ရန်ကုန်တိုင်း ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်ရှေ့၌ ဇွန် ၁၉ ရက် ညပိုင်းအချိန်က လူငယ်နှစ်ဦးအား အုပ်စုဖွဲ့လုယက်မှုတခု ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ စမ်းချောင်းမြို့နယ်နေ ကိုမျိုးသူသည် ညီဝမ်းကွဲတော်စပ်သူနှင့်အတူ ပြည်လမ်းအတိုင်း ဒဂုံမြို့နယ်ဘက်မှ စမ်းချောင်းမြို့နယ်ဘက်သို့ပြန်လာစဉ် ပြည်သူ့ရင်ပြင်ရှေ့အရောက်၌ Probox အဖြူရောင် အငှားယာဉ်ပေါ်မှ လူငယ် ၄ ဦးခန့်ဆင်းလာပြီးနောက် ၎င်းတို့အားထိုးကြိတ်ကာ လက်ကိုင်ဖုန်းအားလုယူသဖြင့်ပြန်လည်ခုခံရာ တောင်ဥက္ကလာပမြို့နယ်နေ ကျော်ဇင်လတ်(ခ)မွှေးနီအား ဖမ်းဆီးရမိခဲ့ကာ ကျန်သူများမှာ မော်တော်ယာဉ်ဖြင့် မောင်းနှင်ထွက်ပြေးသွားခဲ့သည်။
ကျော်ဇင်လတ်(ခ)မွှေးနီပါ လူငယ်များအား အရေးယူပေးပါရန် တိုင်တန်းချက်အရ ဒဂုံမြို့မရဲစခန်း(ပ)၁၀၁/၂၀၁၇၊ ရာဇ သတ်ကြီးပုဒ်မ ၃၉၄ ဖြင့်အမှုဖွင့်ကာ ထွက်ပြေးလွတ်မြောက်သွားသူများကို ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့ပါသည်။ ဖမ်းဆီးရမိသူ ကျော်ဇင်လတ်(ခ) မွှေးနီအားစစ်ဆေးရာ ၎င်းနှင့်အတူပြစ်မှုကျူးလွန်ရာတွင်ပါဝင်သူတောင်ဥက္ကလာပမြို့နယ်နေ ရန်နိုင်(ခ)ဇင်မင်းဦးပါဝင်ကြောင်း သိရှိရသဖြင့် ၎င်းအား ဇွန်လ ၂၀ ရက်နေ့ နံနက် ၆ နာရီအချိန်တွင် ဗဟန်းမြို့နယ်အတွင်းမှ ဖမ်းဆီးရမိခဲ့ပါသည်။
အခင်းမဖြစ်မီ ဇွန်လ ၁၉ ရက်နေ့ ညနေပိုင်းတွင် ဗိုလ်တထောင်စေတီအနီးရှိ ထမင်းဆိုင်တွင် ၀င်ရောက်စားသောက်စဉ် ကုန်ကျငွေ ကျပ် (၃၅၀၀၀ိ/) အား မရှင်းနိုင်သဖြင့် Probox ယာဉ်၏ ၀ှီးတက်နှင့် ယာဉ်မောင်းလိုင်စင်တို့အားပေးထားခဲ့ရကြောင်း၊ ဆိုင်မှထွက်လာပြီး ယာဉ်ပေါ်တွင် ၎င်းပါ (၁၁) ဦးတို့မှ လမ်းပေါ်တွင်တွေ့ရှိ သူများအားလုယက်ရန် တိုင်ပင်ခဲ့ကြပြီးနောက် ပြည်သူ့ရင်ပြင်ရှေ့အရောက်တွင် အဆိုပါလူငယ်နှစ်ဦးအား တွေ့ရှိသဖြင့် လုယက်ကြခြင်းဖြစ်ကြောင်း ပေါ်ပေါက်သည်။
ကျန်ရှိသူများအား ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့ဝင်များက ဗိုလ်တထောင် ဘုရားအနီး ထမင်းဆိုင်တွင် ၎င်းတို့ထားခဲ့သော ၀ှီးတက်နှင့် ယာဉ်မောင်းလိုင်စင်အား လာရောက်ရွေးမည်ဟု သုံးသပ်ရသဖြင့် အဆိုပါထမင်းဆိုင်အနီး စောင့်ဆိုင်းနေစဉ် ဇွန်လ ၂၀ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်တွင် ကြက်ဖ(ခ)ဇော်ရှိန်းပါ (၉) ဦးသည် Probox ယာဉ်ဖြင့်ရောက်ရှိလာစဉ် ဖမ်းဆီးရမိခဲ့သည်။ လက်ရှိတွင် ဖမ်းဆီးရမိထားသူများအနေဖြင့် အခြားအမှုများ ကျူးလွန်ခြင်းရှိ/မရှိ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
photo-yangon police
0 comments :
Post a Comment