ဝါဆိုလပြည့် (ဓမ္မစင်္ကြာနေ့) အကြောင်း သိကောင်းစရာ



ကျွန်ပ်တို့ မြန်မာများရဲ့ ၀ါဆိုလပြည့်နေ့ နေ့ထူးနေ့မြတ်ပဲ ဖြစ်ပါတယ်။ဝါဆိုလပြည့်နေ့သည် ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တို့အတွက် မမေ့အပ်သည့် ထူးမြတ်သည့် နေ့ထူးနေ့မြတ်တစ်ခုလည်း ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ၀ါဆိုလပြည့်နေ့ အခါသမယသည် ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တို့အတွက် ရတနာသုံးပါး စုံလင်စွာ ပေါ်ထွန်းလာခဲ့သည့် နေ့ထူးနေ့မြတ် ဖြစ်သောကြောင့် ဖြစ်ပါသည်။

ဂေါတမဗုဒ္ဓသည် ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့သော်လည်း တရားဟောတော်မူခဲ့ခြင်း မရှိသေးခဲ့၊ နောက်လိုက်နောက်ပါ ရဟန်းသံဃာလည်း မရှိသေးခဲ့ပါ။ ၀ါဆိုလပြည့် အခါသမယတွင်မှသာ တစ်ချိန်က အလုပ်အကျွေး ပြုခဲ့ဖူးသည့် ပဉ္စ၀ဂ္ဂီ ငါးဦးကို ဓမ္မစကြာတရားဦး ဟောကြားတော် မူခဲ့ပါသည်။ အဆိုပါ ဓမ္မစကြာတရားသည် ဘုရားရှင်၏ ပထမဆုံးသော တရားတော်ဖြစ်ပါသည်။ ပဉ္စ၀ဂ္ဂီ ငါးဦးသည်လည်း ဘုရားရှင်၏ သာသနာတော်ဝယ် ပထမဆုံးသော သံဃာတော်များ ဖြစ်လာခဲ့ပါသည်။


ထို့ကြောင့် ၀ါဆိုလပြည့်နေ့သည် ဘုရား၊ တရား၊ သံဃာ ဟူသည့် ရတနာသုံးပါး စုံလင်စွာ ပေါ်ထွန်းခဲ့သည့် နေ့ထူးနေ့မြတ်ဟု ဆိုရခြင်းဖြစ်ပါသည်။ ယနေ့ ကျွန်ုပ်တို့ ရွတ်ဆိုနေကြသည့် ဓမ္မံ ဟူသော စကားလုံးနှင့် သံဃံ ဟူသော စကားလုံးတို့သည် ၀ါဆိုလပြည့်နေ့မှသာ စတင်ရွတ်ဆို နိုင်ခဲ့ခြင်း ဖြစ်ပါသည်။ ထို့မျှဆိုလျှင် ၀ါဆိုလပြည့်နေ့သည် ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တို့အတွက် မည်မျှအရေးပါကြောင်း၊ ထူးမြတ်ကြောင်း သိစေလောက်ပြီဟု ယူဆပါသည်။


့ မြန်မာသက္ကရာဇ် ၁၃၇၉ ခုနှစ် ၀ါဆိုလပြည့်နေ့ အခါသမယ၀ယ် ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်အားလုံး ကုသိုလ်တရားများ ရင်ဝယ်ပွား၍ မေတ္တာတရားများ ကိန်းအောင်တည်ရှိနိုင်ပါစေ၊ သံသရာအတွက် အထောက်အပံ့ဖြစ်စေမည့် သူတော်ကောင်းတရားများကို ပွားများအားထုတ်နိုင်ကြပါစေ၊ ဗုဒ္ဓမြတ်စွာ သွန်သင်လမ်းပြခဲ့သည့် တရားတော်များကို နှလုံးသွင်းဆင်ခြင်နိုင်ကြပါစေ၊ စိတ်ဝမ်းနှလုံး ငြိမ်းအေးနိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။

အရပ်လေးမျက်နှာ၊ အရပ်ရှစ်မျက်နှာ၊ အရပ်ဆယ်မျက်နှာ၌ နေကြကုန်သော ဝေနေယျသတ္တ၀ါအားလုံး ဘေးရန်ကင်းရှင်းကြပါစေ၊ ဒေါသခပ်သိမ်း ကင်းငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။ ...။


Credit: Myanmarthway

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...