့အိမ်ပေါ်ခေါ်တင်မိတဲ့ ညီမဖြစ်သူနဲ့ ဖောက်ပြန်နေတဲ့ ကျွန်မယောက်ျား



ကျွန်မကိုအကြံပေးပါအုံး Shwemomရေ။ ပတ်ဝန်းကျင်မှာ ဘယ်သူ့ကိုမှလည်း မေးလို့ အဆင်မပြေလို့ပါ။ ကျွန်မရဲ့ အီးမေးလ်ကိုလည်း မဖော်ပြပေးပါနဲ့နော်။ ကျွန်မယောက်ျားနဲ့ ကျွန်မအိမ်ထောင်ကျတာ ၃နှစ်ရှိပါပြီ။ ကျွန်မကအသက် ၂၇ပါ။ ကျွန်မယောက်ျားက ၂၈ပါ။ ကျွန်မမှာ ညီမလေးတစ်ယောက်ရှိပါတယ်။ သူက အစကတည်းကကျွန်မနဲ့ စရိုက်ချင်းမတူပါဘူး။ သူက ငယ်ငယ်လေးကတည်းက ယောက်ျားလေးတွေနဲ့ ပူးပူးကပ်ကပ်နေသူပါ။ ငယ်ငယ်ကရည်စားလည်း များပါတယ်။ ဒါပေမယ့် ကျွန်မရဲ့ ညီမလေးမို့ ကျွန်မအရမ်းချစ်ပါတယ်။ ကျွန်မထက်၃နှစ်ငယ်ပါတယ်။ ကျွန်မတို့ငယ်ငယ်လေးကတည်းက အဖေဆုံးသွားခဲ့ပါတယ်။ ကျွန်မအိမ်ထောင်ကျတော့ ညီမလေးက အမေနဲ့အတူနေပါတယ်။ ဒါပေမယ့် အမေက လွန်ခဲ့တဲ့၆လက ဆုံးသွားခဲ့ပါတယ်။ ကျွန်မလည်း ညီမလေးကိုသနားတာနဲ့ ယောက်ျားနဲ့ တိုင်ပင်ပြီး အိမ်ပေါ်ခေါ်တင်ထားခဲ့မိပါတယ်။ ညီမဖြစ်သူကိုချစ်တဲ့စိတ်နဲ့ ကျွန်မဘာမှမစဉ်းစားခဲ့ပါဘူး။ အခု၆လအကြာမှာတော့ ကျွန်မညီမနဲ့ ကျွန်မယောက်ျားဖောက်ပြန်နေတာကို ပတ်ဝန်းကျင်ကသတိထားမိမှ ကျွန်မသိလိုက်ရပါတယ်။ ကျွန်မအရမ်းပူလောင်နေပါတယ်။ အလုပ်ကအိမ်ပြန်ရောက်လို့ သူတို့မျက်နှာတွေကြည့်တိုင်း လူသတ်ချင်စိတ်တွေပေါက်နေပါတယ်။ ကျွန်မဘာလုပ်သင့်ပါသလဲ။ အကြံပေးပါအုံး။
Shwemomကဖြေမယ့် အဖြေကို တွေ့ရဖို့ Dear Shwemom ကဏ္ဍမှာ နေ့တိုင်းဝင်ကြည့်နေမှာပါ။ ကျေးဇူးပြုပြီး အမြန်ဆုံးဖြေပေးပါနော်။
Dear Shwemom ကဏ္ဍကို အားကိုးတကြီးစာရေးလာတဲ့ Shwemomစာဖတ်ပရိတ်သတ်အမရေ…အမဘယ်လောက်အထိပူလောင်နေမယ်ဆိုတာကို နားလည်ပါတယ်။ ဒါပေမယ့် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချဖို့အရင်ဆုံးစိတ်ကိုတည်ငြိမ်အောင်ကြိုးစားပါ။ အမပြောခဲ့တာကိုကြည့်ရင် ပတ်ဝန်းကျင်ကပြောတယ်လို့ပဲ ဖော်ပြထားတာကိုပဲတွေ့ရပါတယ်။ အစ်မရဲ့ယောက်ျားဖောက်ပြန်နေတာ ဘယ်လောက်အထိသေချာပါလဲ။ တစ်ခါတစ်လူတစ်ယောက်ရဲ့ ဦးနှောက်က အရင်တုန်းက သိုလှောင်ထားတဲ့ အချက်အလက်တွေကို မှီခိုပြီးအကြောင်းအရာတစ်ခုကို ဆုံးဖြတ်တတ်ပါတယ်။ ဥပမာ ပတ်ဝန်းကျင်က အမယောက်ျားနဲ့ အမညီမဖောက်ပြန်နေတယ်လို့ ပြောတဲ့အချိန်မှာ အမစိတ်ထဲမြင်မိမှာက အမညီမရဲ့ရည်းစားများမှု၊ ယောက်ျားတွေနဲ့ပူးပူးကပ်ကပ်နေမှုတွေပါပဲ။ တစ်ချိန်ထဲမှာပဲ ငါ့ယောက်ျားကလည်း ဘာသားနဲ့ထုထားတာမို့လို့လဲလို့ တွေးကောင်းတွေးနို်င်ပါတယ်။ဒါပေမယ့် အဲ့ဒါတွေမတွေးခင် အကြောင်းအရာက မှန်ကန်ဖို့လိုပါတယ်။ အမကိုယ်တိုင် တပ်အပ်တွေ့ပြီးပြီလားသူများပြောတာလား၊ တကယ်ဖောက်ပြန်နေတာလား အဲ့ဒါကိုသိအောင် အရင်ကြိုးစားပါ။ တကယ်၁၀၀%သေချာတယ်ဆိုရင်တော့ ယောက်ျားဖြစ်သူနဲ့ စကားပြောပါ။ သူ့အမှားကို သူဝန်ခံပြီးရပ်တန်းကရပ်မယ်ဆိုရင် အမသူ့ကိုခွင့်လွှတ်နိုင်ပါသေးတယ်။ အမညီမနဲ့လည်း စကားပြောပါ။ နောက်ဆုံးအခြေအနေက ဘယ်လိုမှတားဆီးလို့မရပဲ သူတို့၂ယောက်က ဆက်မိုက်နေအုံးမယ်ဆိုရင်တော့ အစ်မဘက်ကပြတ်ပြတ်သားသား ကွာရှင်းလိုက်နိုင်ပါတယ်။ ဒါပေမယ့် ကွာရှင်းဖို့ကို နောက်ဆုံးမှ စဉ်းစားပါ။ အရင်ဆုံး အဖြေရှာကြည့်ပါအုံး။
Credit: shwemom

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...