မငိုကြေးနော်


နတ်မောက်

မင်းဘာမှ ထပ်မလုပ်နဲ့

ထိန်လင်း ကို

ငါတို့ဆီပေးပြီးကတည်းက

ဆယ်ကမ္ဘာစာလောက်

တာဝန်ကျေပြီ။



ခင်ကြည်

ညည်းယောင်္ကျားကို

သေချာကြည့်ထား

သမီးကလေး ခမည်းပေးဖို့

ရွှေကလေးတစ်ပဲတစ်မူးတောင်

အမေအိုဆီ

လက်ဖြန့်တဲ့လူသား

နိုင်ငံ့ခေါင်းဆောင်ငမွဲကို

ညည်းစိတ်ပျက်ချင်ပျက်

သမိုင်းက စိတ်မပျက်စေနဲ့ ။



ဗိုလ်ထွန်းလှ

ခင်ဗျားဆရာကိုကြည့်ပြောဦး

လမ်းဘေးမှာ အကြော်ဝင်စားနေတာ

နှောင်းလူတွေသိရင်

မျက်နှာမထားတတ်အောင်

ရှက်နေရှာဦးမယ် ။



ဆရာတော် ဦးသောဘိတ

ဒီတစ်ခါကြမ်းတမ်းမိလို့

ဒီကလေးကို မရိုက်ပါနဲ့

ရရင်ရ မရရင်ချဆိုတာ

ကျွန်တော်တို့အတွက်ပါဘုရား ။



ဦးဘဝင်း

ခင်ဗျားညီအငယ်ဆုံးလေးကို

ခွင့်လွှတ်ပေးပါ

သူပြောခိုင်းတဲ့

ရည်းစားစကားပြောပေးလိုက်ပါ

စစ်သားကြီးအသည်းက

ဆေးရုံပေါ်မှာ ကျန်ခဲ့ရင်

ကျွန်တော်တို့ပဲ နစ်နာကြမှာ ။



ရဲဘော်ကျော်စိန်

ခင်ဗျားကားမောင်းရင် သတိကို

ငယ်ထိပ်မှာကပ်ထား

ခင်ဗျားတင်မောင်းလာတာ

ကျွန်တော်တို့

အတိတ်ကြီး ပစ္စုပ္ပန်ကြီး

အနာဂတ်ကြီး ။



ဟေ့လူ

ပလေဒီယံရုပ်ရှင်ရုံမန်နေဂျာ

သူ့ဟာသူ

ငါးမူးတန်းကကြည့်ကြည့်

တစ်မတ်တန်းကကြည့်ကြည့်

သွားမတားပါနဲ့

ဘဝမှာ အပန်းဖြေနည်း

လက်တစ်ဖက်မပြည့်ခဲ့တဲ့သူ

စိတ်လွတ်ကိုယ်လွတ်ခံစားပါစေဗျ ။



ဗိုလ်မှူးကြီး ဆူဇူကီး

တွေ့တယ်မလား ခင်ဗျားကို

လက်ဆွဲနှုတ်ဆက်ရင်း

ခင်ဗျားကို တိုက်သင့်ရင်

တိုက်ရမှာပဲလို့ပြောခဲ့တဲ့

အညာသားလေးကို

အဲ့သတ္တိ အဲ့စကားကို

သေချာမှတ်ထား

နှောင်းမြန်မာတွေထဲမှာ

ပြောရဲတာ တစ်ကောင်မှမရှိဘူး ။



အမွိုင်

မင်းမြေကို သူနင်းလိုက်တော့

တွန့်မသွားဘူးလား အာရှတိုက်ရဲ့

ကြယ်တစ်လုံးကို နှစ်လလောက်

ထမ်းထားလိုက်ရတာ အခုထိ

ဂုဏ်ယူမဆုံးမဟုတ်လား ။



ဦးစော

ခင်ဗျားကို မေ့ထားပါ့မယ်

ခွင့်လွှတ်လို့တော့ မရသေးဘူး

ဒါပေမဲ့ မပူပါနဲ့

ဒီနေ့ခေတ်မှာလည်း ခင်ဗျားလို

လူတွေအများကြီးရယ် ။



မစ္စတာနေရူး

ခင်ဗျားသူ့ကို

လောင်းကုတ်ကြီးပေးလိုက်တာ

ကျေးဇူးတင်တယ်ဗျာ

အခု ကျွန်တော်တို့မှာ

ဒါကြီးခြုံပြီး နွေးနေရတာ ။



ပဲခူးဆောင်

ခင်ဗျားအခန်းထဲက

ကြမ်းပိုးတွေ

မောင်းမထုတ်လိုက်နဲ့

စာအုပ်ပုံကြီးကို ရှင်းမပစ်လိုက်နဲ့

မခေါက်ရသေးတဲ့ အဝတ်တွေ

တန်းပေါ်မချိတ်လိုက်နဲ့

သူဇိမ်နဲ့ မနေခဲ့လို့

ကျွန်တော်တို့ ဇိမ်နဲ့

နေနေရတာ ။



ညိုညိုစိန်

ညည်းတစ်သက်လုံး

မင်းသမီးလုပ်လာတာ

အနယ်နယ်အရပ်ရပ်

ရွှေဘိုညချမ်းကလို

သူရဲကောင်းမျိုးတွေ့ဖူးရဲ့လား

” ကျုပ်မှာ ကာမပိုင်နဲ့ဗျ ” တဲ့

မိန်းကလေးတန်မဲ့

လက်ဆွဲကျီစယ်မယ့်

ညည်းတောင် ကြက်သီးဖြန်းဖြန်း

ထသွားရဲ့မဟုတ်လား ။



ဆြာစတက်ဖို့ကရစ်ပ်

သူ ခင်ဗျားအင်္ကျီအိတ်ကြီး

ပြဲသွားအောင် ဖောင်တိန်ကို

ဆွဲလုလိုက်တာ မအံ့သြပါနဲ့ ။

၃၂ နှစ်နဲ့ သေခဲ့တာတောင်

ကျွန်တော်တို့ နှလုံးသားတွေကို

သူအခုထိ ဆွဲလုနေနိုင်တုန်း ။



ဦးဌေးမြိုင် (သို့) ဒဂုန်တာရာ

(ဇွတ်ချစ်မယ်) ဆိုတဲ့

အချစ်သီချင်းအစား

စစ်ချီစစ်တက်သီချင်းတွေပဲ

သူက ကြားချင်တယ်ဆို

တီးပေးလိုက်ပါဗျ

နှလုံးသားမရှိတာမဟုတ်ပါဘူး

နှလုံးသားရှိလွန်းလို့ပါ ။



ဂျူပလီဟော

ကျေးဇူးပြုပြီး

ရွှေတိဂုံဘုရားလမ်းဘက်

လှည့်မထားပါနဲ့ ။

ခင်ဗျားကိုမြင်တိုင်း

မျက်ရည်ဝဲရင်း အလေးပြုမိလို့ ။



ရဲဘော်ကလေးတွေ

စိတ်မကောင်းမဖြစ်နဲ့

မင်းတို့ခေါင်းဆောင်ကြီးက

သူ့မင်္ဂလာဆောင်မှာ

တိုက်တွေ ကားတွေ လက်မဖွဲ့လို့

စိတ်ဆိုးမယ့် လူစားလား

” ငွေသော်တာရောင်ခြည်” ဆိုတာ

အရိုးသားဆုံး အပြုံးနဲ့

ပျော်နေခဲ့တာလေ ။



ပြည်ထဲရေးဝန်ကြီး ဦးမြ

ခင်ဗျား မှားတယ်

သူ့ရုံးခန်းရှေ့က တပ်စိတ်ကို

သူဘာပြောပြော

ပေကပ်ထားခဲ့ရမှာ

အခုတော့ ကျွန်တော်တို့မှာ

ပြောခွင့်မရှိတော့ ။



ကိုကျော့မောင်

သူ့မင်္ဂလာဆောင်မှာ

ရွှေကြိုးသွားတားတော့

ဆွဲယူလွှင့်ပစ်လိုက်တာ

စိတ်မကောင်းမဖြစ်ပါနဲ့

သူအပင်ပန်းခံ သင်ယူခဲ့တဲ့

ပညာတွေထဲမှာ အဲလို

အပိုဆာဒါးတွေ မပါဘူး ။



မေမြို့

ဝမ်းနည်းစိတ်ကို

ကျိတ်မှိတ်ထားတော့

နိုင်ငံရေးလောက က ထွက်ရင်

ခြံစိုက်မယ် စာရေးမယ် ဆိုတဲ့ သူ

ကျည်ဆန် ၁၃ တောင့်

စိုက်သွားပြီ ရေးလို့မကုန်အောင်

ကျွန်တော်တို့ ရေးနေရပြီ။



———–

#မင်းရသ



မူရင်းရေးသားသူကို credit ပေးပါသည်။

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...