ရည်းစား ထားတာ ယူဖို့လား

မြန်မာ့ရိုးရာထုံးတမ်းစဉ်လာတွေကြောင့်ရယ်၊ ရုတ်တရက် ကြားလိုက်ရတာကြောင့်ရယ်တော့ “ရည်းစားထားတာ ယူဖို့လား” ဆိုတာ နှာခေါင်းရှုံ့ချင်စရာပါပဲ ..
အရှေ့တိုင်းမှာ (အထူးသဖြင့်) မြန်မာပြည်မှာ အမျိုးသမီးတစ်ယောက်ဟာ အရွယ်ရောက်လို့ ရည်းစားထားပြီဆိုတာနဲ့ အဲ့ဒီရည်းစားကို အတိအကျ ယူဖို့ ဆုံးဖြတ်လိုက်ကြတော့တာပါပဲ .။
ကိုယ်တိုင်ဝတ်မဲ့ အကျီင်္တစ်ထည်၊ လုံချည်တစ်ထည်၊ ဖိနပ်တစ်ရံကိုတောင် သေသေချာချာ ရွေးကြချယ်ကြ၊ ကိုယ်နဲ့ လိုက်မလိုက်၊ တော်မတော်၊ သင့်မသင့်၊ ဈေးနှုန်းအနေအထား၊ ဝတ်ရမဲ့အချိန်အခါ အများကြီး တွက်ချက်ပြီးမှ ဝယ်ကြတာ မဟုတ်လား ..။
တစ်ဘဝလုံး မဟုတ်တောင် ကိုယ်နဲ့ နှစ်ကိုယ့်တစ်စိတ် (အထူးသဖြင့်) ကိုယ် မွေးပေးလိုက်ရမဲ့ သားသမီးတွေရဲ့ ဖခင်ဖြစ်မဲ့သူကို ဖိနပ်တစ်ရံ ရွေးသလောက်၊ လုံချည်တစ်ထည်ရွေးသလောက် ရွေးခဲ့ကြရဲ့လား ..
ဒါဟာလဲ မြန်မာတို့ရဲ့ ထုံးတမ်းစဉ်လာနဲ့ သတ်မှတ်ချက်တွေကြောင့် ဖြစ်ကြရတာ .. “မိန်းမကောင်း ပန်းပန် တစ်ပွင့်တန်” တို့ “လင်စံရွေး လင်ခွေးနဲ့ညား” တို့ “အလံမရှိတဲ့ရထား၊ တံခွန်မရှိတဲ့ရထား၊ လင်မရှိတဲ့ မယား မတင့်တယ်ဘူး” ……
စတဲ့ အရင့်အရင်ခေတ်တွေကတော့ ခေတ်နဲ့ လျော်ညီခဲ့ဖူးလောက်တဲ့ ဆိုရိုးစကားတွေကို မြန်မာ့ရိုးရာလိုလို ယဉ်ကျေးမှုလိုလို ဆိုတာတွေကို ဆက်လက် လက်ဆင့်ကမ်းလာလိုက်တာ ဒီနေ့လိုခေတ်ကြီးမှာတော့ အမျိုးသမီးတွေအတွက် ဖြုတ်မရတဲ့ သံခြေကျင်းတွေ ဖြစ်လာတော့တာပါပဲ ..
ဆိုးတာက အဲ့ဒီစကားလုံးတွေ အယူအဆတွေကို ရှေးရိုးလူကြီးသူမတွေတင်မကဘဲ ဒီဘက်ခေတ် သက်လတ်ပိုင်းအရွယ် အမျိုးသားကြီးတစ်ချို့ နဲ့ အမျိုးသမီးအတော်များများကပါ လက်ကိုင်ထားနေကြတာပဲ .. အမျိုးသမီးငယ် အတော်များများဟာ အပျိုဖော်ဝင်စကတည်းက အဲ့ဒီစကားလုံးတွေ ရိုက်သွင်းခံခဲ့ကြရတယ် ..
စကားစပ်မိလို့ ပြောရရင် ကိုယ့်အသိ (ကိုယ်နဲ့ရွယ်တူ) အမျိုးသမီးတစ်ယောက်ဆိုရင် သူ အပျိုဖော်ဝင်စမှာ သူ့အမေက “ယောက်ျားလေးတွေကို ကြည့်တာနဲ့ ကိုယ်ဝန်ရလိမ့်မယ်” လို့ ခြောက်ထားခဲ့တယ် .. သူဟာ အဲ့ဒီအချိန်ကတည်းက ယောက်ျားလေးတွေကို ရဲရဲ မကြည့်ရဲတော့တာ အတော်လေး အရွယ်ရောက်တဲ့အထိပဲ ..။
ခေတ်ပညာတတ် အမျိုးသမီးတစ်ယောက် ဖြစ်လာတဲ့အချိန်ထိနော် .. အခုအချိန် အသက်လဲ ၄၀ နား နီးလာတဲ့ အချိန်ကျမှ သူဟာ အမျိုးသားတစ်ချို့နဲ့ ခင်ခင်မင်မင် ပေါင်းတတ်သင်းတတ်လာပါတယ် .. ခေတ်ပညာတတ် အမျိုးသမီးတစ်ယောက် ဖြစ်ပါရဲ့နဲ့ ဘာလို့ အဲ့လိုဖြစ်ရသလဲဆိုတော့ အပျိုဖော်ဝင်စအရွယ်မှာ မိခင်က ရိုက်သွင်းပေးခဲ့လိုက်တဲ့ မှားယွင်းတဲ့ လမ်းပြမှုကြောင့်ပဲ ..
ဆိုတော့ “ငါတို့က သမီးမိန်းကလေး မွေးထားတာ ဒီခေတ်ကြီးက ဘယ်သို့ ဘယ်ညာ ဘယ်ချမ်းသာ” ပြောကြပါလိမ့်မယ် .. ဟုတ်ပါတယ် .. ခေတ်ကာလက အဆိုးဘက်ကို ဆွဲချနေတာပါ .. အဆိုးဘက်ကို ဆွဲချနေရတဲ့အထဲမှာ အပေါ်မှာ ပြောခဲ့သလို….
“မိန်းမကောင်းပန်းပန် တစ်ပွင့်တန်” တွေ ဘာတွေ သွားလုပ်နေရင် သူပန်လိုက်တဲ့ ပန်းထဲမှာ ခါချဉ်ကောင်ပါခဲ့ရင်ရော .. သူရွေးလိုက်တဲ့ ပန်းဟာ မကောင်းမကန်းပန်းတစ်ပွင့် ဖြစ်ခဲ့ရင်ရော .. အနံ့မကောင်းတဲ့ ပန်း ဖြစ်နေခဲ့ရင်ရော .. အနာခံ အနံခံပြီး ဆက်ပန်ထားရဦးမှာလား .. ဆက်ပန်ထားခိုင်းမှာလား ..
အမျိုးသမီးလေးတွေဟာ အရွယ်ရောက်လာတဲ့အခါ သဘာဝအရ ဆန့်ကျင်ဘက်လိင်ကို စိတ်ဝင်စားမယ် .. နီးစပ်ရာအပေါ် သာယာတာတွေ ရှိမယ် .. အဲ့ဒီလိုသာယာတဲ့အခါ ကောင်းမကောင်း သင့်မသင့် မဆုံးဖြတ်တတ်ကြဘူး .. ။
ဒီလူတစ်ယောက်ကို သဘောကျတယ်၊ ကြိုက်တယ်၊ ချစ်တယ်လို့ ထင်တယ်၊ မိဘတွေ ပြောထားတဲ့ “မိန်းမကောင်းပန်းပန်တစ်ပွင့်တန်” ဘာညာကို ကိုးကားလိုက်တဲ့အခါ တစ်မျက်နှာက နှစ်မျက်နှာ မပြောင်းချင်တာတွေ ဖြစ်လာတယ် ..။

ကိုယ့်ဘေးကလူ မကောင်းတာသိနေလဲ ချစ်တဲ့စိတ်က ၃၀% လောက်နဲ့ ပတ်ဝန်းကျင်မှာ မျက်နှာများတဲ့ မိန်းကလေး မဖြစ်ချင်တာက ၇၀% ပေါင်းလိုက်တဲ့အခါ ရာနှုန်းပြည့် အဲ့ဒီလူကို ကောင်းကောင်း မကောင်းကောင်း ပေါင်းဖို့ ဖြစ်လာရတော့တာပဲ .. ဒါဟာ ဒီမိန်းကလေးရဲ့ ကံ မဟုတ်ဘူး .. မိန်းကလေးကို အဲ့လိုဖြစ်အောင် ပတ်ဝန်းကျင်နဲ့ ဓလေ့ထုံးစံဆိုတာကြီးက ဝိုင်းလုပ်လိုက်ကြတာ ..
ဆိုတော့ မိန်းကလေးတွေက ရည်းစားထားလိုက်ပြီဆိုတာနဲ့ ဒီလူဟာ ငါ့အိမ်ထောင်ဦးစီးလို့ ပစ်တွေးလိုက်ကြတော့တာပဲ .. အဲ့ဒီအခါမှာ ဒီလူရဲ့ အကျင့်စရိုက်၊ ပတ်ဝန်းကျင်၊ မိသားစု၊ အလုပ်အကိုင် အထိပါ ပါဝင်စွက်ဖက်တော့တာပဲ ..။
ငါပိုင်ပစ္စည်းလို့ သတ်မှတ်ပြီး ငါ့ပစ္စည်း ငါ့သဘောအတိုင်း ဖြစ်ရမယ် ငါပုံသွင်းသလို နေရမယ် ဆိုတာတွေ ဖြစ်လာတယ် .. သူ အလုပ်လုပ်နေတာ ငါ့အတွက် ဆိုတာတွေ ငါက သူ့ကို အားကိုးမယ် ဆိုတာတွေ ဖြစ်လာတယ် .. အဲ့ဒီအခါ တကယ်လို့များ အကြောင်းကြောင်းကြောင့် အဆင်မပြေကြလို့ လမ်းခွဲကြတဲ့အခါ မိန်းကလေးတွေမှာ ပိုပြီး အထိနာရပါတော့တယ် ..။
ဘာလို့ဆိုတော့ တစ်ချိန်မှာ ငါ့အိမ်ထောင်ဦးစီး ဖြစ်လာမဲ့လူလို့ တရားသေစွဲမှတ်လိုက်ကြတော့တာကိုး .. ရည်းစားဖြစ်ကြရင်တောင် ယူဖြစ်ချင်မှ ယူဖြစ်မယ် .. လေ့လာဦးမယ် .. အဆင်မပြေနိုင်တာတွေ ရှိနိုင်တယ် ဆိုတာကို ကြိုတင်ပြီး တွေးထား သိထားမယ်ဆိုရင်၊ အားကိုးချင်တာတစ်ခုတည်းနဲ့ နောက်ကနေ တွဲလွဲခိုပြီး လိုက်ချင်တာ တစ်ခုတည်းနဲ့ တွဲမိတာမျိုး မဟုတ်ဘူးဆိုရင် အဆင်မပြေချိန်ရောက်တဲ့အခါ ခံနိုင်ရည် ရှိလာပါလိမ့်မယ် ..
ယောက်ျားလေးတွေနဲ့ မိန်းကလေးတွေ ကွာခြားတဲ့အချက်ကလဲ အဲ့ဒါပါပဲ .. ယောက်ျားလေးတွေဟာ ရည်းစားထားတိုင်း ယူဖို့အတွက် မရည်ရွယ်ကြပါဘူး .. အဲ့ဒီအတွက် သူတို့ရဲ့ ရွေးချယ်မှုကို သူတို့ ရဲရဲလုပ်ရဲကြပါတယ် .. ကိုယ့်အသိ မောင်လေးတစ်ယောက်ကို မေးခဲ့ဖူးပါတယ် .. ။
နင်တို့ယောက်ျားလေးတွေဟာ ဘာလို့များ ရည်းစားတွေ အများကြီးထားပြီး ဟိုလူ့ယူမယ် ဒီလူ့ယူမယ်နဲ့ နောက်ဆုံး ယူဖြစ်သွားပြန်တော့လဲ တခြားတစ်ယောက် ဖြစ်နေပြန်တာပါပဲလား ဆိုတော့ သူက ပြန်ဖြေတယ် .. “အားလုံးကိုတော့ ချစ်တာပါပဲ .. ဒါပေမဲ့ ယူမဲ့အချိန်မှာ အဆင်သင့်ဖြစ်နေတဲ့သူ အနားမှာရှိနေတဲ့သူကိုပဲ ရွေးချယ်ကြတာပါပဲ” .. တဲ့ .. ။
ဆိုလိုတာက ယောက်ျားလေးတိုင်းဟာ သူ့ဘေးနားထားပြီး ပါးလေးနမ်းလိုက် နဖူးလေးနမ်းလိုက် လုပ်နေရင်းကတော့ နင့်ငါ မယူဘူးလို့ မပြောဘူး .. ယူမယ်ပဲ ပြောမှာပဲ .. အဲ့လိုပြောမှလဲ ပါးချ မခံရမှာကိုး .. အဲ့ဒီအပေါ် သူတို့က နင့်ငါ ယူပါ့မယ်လို့ သစ္စာရေသောက်ပြောတောင် ငါက ယူနိုင်ဖို့ မသေချာဘူး လို့ ကိုယ့်ကိုယ်ကိုတွေးပါ .. ခေတ်စားနေတဲ့ စကားလိုပဲ “သစ္စာရေသောက်တော့ သေးများများပေါက်တာပေါ့” ဆိုတာ မှတ်ထားပါ ..
ရည်းစားထားပါ .. အိမ်ထောင်ဖက်လို့ မသတ်မှတ်ပါနဲ့ဦး .. ချစ်လို့ရပါတယ် ချစ်ပါ .. ကိုယ်က မွေးလာမဲ့ ကလေးတွေအဖေနေရာမှာ မသင့်တော်ဘူး ထင်ရင် အချိန်မှီနောက်ဆုတ်ပါ .. နောင်တစ်ချိန်ကျမှ ကျမကတော့ ကလေးမျက်နှာကြောင့်တို့ ကလေးမှာ အဖေခေါ်စရာမရှိမှာစိုးတာကြောင့်တို့ ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ လင်ဆိုးမယားတဖားဖား ဖြစ်နေကြရမှာထက် စာရင်….
ရည်းစားဘဝမှာ မသင့်ဘူးထင်တာနဲ့ စွန့်ခွာလိုက်တာ ပိုကောင်းပါတယ် .. မိန်းကလေးတွေ ရွေးချယ်ကြပါ .. ရည်းစားထားတိုင်း ယူကိုယူရမယ် လို့ မတွေးပါနဲ့ .. ကိုယ့်ကိုယ်ကို ဒုက္ခပေးရာရောက်သလို တစ်ဖက်သား ယောက်ျားလေးကိုလဲ ချုပ်နှောင်ထားရာ ကျပါတယ် ..

နောက်ထပ် ပြဿနာတစ်ခုကတော့ relationship တစ်ခုမှာ တစ်ယောက်ကို တစ်ယောက် သည်းခံနိုင်တဲ့ အတိုင်းအတာထက် လွန်နေပြီဆိုရင်တောင် ပြတ်ပြတ်သားသား လမ်းခွဲလိုက်တာမျိုး မရှိတာပဲ .. မကောင်းတဲ့ တစ်ယောက်ကို ပြန်ကောင်းလာဦးမလား မျှော်လင့်တာလား ဘာလားတော့ မသိပေမဲ့။
အေးစက်စက်နဲ့ အဆင်မပြေတဲ့ relationship ကို ဆက်ပြီး အီလည်လည်နဲ့ ဆွဲထားကြတယ် .. အဲ့ဒီအခါမှာ သည်းမခံနိုင်တဲ့ဘက်က လက်ရှိထက် ပိုသာတယ်လို့ ထင်ရတဲ့လူဆီ စိတ်ညွှတ်တဲ့အခါ ဖောက်ပြန်ခြင်းကြောင့် လမ်းခွဲရတယ်ဆိုတာတွေ ဖြစ်လာတော့တယ် .. (ယွကို ယွလို့ ဖောက်ပြန်တဲ့သူတွေကိုတော့ ထည့်ကို မပြောပါဘူး)
တစ်ယောက်နဲ့ တစ်ယောက် စိတ်သဘောထားချင်း မတိုက်ဆိုင်လို့ လမ်းခွဲကြရတဲ့အခါ သူငယ်ချင်းလို မောင်နှမလို ဆက်ပြီး ဆက်ဆံကြလို့ရပေမဲ့ ဖောက်ပြန်မှုကြောင့် လမ်းခွဲကြရတဲ့အခါမှာတော့ တစ်ယောက်မျက်နှာ တစ်ယောက် မကြည့်ချင်တော့လောက်အောင် ပူလောင်မုန်းတီးကြရပြန်တယ် ။
အဲ့ဒါကလဲ ဘာလဲဆိုတော့ အပေါ်မှာ ပြောခဲ့သလို တစ်ယောက်က နောက်တစ်ယောက်ကို ပြောင်းလိုက်တဲ့အခါ ပတ်ဝန်းကျင်က ပြောကြမှာကို ကြောက်တာရယ်၊ သူမရှိလို့ ငါ ရပ်တည်နိုင်ပါ့မလားလို့ တွေးကြောက်တာတွေရယ်၊ ငါ့ထက်ပိုပြီး တခြားတစ်ယောက်ကိုတော့ ချစ်မှာမဟုတ်ပါဘူး၊ ငါ့လောက် သူ့အပေါ် ဘယ်သူက ကောင်းမှာလဲဆိုတဲ့ ကိုယ်ရည်သွေးပြီး ကိုယ့်ကိုယ်ကို အထင်ကြီးကြတာတွေကြောင့်ရယ် ဖြစ်ကြရတာ ..
အဲ့ဒီတော့ အသက်အရွယ်နဲ့ ခန္ဓာကိုယ် ပြောင်းလဲမှုအရ ကိုယ့်သားသမီး၊ ကိုယ့်ညီမနှမ၊ ကိုယ့်တူမတွေ ရည်းစားထားတာကို လက်ခံပါ .. အဲ့လိုရည်းစားထားပြီးလို့ သူ အဆင်မပြေလို့ ဆက်မတွဲချင်ဘူးဆိုတဲ့အခါလဲ သူ့ကို ရွေးချယ်ခွင့်ပေးပါ .. ဒီလောက်နှစ်တွေအကြာကြီးတွဲလာတာ မယူရင် မိန်းကလေး သိက္ခာကျတယ် ဘာဖြစ်တယ် ညာဖြစ်တယ် မပြောဘဲနဲ့ ပိုကောင်းတာတွေကိုသာ ရွေးချယ်နိုင်ဖို့ ပြောပြပါ ..
ရည်းစားထားတာ ရှက်စရာမဟုတ်ပါဘူး .. ရည်းစားနဲ့ ပြတ်စဲတာလဲ ရှက်စရာမဟုတ်ပါဘူး .. ယောက်ျားယူဖို့ ရည်းစားထားတာ ဆိုတာမျိုးထက် ကိုယ်နဲ့ အဆင်ပြေမပြေ အနီးကပ်လေ့လာကြည့်ဖို့ ရည်းစားထားတယ် ဆိုတာက ခုခေတ်အနေအထားနဲ့ ပိုသင့်တော်ပါတယ် .. ရည်းစားထားလိုက်ပြီဆိုတာနဲ့ အဲ့ဒီလူကို ကိုယ့်အိမ်သားလို့ သဘောမထားပါနဲ့ .. အချိန်မရွေး ကြိုးပြတ်ထွက်သွားနိုင်တဲ့ စက္ကူစွန်လေးလို အဆုံးထိ တွေးထားပါ ..
ကိုယ့်ပတ်ဝန်းကျင်က မိန်းကလေးတစ်ယောက်ယောက် ရည်းစားနဲ့ ပြတ်စဲတဲ့အခါမှာလဲ cheer up လုပ်ပေးပါ .. သူ့ရွေးချယ်မှုကို လေးစားပါ .. မျက်နှာများတယ် ပွေတယ် ရှုပ်တယ် လို့ ဝေဖန်တာဟာ အဲ့ဒီမိန်းကလေးရဲ့ ကိုယ်ရေးကိုယ်တာကို ဝင်ရောက်စွက်ဖက်ခြင်းပါ .. ဘယ်လို လူကြီးလူကောင်းမျိုးကမှ သူတပါးရဲ့ ကိုယ်ရေးကိုယ်တာကို ဝင်မစွက်ကြသလို အချိန်ကုန်ခံပြီး အတင်းပြောမနေကြပါဘူး ..
ဒါကြောင့် ညီမလေးတို့ သမီးလေးတို့အနေနဲ့ ရည်းစားထားတာဟာ ယောက်ျားယူတာ မဟုတ်တဲ့အတွက် အဲ့ဒီကိစ္စအပေါ် အရမ်းကြီး စိတ်နှစ်မထားဘဲ ကိုယ့်တိုးတက်ရာတိုးတက်ကြောင်းကိုလည်း ကိုယ့်ရည်မှန်းချက်အတိုင်း ကြိုးစားပါ ။
ရည်းစားကို အချိန်ပေးသလို ကိုယ့်အလုပ်နဲ့ ကိုယ့်ကိုယ်ရည်ကိုယ်သွေးတိုးတက်ဖို့အတွက်လည်း အချိန်ပေးပါ .. right person ဟာ right time မှာ ရောက်လာပါလိမ့်မယ် .. သမီးလေးတို့ ညီမလေးတို့ ကိုယ့်အားကိုယ်ကိုးခြင်းဖြင့် အစစအရာရာ အေးချမ်းကြပါစေ ..
Credit:
ချစ်တဲ့
Kyaw Thida Aung

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...