ရသေ့တောင် တွင် အမျိုးသမီးတစ်ဦးကို မျက်နှာဖုံးစွပ် နှစ်ဦးက အနုကြမ်းစီးကာ ဓားဖြင့် လည်လှီး


ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေတစ်ခု ဖြစ်သည့် အိုးဖောက်ကျေးရွာရှိ နေအိမ်တစ်ခုတွင် ဧပြီလ ၂၅ ရက် နံနက် ၁ နာရီခန့်က မျက်နှာဖုံးစွပ်ထားသည့် လူနှစ်ဦးက အနုကြမ်းစီးကာ အမျိုးသမီးတစ်ဦးကို ဓားဖြင့် လည်လှီးမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း အိုးဖောက်ကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်က ပြောကြားသည်။
အိုးဖောက်ကျေးရွာအတွင်း နေထိုင်သည့် မုန့်တီရောင်းသည့် ဒေါ်ဖြူမကြီး၏ နေအိမ်သို့ နံနက်အာရုဏ် တစ်နာရီခန့်က မျက်နှာဖုံးစွပ်ထားသည့် အမျိုးသားနှစ်ဦးက နေအိမ်အတွင်း ဝင်ရောက်ကာ ကလေးနှစ်ဦးကို လည်ပင်းညစ်၍ ငွေနှင့် ပစ္စည်းများကိုပေးရန် တောင်းသဖြင့် ဒေါ်ဖြူမကြီးက အိမ်ပေါ်တွင် ပစ္စည်းမရှိဘဲ အိမ်အောက်တွင်သာ ရှိကြောင်း ပြောဆိုပြီး ကလေးနှစ်ဦးကို ထွက်ပြေးခိုင်းခဲ့ကြောင်း ယင်းကျေးရွာဒေသခံ ဦးကျော်မင်းခိုင်က ပြောဆိုသည်။
အနုကြမ်းစီးသူနှစ်ဦးက ဒေါ်ဖြူမကြီးကို ခုံခင်းအဝတ်ဖြင့် လက်ပြန်ကြိုးတုတ်ကာ လည်ပင်းကိုဓါးဖြင့် လှီးဖြတ်၍ ထွက်သွားခဲ့ကြောင်း၊ ယင်းအနုကြမ်းစီးသူများထံသို့ သမီးဖြစ်သူနားတွင် ဝတ်ဆင်ထားသော နားကပ်တစ်ရံ ပါသွားခဲ့ကြောင်း ဦးကျော်ခိုင်က ရှင်းပြသည်။
ယင်းသို့ လည်ပင်းလှီးဖြတ်ခဲ့သည့် အတွက် ဒေါ်ဖြူမကြီး အသက် ၂၈ နှစ်သည် လည်ပင်းအရှေ့တွင် ၆ လက်မ အနက် ၁ လက်မကျော်ခန့် ဓားဒဏ်ရာ နှစ်ချက်နှင့် လည်ပင်းအနောက်တွင် လေးလက်မခန့်ရှိ ပြတ်ရှဒဏ်ရာများ ရရှိခဲ့ပြီး ရသေ့တောင်ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေရကြောင်း ဦးကျော်မင်းခိုင်က ပြောဆိုသည်။
ဒေါ်ဖြူမကြီးသည် ကျေးရွာအတွင်း မုန့်တီရောင်းကာ စီးပွားရှာနေသူဖြစ်ပြီး အိမ်ရှင်အမျိုးသားမှာ မလေးရှားနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်နေသူ ဖြစ်ကြောင်း၊ အသက် ၁၁ နှစ်အရွယ် သမီးဖြစ်သူနှင့် အသက် ၄ နှစ်ကျော်အရွယ် သားတစ်ဦးတို့ရှိပြီး သားအမိသုံးဦးတည်း နေထိုင်ကြကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ယခုအခင်းဖြစ်ပွားသည့် ကျေးရွာအနီးတွင် ဘင်္ဂါလီကျေးရွာများ ရှိသဖြင့် အနုကြမ်းစီးသူများသည် ဘင်္ဂါလီများ ဖြစ်နိုင်ခြေများပြီး ပဋိပက္ခများ ဖြစ်စေရန် ဖန်တီးလိုသူများ၏ အကြံအစည်များ ဖြစ်နိုင်ကြောင်း ယင်းဒေသခံများက သုံးသပ်ပြောဆိုသည်။
အခင်းဖြစ်ပွားမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာကျေးရွာ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းတွင် အမှုဖွင့်တိုင်ကြားထားပြီး သက်ဆိုင်ရာ တရားခံများ ဖမ်းဆီးရမိရေးအတွက် စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း နယ်မြေခံ နယ်ခြားစောင့် ရဲတပ်ဖွဲ့ထံမှ သိရသည်။
R-04Credit: The Voice

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...