နေပြည်တော်တွင် လက်ပြတ် တောက်မှုကို ပြန်ဆက်ခြင်းဆိုင်ရာ ခွဲစိတ်ကုသမှုကို ပထမဆုံးအကြိမ် အောင်မြင်


နေပြည်တော် ခုတင် ၁ဝဝဝ ဆံ့ ဆေးရုံကြီး၌ လက်ပြတ်တောက်မှုပြန်ဆက်ခြင်း ကုသမှုအောင်မြင်
တွေ့ဆုံမေးမြန်း - မျိုးမြင့်၊ မီမီဖြိုး၊ မွှေးကြူဇင်၊ ဓာတ်ပုံ - ကျော်ရဲဆွေ
နေပြည်တော် ခုတင် ၁ဝဝဝဆံ့ ဆေးရုံကြီး၌ ဆေးတက္ကသိုလ်(၁)ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးနှင့် နေပြည်တော် ခုတင် ၁ဝဝဝ ဆေးရုံကြီးမှ အရိုးအထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ ကျော်အောင်ထွန်း ဦးဆောင်သည့် အရိုးခွဲစိတ်ကုဆရာဝန်များ၊ မေ့ဆေးဆရာဝန်များအဖွဲ့မှ လက်ပြတ်တောက်မှုပြန်ဆက်ခြင်းဆိုင်ရာ ခွဲစိတ်ကုသမှုကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
ခွဲစိတ်ကုသမှု ခံယူခဲ့သည့် ကိုအေးထွန်းမှာ ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် သာဂရတွင် နေထိုင် သူဖြစ်ပြီး မတ် ၃ ရက် နံနက်ပိုင်းက ဓားခုတ်ခံရသည့်အတွက် ညာဘက် လက်ကောက်ဝတ်မှ ပြတ်တောက်ခဲ့ခြင်း ဖြစ်သည်။
ထိုကဲ့သို့ ပြတ်တောက်သွားသည့် လက်အား ပြန်ဆက်ခြင်းခွဲစိတ်ကုသမှုကို ဆောင်ရွက်ပေးခဲ့ကြသည့် ဆရာဝန်ကြီး များ၊ တာဝန်ရှိသူများနှင့် ကာယကံရှင်တို့ အား မြန်မာ့သတင်းစဉ်မှ တွေ့ဆုံ မေးမြန်း ခဲ့သည်များကို ပြည်သူများသိရှိနိုင်ရန် ဖော်ပြလိုက်ပါသည်။
ဒေါက်တာဇော်ဝေစိုး
ပါမောက္ခချုပ်၊ ဆေးတက္ကသိုလ်(၁)
ကျွန်တော်ကတော့ အရိုးရောဂါ ကုဆရာဝန်ဖြစ်ပါတယ်။ မြန်မာပြည်မှာ လက်ပြတ်တာတွေကို ဆက်ခဲ့တာက တော့ ကြာပါပြီ။ ကျွန်တော်တို့ရဲ့ ဆရာကြီးတွေဖြစ်တဲ့ ဆေးတက္ကသိုလ် (၁) ပါမောက္ခ ဆရာဦးမျိုးမြင့်က ၁၉၈ဝ-၉ဝ ပတ်ဝန်းကျင်လောက်က လက်ပြန်ဆက် ခဲ့တာ အဲ့ဒီအချိန်က အရှေ့တောင်အာရှ မှာ လက်ပြတ်တာပြန်ဆက်ခြင်း ဦးဦး ဖျားဖျားကုသမှုမှာ အောင်မြင်မှုရခဲ့ပါ တယ်။
အဲ့ဒီနောက်ပိုင်းမှာ လက်ပိုင်း ဆိုင်ရာမှာ တာဝန်ယူနေတဲ့ ပါမောက္ခ ဦးခင်မောင်မြင့်တို့အဖွဲ့တွေ အောင်မြင် ခဲ့တာတွေ အများကြီးရှိပါတယ်။ နေပြည်တော်အနေနဲ့တော့ ပထမဆုံး အကြိမ်ဖြစ်ပါတယ်။ နေပြည်တော် ခုတင် ၁ဝဝဝ ဆေးရုံမှာ ဆောင်ရွက်နိုင်လို့ ဝမ်းသာဂုဏ်ယူပါတယ်။ အခုလိုနှစ်သစ် မှာ မင်္ဂလာသတင်းတစ်ခု ထုတ်ပြန်နိုင်တဲ့ အတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနအနေနဲ့လည်း ဂုဏ်ယူပါ တယ်။
နောက်ပြီးတော့ ဒီအောင်မြင်မှု ဟာ ပါမောက္ခ ဦးကျော်အောင်ထွန်းနဲ့ အရိုးအထူးကုဆရာဝန်အဖွဲ့ရဲ့ ပိုင်နိုင် ကျွမ်းကျင်မှုအပြင် အသင်းအဖွဲ့နဲ့လည်း ဆိုင်ပါတယ်။ Teamwork ဆိုတာ လက်ပြတ်တဲ့ နေရာကနေပြီးတော့ သယ်လာတဲ့ Ambulance ရဲ့ အခန်း ကဏ္ဍ၊ အရေးပေါ်ဌာနကို ရောက်တဲ့အခါ ပြုစုတာ၊ အရေးပေါ်ပြုစုတာကနေ အရေးပေါ်ခွဲစိတ်တာ၊ ဒီလက်ကို ပြန်ပြီး ဆက်တာ၊ ပြီးရင် ခွဲစိတ်ခန်းကနေပြီးတော့ လူနာကို အရေးပေါ် ကြပ်မတ်ဆောင်ရွက် တာ၊ မေ့ဆေးဆရာဝန်တွေ၊ ဆေးရုံ အုပ်ချုပ်မှုအဖွဲ့တွေ၊ ဓာတ်ခွဲခန်းတွေ၊ ဓာတ်မှန်တွေ၊ သူနာပြုဆရာမတွေ၊ ဝန်ထမ်းတွေအားလုံးTeamwork နဲ့ ဆောင်ရွက်ခဲ့လို့ ကျွန်တော်တို့ အောင်မြင် ခဲ့ကြတာဖြစ်ပါတယ်။
အဲ့ဒီလိုအောင်မြင်ဖို့ Teamwork က သိပ်ကိုအရေးကြီးပါတယ်။ တစ်ဦး ချင်းရဲ့ စွမ်းဆောင်ရည်တွေ၊ ကျွမ်းကျင် မှုတွေအရေးကြီးသလို အားလုံး ပေါင်းစည်းပြီးတော့ ဆောင်ရွက်နိုင်တာ ကလည်း အရေးကြီးပါတယ်။ ဒါဟာ ခုတင် ၁ဝဝဝ ဆေးရုံမှာ ဒုတိယအကြိမ် ပြုလုပ်တာဖြစ်ပြီး ပထမအကြိမ်ကတော့ မအောင်မြင်ခဲ့ပါဘူး။
ဒေါက်တာနုနုမေ
မေ့ဆေးအထူးကုဆရာဝန်ကြီး
အရိုးဆရာဝန်ကြီးတွေက နေပြီး တော့ လက်ပြတ်တဲ့လူနာကို ပြန်ပြီး တော့ဆက်ဖို့ရှိတယ်ဆိုပြီး ခွဲခန်းကို အကြောင်းကြားလာပါတယ်။ ခွဲခန်းကို အကြောင်းကြားလာတဲ့အခါ ကျွန်မတို့ က ဒီလူနာကို သတ်မှတ်ထားတဲ့ အချိန်မှာ ခွဲခန်းကိုခေါ်ပါတယ်။ အဲ့ဒီအချိန်မှာ ခွဲခန်း Team ရဲ့ သူနာပြုဆရာမတွေ၊ အလုပ် သမားတွေ၊ မေ့ဆေးလက်ထောက် ဆရာဝန်တွေနဲ့ အားလုံးပူးပေါင်းပြီးတော့ ဒီလူနာကို ခွဲစိတ်တဲ့အခါမှာ ကျွန်မတို့ မေ့ဆေးပေးခဲ့ပါတယ်။
မေ့ဆေးမပေးခင် လူနာရဲ့ရောဂါ အခြေအနေအားလုံးကို ကြည့်ရှုရပါတယ်။ လူနာမှာရှိတဲ့ သွေးအဖြေတွေ၊ သွေးအား နည်းသလား၊ အဆုတ်အခြေအနေ ကောင်းသလား၊ နှလုံးအခြေအနေ ကောင်းသလားဆိုတာတွေကို ကြည့်ရပါ တယ်။ ထုံဆေးနဲ့မေ့ဆေးကတော့ ထုံဆေးမှာမျိုးစုံရှိပါတယ်။ အကြော အရိုးထုံဆေး၊ လက်မှာပေးတဲ့ ထုံဆေး၊ မေ့ဆေးလည်းရှိပါတယ်။ အဲ့ဒီအခါမှာ လူနာရဲ့ရောဂါအခြေအနေ၊ ခွဲစိတ်မယ့် နေရာတွေအပေါ်မှာ လိုက်ပြီးတော့ မေ့ဆေးနဲ့ထုံဆေးကို ရွေးချယ်ပြီးပေး တာဖြစ်ပါတယ်။
ဒေါက်တာသီတာလှ
ဆေးရုံအုပ်ကြီး၊ နေပြည်တော်
ခုတင် ၁ဝဝဝ ပြည်သူ့ဆေးရုံကြီး
ဒီလိုခွဲစိတ်နိုင်တာဟာ ဆေးရုံ အတွက်လည်း ဂုဏ်ယူစရာဖြစ်ပါတယ်။ နေပြည်တော်ပြည်သူ့ဆေးရုံကြီး ခုတင် ၁ဝဝဝ ကတော့ ဆေးရုံလာတက်တဲ့ လူနာအကုန်လုံးကို ဆေးဝါး၊ စက်ပစ္စည်း အားလုံးနဲ့ အခမဲ့ကုသပေးတာဖြစ်ပါ တယ်။ ဒီလူနာကိုလည်းပဲ ဒီအတိုင်း ဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီလူနာကတော့ လက်ပြတ်ပြီးလာတာ ပါ၊ ပြတ်နေတဲ့လက်ကို နောက်တစ်ခေါက် ပြန်ယူရပါတယ်၊ နေပြည်တော် ခုတင် ၁ဝဝဝ ပြည်သူ့ဆေးရုံမှာ အရိုးအထူး ကုခွဲစိတ်ဌာနရှိပါတယ်၊ အရေးပေါ် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဥတ္တရ သီရိအရိုးဆေးရုံကြီးမှာတော့ အေးအေး ဆေးဆေးထားလို့ရတဲ့ လူနာတွေကို ကုသပေးနေပါတယ်၊ ပြည်သူလူထုအနေ နဲ့ အရိုးနဲ့ပတ်သက်တဲ့ ထိခိုက်ဒဏ်ရာ ရရင် ဘယ်ကိုလာရမယ်ဆိုတာ သိစေချင် ပါတယ်။
ကိုအေးထွန်း (လူနာ) သာဂရ
ကျွန်တော်က ရေတာရှည်မြို့နယ် သာဂရမှာနေတာပါ။ ယာခုတ်တဲ့လုပ်ငန်း လုပ်ကိုင်ပါတယ်။ အခုဖြစ်စဉ်က လက်ကို ဓားနဲ့ခုတ်ခံရတာပါ။ အလုပ်အတူလုပ်တဲ့ သူငယ်ချင်းက ခုတ်တာပါ။ ကျွန်တော့်ကို ခုတ်လိုက်တဲ့အချိန်မှာ ကျွန်တော်က လက်နဲ့ခံလိုက်တော့ တိခနဲဆို ပြတ်သွား တာ၊ သွေးပူနေတော့ လက်ပြတ်လို့ ပြတ်မှန်းလည်းမသိဘူး၊ နောက်တော့ လက်ကိုအဝတ်နဲ့ပိတ်ပြီး ဆွာဆေးရုံကို သွားတယ်၊ ဆွာဆေးရုံကမနိုင်တော့ နေပြည်တော် ခုတင် ၁ဝဝဝ ကို နံနက် ၁၁ နာရီလောက်မှာ ရောက်တယ်၊ ဆေးရုံရောက်တော့ လက်ပါလားလို့ မေးတယ်၊ မပါလာဘူးဆိုတော့ ဖုန်းဆက် ပြီး ပြန်ရှာခိုင်းတော့ ခုတ်ခံရတဲ့နေရာမှာ ပြန်တွေ့တယ်၊ လာပို့တော့ ညနေ ၄ နာရီ ထိုးနေပြီ၊ နောက်ည ၁၁ နာရီမှာ ခွဲခန်း ဝင်တယ်၊ နောက်ကျွန်တော်မသိတော့ ဘူး။
လက်ရှိအခြေအနေအရ လှုပ်လို့ရနေ ပါပြီ၊ နည်းနည်းတော့နာသေးတာပေါ့၊ ခြောက်လလောက်ကြာရင် ပြန်ကောင်း သွားမယ်လို့ ပြောပါတယ်၊ ဆရာဝန်တွေ၊ သူနာပြုတွေကို ကျေးဇူးတင်ပါတယ်၊ နေလို့ထိုင်လို့ အတော်ကောင်းပါတယ်၊ ဒီဆေးရုံကြီးမှာ တက်ရတာ စားစရိတ်ပဲ ကုန်ပါတယ်၊ အားလုံးအခမဲ့ပါ၊ အားလုံးကို ကျေးဇူးတင်ပါတယ်။
ဒေါက်တာကျော်အောင်ထွန်း
အရိုးခွဲစိတ်အထူးကုဆရာဝန်ကြီး
နေပြည်တော် ခုတင် ၁ဝဝဝ
ပြည်သူ့ဆေးရုံကြီး
ဒီလိုလက်ပြတ်တာကို ခွဲစိတ်ဖို့ ဆိုတာ တစ်ယောက်တည်းနဲ့မရပါဘူး၊ အုပ်စုလိုက်ဆောင်ရွက်ရတာပါ၊ အရိုး ခွဲစိတ်ဆရာဝန်အဖွဲ့ပါတယ်၊ မေ့ဆေး ဆရာဝန်အဖွဲ့လည်းပါတယ်၊ အထူး ကြပ်မတ်ကုသအဖွဲ့ပါတယ်၊ လူနာဟာ အရက်မသောက်ရတဲ့ ပြဿနာ နည်းနည်းရှိတော့ သမားတော်တို့၊ စိတ်ရောဂါကုသဆရာဝန်တို့လည်း ပါ တယ်။ အားလုံးပူးပေါင်းပြီး ခွဲစိတ်ကုသ ခဲ့ရတာပါ။
လူနာ နေပြည်တော်ခုတင် ၁ဝဝဝ ဆေးရုံကြီးကို ရောက်လာတဲ့အချိန်က မနက် ၁၁ နာရီထိုးနေပါပြီ၊ လက်ကို ကြည့်လိုက်တော့ ပြတ်နေတယ်၊ လက် ရှိသေးရင် သွားယူပေးပါပြောတော့ ဖုန်းဆက်ပြီးရှာခိုင်းတာ ညနေ ၄ နာရီ လောက်မှ ရောက်လာတယ်၊ ရောက်လာ တော့မှ ပြတ်သွားတဲ့အပိုင်းကို ပလတ် စတစ်နဲ့ထုပ်တယ်၊ ရေခဲစိမ်တယ်၊ သန့်ရှင်းရေးလုပ်ပါတယ်၊ သူ့ကိုသွေးသွင်း တာတို့၊ ပိုးသတ်ဆေးထိုးတာတို့၊ ခွဲခန်း ပြင်ဆင်တာတို့ဆောင်ရွက်ပြီး ည ၁ဝ နာရီလောက်မှာ ခွဲခန်းစဝင်ပါတယ်၊ ခွဲခန်းစဝင်တော့ မေ့ဆေးဆရာဝန်တွေက မေ့ဆေးပေးပါတယ်၊ ကျွန်တော်နဲ့ ဆရာဝန်တစ်ယောက်က လက်ကို သန့်ရှင်းရေးစလုပ်ပါတယ်၊ တခြားအရိုး ဆရာဝန်တွေက လက်ကောက်ဝတ်အပေါ် ပိုင်းကို သန့်ရှင်းရေးလုပ်ပါတယ်။
ပထမဆုံးအရိုးကို စတီးချောင်း နဲ့ဆက်ပါတယ်၊ နောက်သွေးလွှတ်ကြော နှစ်ချောင်းကို ဆက်ပါတယ်၊ ဒီနောက်မှာ သွေးပြန်ကြောလေးချောင်းကို ဆက်ပါ တယ်၊ နောက်စောင့်ကြည့်ပါတယ်၊ တစ်ရက်ကြာတဲ့အချိန်မှာ သွေးကြော လေးတွေ ပြန်ပိတ်တတ်တဲ့ လက္ခဏာ တွေရှိလို့ ခွဲခန်းပြန်ဝင်ပါတယ်၊ ပိတ်နေ တဲ့သွေးကြောလေးတွေကို ပြန်ခွဲပါတယ်၊ ပြန်ဆက်ပါတယ်၊ အဲဒီနောက်မှာတော့ လူနာရဲ့သွေးလွှတ်ကြော၊ သွေးပြန်ကြော တွေရဲ့ အောက်ဆီဂျင်အားက ၉၈ နဲ့ ၁ဝဝ ကြားမှာရှိနေပါတယ်၊ ခေါင်းလည်း ထိထားတဲ့အတွက် CT ရိုက်ပါတယ်၊ အားလုံးအခြေအနေကောင်းတဲ့အတွက် အရိုးဆောင်ကို ပြန်ပြောင်းပါတယ်၊ တစ်ရက်ခြားခွဲခန်းမှာ ဆေးထည့်ပါတယ်၊ စိတ်ချရပြီဆိုတဲ့အချိန်ကျတော့ အာရုံ ကြောတွေ ပြန်ဆက်ဖို့လိုပါတယ်၊ ဧပြီ ၄ ရက်မှာ အာရုံကြောတွေပြန်ဆက် တယ်၊ နောက်ဖြစ်တဲ့ ဒဏ်ရာနေရာက လွတ်နေတဲ့နေရာကို ပေါင်ကအရေပြား ယူပြီး အစားထိုးရပါတယ်၊ ဒီကုသမှုမှာ ကျွန်တော်တို့ အဆင့်သုံးဆင့် ဆောင်ရွက် ခဲ့ရပါတယ်၊ ပထမအဆင့်က သွေး လျှောက်ဖို့လုပ်ရတယ်၊ ဒုတိယအဆင့်က အကြောတွေဆက်ရတယ်၊ တတိယ အဆင့်က အရေပြားအုပ်ရပါတယ်။
နေပြည်တော်တွင် လက်ပြတ် တောက်မှုကို ပြန်ဆက်ခြင်းဆိုင်ရာ ခွဲစိတ်ကုသမှုကို ပထမဆုံးအကြိမ် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပြီး မြန်မာ နိုင်ငံအနေဖြင့် စတုတ္ထအကြိမ် အောင် မြင်စွာ ခွဲစိတ်နိုင်ခြင်းဖြစ်ကြောင်း သိရ သည်။
ယင်းသို့ခွဲစိတ်နိုင်မှုသည် ဝန်ကြီး ဌာန၏ အောင်မြင်မှုတစ်ရပ်ဖြစ်ကြောင်း၊ ဆက်လက်၍ လေဖြတ်လူနာများ၊ ကျောက်ကပ် အစားထိုးခြင်း စသည်တို့ကို တိုးချဲ့ဆောင်ရွက်နိုင်ရန် ကြိုးစားလျက် ရှိကြောင်း၊ ယခုခွဲစိတ်မှုအောင်မြင်ခြင်း သည် မြန်မာနိုင်ငံ ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍအတွက် သမိုင်း မှတ်တိုင်တစ်ရပ်ဖြစ်ကြောင်း၊ နေပြည် တော်အတွက် ပထမဆုံးအကြိမ် အောင်မြင်ခြင်းဖြစ်ကြောင်း၊ တစ်ဦး ကောင်း တစ်ယောက်ကောင်းမဟုတ်ဘဲ အဖွဲ့ အစည်းပုံစံဖြင့် ဆောင်ရွက်နိုင်ခြင်း ကြောင့် အောင်မြင်ခြင်းဖြစ်ကြောင်း အမြဲ တမ်းအတွင်းဝန် ဒေါက်တာသက်ခိုင်ဝင်း က မှတ်ချက်ပြုသည်။
ပြည်သူလူထုအနေဖြင့် ထိခိုက် ဒဏ်ရာရရှိမှုကြောင့် လက်ချောင်းများ၊ လက်မောင်းနှင့် တံတောင်ဆစ်စသည့် လက်ပိုင်းဆိုင်ရာ ပြတ်တောက်မှုများ ကြုံတွေ့လာပါက ပြတ်သွားသောလက် (သို့မဟုတ်) လက်ချောင်းကို သန့်ရှင်း ခြောက်သွေ့သော ပလတ်စတစ်အိတ်ထဲ သို့ထည့်ပြီး လုံအောင်ပိတ်ရန်လိုအပ် ကြောင်း၊ အခြားအိတ်တစ်ခုတည်းသို့ ရေခဲထည့်ပြီး လက်ပြတ်ထည့်ထားသည့် အိတ်ကို ရေခဲထည့်ထားသောအိတ် အတွင်းသို့ထည့်၍ ဆေးရုံသို့သယ်ဆောင် လာရန်လိုကြောင်း၊ လက်မောင်း၊ တံတောင်ဆစ်နှင့် လက်ကောက်ဝတ်တို့ ပြတ်တောက်ပါက အချိန် ၁၂ နာရီမှ ၂၄ နာရီအတွင်း၊ လက်ချောင်းလေးများ ပြတ်တောက်ပါက ၂၄ နာရီမှ ၃၆ နာရီ အတွင်း ပြန်ဆက်၍ရနိုင်ကြောင်း၊ အချိန် ၆ နာရီအတွင်း ယူဆောင်လာနိုင်ပါက အကောင်းဆုံးဖြစ်ကြောင်း သိရသည်။
ကြေးမုံ






Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...