အိမ်အကူမိန်းကလေးအား မအင်္ဂါအပါအ၀င် ခန္ဓာကိုယ်အနှံ့ဒဏ်ရာရရှိအောင် နှိပ်စက်သူကို ဖမ်းဆီးအရေးယူ


အိမ်အကူမိန်းကလေးအား မိန်းမကိုယ်နေရာအပါအ၀င် ခန္ဓာကိုယ်အနှံ့ ဒဏ်ရာရစေပြီး နားပင်းသည့်အထိ ညှဉ်းပန်းနှိပ်စက်သူအား တာမွေရဲစခန်းက မတ် ၃၁ ရက်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သတင်းရရှိသည်။

ညှင်းပန်းနှိပ်စက်ခြင်းခံရသူ မအိအိအောင် (အသက် ၁၃ နှစ်) သည် ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ဗညားဒလလမ်း၊ ဘိုးလိန်းအောင်မင်္ဂလာရပ်ကွက်၊ အမှတ် (၆၀၉)၊ (ဘီ-၁) ၊ (၆) လွှာတွင် နေထိုင်သူ ဦးခင်မောင်အေး (ဘာသာခြား)၏ နေအိမ်သို့ ကွမ်းသီးစိတ်ဇကာချလုပ်ငန်းတွင် ကူညီလုပ်ကိုင်ရန် လွန်ခဲ့သည့် ၁နှစ်ခွဲခန့်က ရောက်ရှိခဲ့သည်။

မအိအိအောင်အား လွန်ခဲ့သော ၁ လခန့်မှစ၍ ၀ါးလုံးတုတ်ဖြင့် ရိုက်နှက်ခြင်း၊ သံပိုက်ဖြင့်ရိုက်နှက်ခြင်း၊ ကော်ပိုက်ပျော့ဖြင့် ရိုက်နှက်ခြင်း၊ ခြေထောက်ဖြင့် ကန်ခဲ့ခြင်းများကြောင့် မအိအိအောင်၏ ညာဘက်မျက်ခုံးတွင် အမာရွတ်ဟောင်းတခု၊ နှာခေါင်းရိုး ဖူးယောင်ဒဏ်ရာဟောင်းတခု၊ အပေါ်နှုတ်ခမ်း အမာရွတ်ဒဏ်ရာဟောင်းတခု၊ ဘယ်ဘက်နားရွက် ဖူးယောင်ပေါက်ပြဲ နာကျင်ဒဏ်ရာတခု၊ ရင်သားနှစ်ဖက်တွင် ဆိတ်ဆွဲထားသော အမာရွတ်ဒဏ်ရာဟောင်းတခု၊ ညာဘက်လက်ဖျံ ဒဏ်ရာဟောင်းတခု၊ ၀မ်းဗိုက်တွင် ဆိတ်ဆွဲထားသော အမာရွတ်များ၊ ညာဘက်ဒူးခေါင်း၌ အမာရွတ်ဟောင်းတခု စသည့်ဒဏ်ရာများရရှိခဲ့ကြောင်း၊ လွန်ခဲ့သည့် နှစ်ရက် သုံးရက်ခန့်ကလည်း မအိအိအောင်အား ဦးခင်မောင်အေးမှ ညာဘက်ပါးအား လက်ဖြင့်ရိုက်နှက်သဖြင့် ညာဘက်နား မကြားနိုင်တော့ကြောင်း၊ ညာခြေဖမိုးအား ၀ါးလုံးတုတ်ဖြင့် ရိုက်နှက်ခဲ့သဖြင့် ခြေဖမိုးနာကျင်ဒဏ်ရာရရှိခဲ့သည့်အပြင် မိန်းမကိုယ်အား ဖယောင်းတိုင်မီးဖြင့်ထိုးသဖြင့် မိန်းမကိုယ်တွင် ဖူးယောင်ဒဏ်ရာအမာရွတ်များစွာ ရရှိခဲ့ကြောင်း တာမွေစခန်းသို့ တိုင်ကြားစာအရ သိရသည်။

“အလုပ်မပြီးလို့ဆိုပြီး ရိုက်တာ။ မတရားရိုက်လို့ဆိုပြီး သမီးက ပြန်ထွက်ပြေးလာတယ်။ တကိုယ်လုံးပဲ ရိုက်တာ။ တုတ်နဲ့ ရိုက်တယ်။ သံပိုက်နဲ့ နို့စည်ဗူးနဲ့ အဲလိုမျိုးရိုက်တယ်” ဟု မအိအိအောင်က News Watch သို့ ပြောကြားသည်။

မအိအိအောင်သည် မတ် ၃၀ ရက်တွင် ဦးခင်မောင်အေး၏ နေအိမ်မှထွက်ပြေးစဉ် တာမွေပလာဇာအနီးရှိ ဆိုက္ကားဂိတ်မှ ဆိုက္ကားဆရာများ၏အကူအညီဖြင့် သူမ၏ဆွေးမျိုးများရှိရာ ဒေါပုံမြို့နယ်သို့ ရောက်ရှိခဲ့ကြောင်း၊ လက်ရှိအချိန်တွင် အဆိုပါမြို့နယ်နေ ဒေါ်ယမင်းဆိုသူမှ ခေါ်ယူစောင့်ရှောက်ထားကြောင်း သိရသည်။

အမှုနှင့်ပတ်သက်၍ မအိအိအောင်၏ အဘွားဖြစ်သူ ဒေါ်အေးတင်က တရားလိုပြုလုပ်၍ မတ် ၃၁ ရက်တွင် တိုင်တန်းခဲ့ပြီး ကျုးလွန်သူ ဦးခင်မောင်အေးအား တာမွေမြို့မရဲစခန်းမှ ပုဒ်မ ၃၂၅/၃၂၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

မင်းထင်


Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...