ လေးတင်ပွဲကို ဝင်ခဲ့တာ…ဒါပေမဲ့… သူ, မတရားတဲ့နည်းနဲ့ အနိုင်ယူခြင်းကို ခံလိုက်ရတာပါ။ .( ပန်းချီကားရှိသူသာ လေးတင်ပွဲ ဝင်ခွင့်ရပြီး …ရာမ,လက္ခဏာ ညီအစ်ကိုမှာက ပန်းချီကားမှ မရှိတာ .…ကြုံလို့ ဝင်ပြိုင်တဲ့သဘော…မင်းဆရာ ဘ-ရသေ့ တောင်းဆိုလို့ ဝင်ပြိုင်ခဲ့တာ).…
ဒါကြောင့် သူအရမ်းချစ်တဲ့ မယ်သီတာ ကို မင်းဒဿက မဆုံးရှုံးချင်ဘူး အဲတော့…ခိုးပြေး တာပေါ့။ မင်းဒဿက ခိုးပြေးပြီး အိပ်ယာထဲလည်း ခေါ်တင်ခဲ့တာ မဟုတ်ပါဘူး။ ဘယ်ကိုမှ ထွက်မပြေးနိုင်အောင် သံကွန်ခြာ ခုနှစ်ထပ် နဲ့ အုပ်ပြီး သူ့ရဲ့ အချစ် ကို မယ်သီတာ လက်ခံဖို့ တောင်းတောင်းပန်ပန်နဲ့ ထားခဲ့တာပါ။
အဲဒိအခါမှာ အောင်နိုင်သူ ရာမမင်းသား စွေ့စွေ့ခုန်တော့တာပေါ့။
ကျွန်တော်ကတော့ ရာမမင်းသားက မယ်သီတာကို သိပ်ချစ် လို့ မခံမရပ်နိုင် ဖြစ်တယ်လို့ မထင်မိဘူး။
သူ့လို အိမ်ရှေ့စံတစ်ယောက်ရဲ့ ကြင်ယာလောင်းကို အခိုးခံရ တဲ့အတွက် ဒေါသ ထွက်တာ,တစ်နည်းပြောရရင် သူတို့ မင်းမျိုးမင်းနွယ်ရဲ့ အတ္တလို့ပဲ ထင်မြင်ယူဆမိတယ်။
ဒီလိုနဲ့ ရာမမင်းသား က မယ်သီတာ ကို ဒဿဘီလူး လက်တွင်းက လိုက်ကယ်တယ်။
ဒဿဘီလူး လည်း သေတယ် မယ်သီတာလည်း နန်းတော်ကို ပြန်ပါလာတယ်။
အဲဒိအချိန်မှာ ကျွန်တော်က မယ်သီတာ ကို ရာမမင်းသား တကယ်မချစ်ဘူးဆိုတာ ပိုပြီး သဘောပေါက်လိုက်ပါတယ်။ ကျွန်တော်နားလည်ထားတဲ့ အချစ်ဟာ အချစ် တစ်ခုတည်းအတွက် ဖြစ်တည်တယ်…ချစ်မိပြီဆိုရင် ကိုယ့်ချစ်သူ ရဲ့ အတိတ်အကုန်လုံးကို ခွင့်လွှတ်နားလည်ပေးနိုင်ရမယ်လေ။
ကျွန်တော်သာဆိုရင် အတိတ် ပစ္စုပ္ပန် အနာဂတ် အားလုံးကို ခွင့်လွှတ်ပေးမှာ
တကယ်ဖြစ်သင့်တာက ကိုယ် မချစ်မနှစ်သက်တဲ့သူရဲ့ လက်ထဲမှာ အကျဉ်းကျနေတဲ့ မိန်းမတစ်ယောက်ကို အားပေးရမယ်, နှစ်သိမ့်ရမယ်, နွေးနွေးထွေးထွေး ဆက်ဆံရမယ်ပေါ့။ မယ်သီဟာ ဒဿနောက်ကို လိုက်ချင်လို့ လိုက်သွားတာလည်း မဟုတ်ပါဘူး။
ဒါပေမဲ့…ရာမမင်းသားက လိုက်ကယ်တယ် ပြီးတော့ မယ်သီတာ ကို ဒဿ နဲ့ ဘာမှ မဖြစ်ခဲ့ဘူးဆိုတာ သစ္စာ ဆိုခိုင်းတယ်။
တကယ်လို့ ဖြစ်ခဲ့လည်း ဘာအရေးလဲ ? မယ်သီတာက အလိုမတူပဲ ဖြစ်ခဲ့တာလေ …ချစ်ခြင်းမှာ အပျိုစင် ဖြစ်ဖို့ဆိုတာ လို လို့လား? မယ်သီတာ ဟာ သူ, မှဲ့တစ်ပေါက်မှ မစွန်းခဲ့တာကို သက်သေပြဖို့အတွက် သစ္စာဆိုပြီး မီးပုံ ထဲကို ခုန်ဆင်းပြခဲ့တယ်။ သူ့ရဲ့ သစ္စာတရား မှန်ကန်မှုကြောင့် မီးက ငြိမ်းသွားခဲ့တယ်။အဲဒိတော့မှ ရာမမင်းသားက လက်ခံတာပါ။
ဒီနေရာမှာ ကျွန်တော်ကတော့ ရာမမင်းသားကို ဘယ်လိုမှ လက်ခံကြည့်လို့ မရပါဘူး။ ချစ်ခြင်း,မချစ်ခြင်းဆိုတာထက် ပိုပြီးတော့ လိင်ခွဲခြားဆက်ဆံတယ်လို့ပဲ ခံစားခဲ့ရတယ်။
ကျွန်တော်ကလည်း *ဘုန်း*ဆိုတဲ့ စကားကို အယုံအကြည် မရှိဘူးလေ…ယောင်္ကျားမှာ *ဘုန်း*ရှိတယ်…မိန်းမမှာ *ဘုန်း*နိမ့်တယ်ဆိုတဲ့ အယူဝါဒအောက်မှာ ……အဲလို*ဘုန်း* ရှိတဲ့ ယောင်္ကျားတွေက ထမီအောက်က ထွက်လာပြီး ထမီအောက်ပဲ ပြန်,ပြန် ဝင်သွားကြတာလေ။
ဒီလိုနဲ့…ရာမမင်းသားက ဘုရင်ဖြစ်, မယ်သီတာကို လက်ထပ်, ကာလ အတန်ငယ်ကြာမြင့်လာတော့ အမွှာယောင်္ကျားလေးနှစ်ယောက်ကို မွေး…နန်းတွင်းဆိုတာလည်း ခက်သားဗျ …လိုရင်တစ်မျိုး မလိုရင်တစ်မျိုး ခပ်ရှုပ်ရှုပ်ပါလေ…မယ်သီတာ မီးပုံထဲ ခုန်ဆင်းတော့ ဟိုဆီလူးထားလို့ ဒီဆီလူးထားလို့ ဆိုသူကဆို… အဲဒိကလေးနှစ်ယောက်ကို မင်းရာမ ရင်သွေး မဟုတ်ဘူးဆိုပြီး ဘုရင်မင်းရာမကို လျှောက်တင်တယ်လေ။
မင်းရာမကလည်း ဘုရင်ဖြစ်ပီး ယုံလွယ်တာပါပဲ။ ဒီလိုအချိန်မှာက မိမိနဲ့ လင်မယားဖြစ်နေပြီလေ…နည်းနည်းလေးပဲ ချစ်ကြည့်စမ်းပါ…ကိုယ့်မိန်းမ ကိုယ် နန်းတော်ထဲက နှင်မထုတ်ရက်ဘူး။
မူးကြီးမတ်ရာတွေရဲ့ ကုန်းတိုက်စကား အယုံလွယ်လို့ မယ်သီတာကို နှင်ထုတ်လိုက်တော့လည်း မယ်သီတာက ထွက်သွားရတာပေါ့…
ဘ-ရသေ့ကျောင်းမှာ ကလေးနှစ်ယောက်နဲ့ တူတူနေလို့ပေါ့…ကလေးတွေကလည်း ဇ,နဲ့လေ…ဘုရင့်ရွှေသမင်ကိုမှ ဖမ်းသတဲ့ …အဲဒါကို မင်းရာမက သိတော့ ဒီကလေးတွေဟာ မင်းမျိုးမင်းနွယ်သွေး စစ်မှန်လို့ ဒီလိုလုပ်ရဲတာဆိုပြီး နန်းတော်ထဲကို ပြန်လည်ခေါ်ယူမယ်ပေါ့။
အဲဒိမှာ စာရေးသူကျွန်တော် မင်းရာမကို အမုန်းဆုံး ဖြစ်သွားတာပါပဲ…ဒီလောက် ဖြူစင်တဲ့ သီတာဒေဝီကို သစ္စာဆိုခိုင်းပြီး ဒုတိယအကြိမ် မီးပုံထဲကို ထပ်ပီး ခုန်ချခိုင်းတယ်လေ…
မယ်သီတာဟာ တစ်သက်စာ ဒဏ်ရာ ရသွားပြီပေါ့…သူမ တစ်ခါမှ မမှားဘူးတဲ့ ကိစ္စတစ်ခုအတွက် အကြိမ်ကြိမ် စော်ကားခံလိုက်ရပြီလေ…သူ ဖြူစင်ပါက တမဟုတ်ချင်း ပြာကျလောင်ကျွမ်းသွားပါစေသားလို့ သစ္စာပြုပြီး မီးပုံထဲကို ခုန်ချပြခဲ့တယ်လေ
ရာမ ဘယ်လို ကျန်ခဲ့လည်းဆိုတာ စာရေးသူကျွန်တော် စိတ်မဝင်စားတော့ပါဘူး ကျွန်တော် လက်ခံမိလိုက်တာက…ရာမဟာ မယ်သီတာကို မချစ်ခဲ့ယုံမက သူ့အတ္တ, သှူ့မာနအတွက် မယ်သီတာကို အကြိမ်ကြိမ် စော်ကားခဲ့တယ်ဆိုတာကိုပဲ တွေးမိလိုက်တယ်။
စာရှုသူတို့ အနေနဲ့ရော
အချစ်ဆိုတာကို ဘယ်လိုထင်လဲ?
စာရှုသူတို့ ထင်ထား, သိထား, ခံစားမိထားတဲ့ အချစ်နဲ့ ချိန်ထိုးကြည့်ရင်ရော ရာမမင်းသားက မယ်သီတာကို တကယ် ချစ်ခဲ့ပါတယ်လို့ သတ်မှတ်မှာလား?
ကျွန်တော်ကတော့ ပြောရဲတယ်
ရာမမင်းသားဟာ မယ်သီတာကို ဘယ်တုန်းကမှ မချစ်ခဲ့ပါဘူး။
Credit: ရဲသုခ

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...