"ဆားခတ်ထားတဲ့ ရေတစ်ခွက်ကို ကုန်အောင် သောက်နိုင်တဲ့လူကို ဘီယာတိုက်မယ်ကွာ"

ကန်ဘောင်မှာ ထိုင်ရင်း မျိုးဇော်က ကျွန်တော်နဲ့ ခိုင်မြဲကို စိန်ခေါ်တယ်။ ဖန်ခွက် ၂ ခွက်ထဲကို ဆား တစ်ဆုပ်စီ ပစ်ထည့်ပြီးတော့ မျိုးဇော်က "ရော့ သောက်" လို့ ပြောရင်း ကျွန်တော်တို့ ရှေ့ ချပေးတယ်။
ကျွန်တော် ခွက်ကို ယူပြီးမော့ချလိုက်တယ်။ "ဖွီး...! ငန်တယ်ကွာ!" ချက်ချင်းပြန်ထွေးရတယ်။ ထည့် ထားတဲ့ ဆားတွေ များချက်က ပျို့တက်လာတဲ့အထိပဲ။ ဆက်သောက်လို့ကို မရဘူး။
ခိုင်မြဲကတော့ တပြုံးပြုံးနဲ့ ခွက်ကို ယူပြီး ရေစပ်နားဆီကို ထသွားတယ်။ ကျွန်တော်တို့ရှေ့တင် ခွက်ကို ရေကန်ထဲသွန်လိုက်တယ်။ ကန်ရေကိုငုံ့ပြီး တစ်ခွက် ပြန်ခပ်လိုက်တယ်။ အေးအေးဆေးဆေး မော့ သောက်လိုက်တယ်။
ဟုတ်သားပဲ။ ဆားခတ်ထားတဲ့ ရေလို့ပဲ မျိုးဇော်ပြောတာ။ ခွက်ထဲကရေမှ မဟုတ်တာ။ ကန်ထဲကို သွန် လိုက်တဲ့ အတွက် ကန်ဟာလည်း ဆားခတ်လိုက်တဲ့ ရေဖြစ်လာတာပေါ့။ သို့သော် မငန်တော့ဘူး။
မျိုးဇော်က လောင်းကစား ရှုံးသွားတယ်။ ခိုင်မြဲက ဘီယာ အတိုက်ခံလိုက်တယ်။ ကျွန်တော်ကတော့ ပညာ တစ်ခု ရသွားတယ်။
လောကမှာ ငန်တာဖြစ်ဖြစ် ချိုတာဖြစ်ဖြစ် နာတာဖြစ်ဖြစ် ဝမ်းနည်းတာဖြစ်ဖြစ် တစ်ကိုယ်စာ ခံစားနေ စရာ မလိုဘူး။ ပတ်ဝန်းကျင် ဆိုတဲ့ ရေကန်ကြီးထဲကို ပစ်ထည့်လိုက်ရမယ်။ ပြီးတော့မှ ခံစားချက် ပေါ့ပေါ့လေးကို တစ်ခွက်ခပ်သောက်လိုက်ရုံပေါ့။
Credit #kyawnge ( မှတ်စုကြမ်း )

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...