ဘဝမမေ့ပဲ အကြော်ရောင်းရင်းနဲ့ အနုပညာ အလုပ်တွေ ဆက်လုပ်သွားမယ့် သားငယ်


Myanmar Idol Season 2 Winner ဆုဆွတ်ခူးခဲ့ပြီး သူ့ရဲ့နေရပ် ပြင်ဦးလွင်သို့ ပြန်ရန်အတွက် အဝေးပြေးကားပေါ် ရောက်ရှိနေတဲ့ သားငယ်ကို မတ် ၂၇ ရက် ညနေပိုင်းက အခုလိုပဲ ဆက်သွယ်မေးမြန်းဖြစ်ခဲ့ပါတယ်။

မေး- Myanmar Idol Season 2 ရဲ့Winner  ဆုရှင်အဖြစ်ကြေညာလိုက်တဲ့အချိန်မှာ ခံစားလိုက်ရတဲ့ ခံစားချက်ကိုအရင်ဦးဆုံးပြောပြပေး ပါဦး။

ဖြေ- အရမ်းကိုပျော်ခဲ့တယ်။ မထင်မှတ်ထားခဲ့ဘူး။ ကျွန်တော် Myanmar Idol ကို ဝင်ပြိုင်ကတည်းက အကောင်းဆုံးကြိုးစားမယ်ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ပဲ ဝင်ပြိုင်ခဲ့တာပါ။ အခုလိုမျိုး Winner  တစ်ဦးအဖြစ် ရွေးချယ်ခံရမယ်လို့ တကယ်ကို လုံးဝမထင်မှတ်ထားခဲ့တဲ့ အရာဆိုတော့ ပြောမပြတတ်အောင်ကို ပျော်တယ်။

မေး- Final မှာယှဉ်ပြိုင်ရတဲ့ ပြိုင်ဘက်ပြိုင်ပွဲဝင်ကလည်း အရည်အချင်းရှိတဲ့ ပြိုင်ဘက်ကောင်းတစ်ဦးဆိုတော့ ယှဉ်ပြိုင်ဖို့အတွက် စိုးရိမ်စိတ်ရှိခဲ့လား။

ဖြေ- ဟုတ်ကဲ့။ ဘီလီကလည်း အရည်အချင်းရှိတဲ့ ပြိုင်ပွဲဝင်တစ်ဦးဆိုတော့ သူနဲ့အတူတူ ဖိုင်နယ်ပြိုင်ပွဲကို ဝင်ပြိုင်ရတာဆိုတော့ နည်းနည်းတော့ စိုးရိမ်ခဲ့တယ်။ ဒါပေမဲ့လည်း ကျွန်တော့်ဘက်က အပြည့်အဝကြိုးစားမယ်ဆိုတဲ့စိတ်နဲ့ ပိုပိုပြီးတော့ကြိုးစားခဲ့တယ်။ အားထည့်ခဲ့တယ်။ အကောင်းဆုံးယှဉ်ပြိုင်ခဲ့တယ်။

မေး- Myanmar Idol Season 2 သီဆိုယှဉ်ပြိုင်မှုအပတ်စဉ်ထဲမှာ သားငယ်အတွက် ဘယ်အပတ်စဉ်က အခက်အခဲဆုံးဖြစ်ခဲ့လဲ။

ဖြေ- အပတ်စဉ်တိုင်းက တစ်မျိုးမဟုတ်တစ်မျိုးနဲ့တော့ ခက်ခဲခဲ့ပါတယ်။ အပတ်စဉ်တိုင်းကတော့ ကျွန်တော်အတွက် မလွယ်ကူခဲ့ဘူး။ ဒီအပတ်စဉ်က လွယ်မယ်လို့ စိတ်ထဲမှာထင်ခဲ့ပေမယ့် တကယ်တမ်းကျတော့ တစ်နည်းနည်းနဲ့ အခက်အခဲကရှိခဲ့တယ်။ အဲဒီလိုမျိုးနဲ့ ကျွန်တော်အပတ်စဉ်တိုင်း အခက်အခဲတွေကို ကျော်လွှားခဲ့ရပါတယ်။

မေး- ပြိုင်ပွဲယှဉ်ပြိုင်နေစဉ်မှာ ပရိသတ်တွေက သားငယ်ကိုရွေးချယ် မဲပေးကြမလားဆိုတဲ့ စိုးရိမ်စိတ်ရော ဖြစ်မိလား။

ဖြေ- အမှန်အတိုင်းဝန်ခံရရင်တော့ အဲဒီစိုးရိမ်စိတ်ကတော့ရှိခဲ့ပါတယ်။ ဒါပေမဲ့စိုးရိမ်စိတ်ကို ဖျောက်ပြီးတော့ ပရိသတ်တွေ ငါဆိုတာကို ကြည့်ရတာ အဆင်ပြေပါ့မလား။ ပရိသတ်တွေ ကြိုက်ပါ့မလားဆိုတဲ့ စိတ်ကဝင်လာတော့ ပရိသတ်တွေရွေးချယ်တာ မရွေးချယ်မှာကို စိုးရိမ်တဲ့ စိုးရိမ် စိတ်ထက် ပရိသတ်တွေကိုအကောင်းဆုံး မလုပ်ပြနိုင်မှာကို ပိုပြီးတော့ စိုးရိမ်ခဲ့ရတယ်။

မေး- အခုက ပြန်သွားတာဆိုတော့ ပရိသတ်တွေက ဘယ်လောက်ထိ ကြိုဆိုနေကြမယ်လို့ထင်လဲ။

ဖြေ- ကျွန်တော်ကိုယ်တိုင် အခုကားပေါ်မှာထိုင်နေရင်းနဲ့ အရမ်းကို စိတ်လှုပ်ရှားနေပါတယ်။ ပရိသတ်တွေ လာကြိုမယ်လို့လည်း ကြားထားတော့ ရင်ခုန်တယ်။

မေး- အခုရလာတဲ့ ဆုကြေးငွေတွေကိုရော ဘာတွေလုပ်သွားဖို့ အစီအစဉ်ရှိလဲ။

ဖြေ- ဟုတ်ကဲ့။ ဒီဆုကြေးတွေက ကျွန်တော်ကို ပရိသတ်တွေရဲ့ ရွေးချယ်ပေးမှုကြောင့်ရတာဆိုတော့ ပရိသတ်တွေနဲ့အတူတူ အလှူအတန်းတွေ လုပ်သွားဖို့စဉ်းစားထားပါတယ်။ ပရိသတ်တွေနဲ့အတူတူ ပရဟိတလုပ်ဖို့စဉ်းစားထားတယ်။ ဒါမှလည်း ပရိသတ်တွေက ကျွန်တော့်ကို Vote ပေး ရွေးချယ်ရကျိုးနပ်မယ်လို့ ထင်တယ်။

မေး- အကြော်ပြန်ရောင်းဖို့ရော အစီအစဉ်ရှိလား။

ဖြေ- ကျွန်တော်က အကြော်သည် ဘဝကနေပြီးတော့ပဲ ဒီနေ့ဒီနေရာကို ရောက်လာတာဖြစ်တဲ့အတွက် ကျွန်တော်ဘယ်တော့မှ ဘဝမမေ့ပါဘူး။ ကျွန်တော်အရင်လိုပဲ အကြော်တွေပြန်ရောင်းရင်းနဲ့ အနုပညာအလုပ်တွေ ဆက်လုပ်သွားမယ်။

မေး- Myanmar Idol  နဲ့ရော စာချုပ်ဘယ်နှနှစ်ချုပ်ခဲ့တာလဲ။

ဖြေ- ကျွန်တော်ရှေ့ဆက်လုပ်ဆောင်မယ့်အနုပညာပိုင်းဆိုင်ရာ လုပ်ဆောင်မှုတွေနဲ့ပတ်သက်ပြီးတော့ သုံးနှစ်စာချုပ်ချုပ်ခဲ့ပါတယ်။

NN

democracytoday

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...