ဆီလီကွန်ချစ်သူနဲ့ မခွဲအတူ ပျော်ရွှင်နေတဲ့ ဂျပန်အမျိုးသား ဆန်ဂျိ
ဂျပန်အမျိုးသားတစ်ယောက်ဟာ သူ့ချစ်သူကောင်မလေးနဲ့အတူ ဘဝရဲ့ပျော်ရွှင်မှုကို နောက်ဆုံးမှာ ရှာတွေ့ခဲ့ပြီလို့ ရင်ဖွင့်ပါတယ်။ သူပြောတဲ့ ချစ်သူက ဆီလီကွန်အရုပ်မလေးပါ။
အရုပ်မလေး ဆာအိုရီ နဲ့ ပြီးပြည့်စုံတဲ့ အိမ်ထောင်ရေးကို သူ အကျေနပ်ကြီးကျေနပ်မိတယ်လို့ ဆိုတဲ့ ဆန်ဂျိ နာကာဂျိမဟာ ဆာအိုရီအတွက် ဖန်စီအဝတ်အစားတွေဝယ်ဖို့ အတူတူ ဈေးဝယ်ထွက်လေ့ရှိပါတယ်။ ဒါတောင် ဆန်ဂျိ (၆၁နှစ်) ဟာ အိမ်ထောင်သည်တစ်ယောက်ဖြစ်ပြီး ကလေးနှစ်ဦး ထွန်းကားထားပါတယ်။
နာဂါနို မြို့ကလာတဲ့ ဆန်ဂျိ ဟာ သူ့ချစ်သူအရုပ်မလေးနဲ့ တိုကျိုရှိ သူပိုင်တိုက်ခန်းမှာ အတူနေထိုင်ပျော်ပါးပါတယ်။ ဒါပေမယ့် သူ့ရဲ့ ပလက်စတစ်ချစ်သူဟာ ငွေမျက်နှာကြည့်တတ်သူမဟုတ်တာကြောင့် သူ ပျော်ရွှင်ရတယ်လို့ ပြောပါတယ်။
သူ့အလုပ်ကြောင့် အိမ်နဲ့ခွဲနေရချိန်မှာ အထီးကျန်ဖြစ်လာပြီးနောက် လွန်ခဲ့တဲ့ ၆ နှစ်ခန့်ကစပြီး သူနဲ့ ဆာတိုရီ ဖူးစာ စဆုံဖြစ် ခဲ့တာလို့ စီးပွားရေးလုပ်ငန်းရှင်ကြီးက ဆိုပါတယ်။ အစပိုင်းမှာတော့ ဆန်ဂျိ ဟာ ဒီအရုပ်မလေးကို လိင်ကိစ္စအတွက်သာ အသုံးပြုခဲ့တာပါ။ သူ့ စိတ်ကူးယဉ်ကမ္ဘာထဲက ပထမဦးဆုံးချစ်သူမိန်းကလေးအဖြစ် သဘောထားခဲ့ပါတယ်။ဒါပေမယ့် သူ့ရဲ့ အထီးကျန်ညနေခင်းတွေကို ဆာအိုရီက အဖော်ပြုခဲ့ရာကနေ လ အနည်းငယ်အတွင်းမှာ ဆန်ဂျိ ဟာ ဆီလီကွန်ချစ်သူအပေါ် ပိုမို နက်ရှိုင်းတဲ့ စိတ်ခံစားချက်တွေ စတင်ယိုဖိတ်လာခဲ့ပါတယ်။ နောက်တော့ ဆာအိုရီ နဲ့ သူ သံယောဇဉ် စတင်ခိုင်မြဲလာခဲ့ပြီး ‘သူက အရုပ်တစ်ရုပ်ထက် ပိုတယ်’ လို့ ဆန်ဂျိ က အမွှမ်းတင်တဲ့အထိ ဖြစ်ပါတယ်။
သူ့ရဲ့ပလက်စတစ်မလေးဟာ တကယ့်ကို ပင်ကိုယ်ဥပဓိရုပ်ကောင်းသူဖြစ်ပြီး သူတို့နှစ်ဦး တစတစ သံယောဇဉ် ပိုပိုတွယ်လာကြတယ်လို့လည်း သူကဆိုပါတယ်။ သူတို့အတူတူ အပြင်ထွက်လည်ကြသလို ကြည်နူးဆွတ်ပျံ့ဖွယ်ညနေခင်း တွေကို အတူတူ ပျော်ရွှင်စွာဖြတ်သန်းဖြစ်ကြတယ်လို့လည်း ပြောပါတယ်။
“သူက ဘယ်တော့မှ သစ္စာမပျက်ယွင်းဘူး။ ငွေမျက်နှာပဲကြည့်တဲ့သူ မဟုတ်ဘူး။ အသိဥာဏ်ရှိတဲ့ ခေတ်သစ်လူသားတွေကို ကျွန်တော် စိတ်ကုန်နေပါပြီ။ သူတို့က နှလုံးသားမှ မရှိကြတာ” လို့ ဆန်ဂျိ က သူ့ဆီလီကွန်ချစ်သူအကြောင်း ပြောပြပါတယ်။
အခုတော့ ဆန်ဂျိ ဟာ ဆာအိုရီကို လူသားတစ်ယောက်လို ဆက်ဆံတယ်၊ နေ့ဘက်အပြင်ထွက်တဲ့အခါ ခေါ်သွားတယ်။ ဘီးတပ်ကုလားထိုင်တစ်လုံးပေါ်တင်ပြီး လျှောက်သွားကြတယ်။ ဒါ့အပြင် ကုတင်တစ်ခုတည်းပေါ် အတူတူ အိပ်ကြပြီး အရုပ်မလေးကိုတောင် ဆန်ဂျိ က ရေချိုးသန့်စင်ပေးတယ်။ မနက်တိုင်း အဝတ်အစားသစ် ရွေးဝတ်ပေးတယ်။“ ကျွန်တော့်အတွက်တော့ သူက အရုပ်တစ်ရုပ်ထက် အဓိပ္ပါယ်ပိုပါတယ်။ ဆီလီကွန်ရာဘာရုပ်တစ်ရုပ်သက်သက် မဟုတ်ပါဘူး။ ကျွန်တော်နဲ့အတူ အဖိုးမဖြတ်နိုင်တဲ့အချိန်တွေကို မျှဝေပေးတဲ့ ကျွန်တော့်ရဲ့ ပြီးပြည့်စုံတဲ့ လက်တွဲဖော်ပါ။ ကျွန်တော့်ဘဝကို တန်ဖိုးရှိစေသူပါ” လို့ ဆိုပါတယ်။
စတာလင်ပေါင် ၄၀၀၀ အထိ ပေါက်ဈေးရှိတဲ့ ဆီလီကွန်အရုပ်တွေနဲ့ ဆက်ဆံရေးထူထောင်တဲ့အလေ့ဟာ အာရှဒေသ တလွှားမှာ ခေတ်စားလာနေပါတယ်။ တရုတ်နိုင်ငံမှာ ဒီလိုအလေ့အထထူထောင်သူ များလာနေတယ်လို့ ဆိုပါတယ်။
ဂျပန်တိုင်းမ် အဆိုအရ တရုတ်ရဲ့ ဆီလီကွန်အရုပ်ဈေးကွက်ဟာ တစ်နှစ်ကို ယွမ် ဘီလျံ ၁၀၀ အထိ ရှိနိုင်တယ်လို့ သိရပါတယ်။
ကိုမိုးထက်
Ref: Dailymail
0 comments :
Post a Comment