မုန်တိုင်း အရှိန်ကြောင့် မြန်မာနိုင်ငံ တောင်ပိုင်း ဒေသများ၌ မြေပြိုမှု များဖြစ်နိုင်


ဆိုင်ကလုန်းမုန်တိုင်း မာရသာ (Marrutha) သည် ကုန်းတွင်းပိုင်း သို့ ဝင်ရောက်ပျက်ပြယ်သွားပြီဖြစ်သော်လည်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများတွင် မိုးများနိုင်ပြီး မြေပြိုမှုများဖြစ်နိုင်သည်ဟု လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံ တောင်ပိုင်းဒေသ မွန်၊ တနင်္သာရီနှင့် ကရင်ပြည်နယ်များအနေဖြင့်လည်း မိုးရွာသွန်းမှုများပြားပြီး ရေကြီးရေလျံခြင်း၊ မြေပြိုခြင်းနှင့် စိုက်ပျိုးသီးနှံများ ထိခိုက်မှုများဖြစ်နိုင်သည့်အတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရန် နှိုးဆော်ထားခြင်းဖြစ်သည်။
ယင်းအပြင် မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်း၊ မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းဒေသများ၌ နောက် ၇၂ နာရီအတွင်း မိုးရွာသွန်းမှုပိုလာနိုင်ကြောင်း ဂျပန် အာကာသစူးစမ်းလေ့လာရေးအေဂျင်စီ (JAXA Realtime Rainfall Watch) အရ တွေ့ရှိရပါသည်။
ဆိုင်ကလုန်းမုန်တိုင်း မာရသာ သည် ဧပြီ ၁၆ရက် ညပိုင်းက ရခိုင်ပြည်နယ် သံတွဲမြို့အနီး ဖြတ်ကျော်ဝင်ရောက်ခဲ့သည့်အတွက် သံတွဲမြို့၊ မြောက်ဦးမြို့၊ မာန်အောင်မြို့၊ တောင်ကုတ်မြို့တို့တွင် အိမ်များ အမိုလန်ခြင်း၊ ကျောင်းများ၊ ဘုန်းကြီးကျောင်းများ အမိုးလန်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ပြီး ဧရာဝတီတိုင်းအတွင်းရှိ ဟင်္သာတ၊ လပွတ္တာ၊ ဟိုင်းကြီးကျွန်း အစရှိသော ဒေသများတွင်လည်း အိမ်ပြိုခြင်း၊ သစ်ပင်များလဲပြိုခြင်းများကြောင့် လူအသေအပျောက်များရှိခဲ့သည်။
မကွေးတိုင်း၊ မင်းဘူးခရိုင်တွင်လည်း မန်းချောင်းရေလျှံမှုဖြစ်ပေါ်ခဲ့သေးသည်။
Credit : mizimma

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...