အရှင်ထွက်လား … အသေထွက်လား ?

ပဲခူးမြို့ အထက (၆) က ကျောင်းသားလေး မောင်မျိုးသီဟ အောက်တိုဘာ ၂၁ ရက်နေ့က သူ့အိမ် ရေချိုးခန်းထဲမှာ ကြိုးဆွဲချပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတယ်။

မောင်မျိုးသီဟမှာ နှလုံးရောဂါအခံရှိတယ်။ အထက (၆) တက္ကသိုလ်ဝင်တန်းမှာ ပညာသင်ကြားနေတယ်။ လပတ် စာမေးပွဲကျတယ်။ စာမကျက်နိုင်တော့တဲ့အဆုံး သူ့ဘဝကို အရှုံးပေးသွားတယ်။ စာမေးပွဲကျခြင်းနဲ့ စိတ်ဓာတ်ကျခြင်းဆိုတာတွေက မောင်မျိုးသီဟကို သတ်လိုက်တယ်။

အောက်တိုဘာ (၂၄) ရက်နေ့။ မန္တလေးတိုင်း ဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ကံကောက်ရပ်ကွက်မှာ အသက် ၁၆ နှစ်အရွယ်၊ တက္ကသိုလ်ဝင်တန်းကျောင်းသူလေးတစ်ဦး သူ့ကိုယ်သူ ကြိုးဆွဲချပြီး သေသွားတယ်။

သမီးကို သူ့မိခင်က လပတ်စာမေးပွဲမှာ တစ်ဘာသာကျလို့ ဆူတယ်။ စိတ်ဖိစီးမှုကို ဘယ်လိုမှ မခံစားနိုင်တဲ့ အဆုံး သူ့ကိုယ်သူ သတ်သေဖို့ ဆုံးဖြတ်လိုက်ပြီး စိန်ပန်းပင်မှာ ပုဆိုးချည်ပြီး ကြိုးဆွဲချ သေသွားတယ်။

ရက်ပိုင်းလေးအတွင်း ကျောင်းသားနှစ်ယောက် ဘဝကို အရှုံးပေးသွားကြပြီ။ နောက်ထပ် ဘယ်မြို့တွေမှာ ဘယ်နှယောက်လောက် ထပ်ပြီးတော့ စာမကျက်နိုင်တော့လို့၊ မအောင်နိုင်တော့လို့၊ မဖြစ်နိုင်တော့လို့ ဆိုပြီး စိတ်ဓာတ်တွေကျကာ သတ်သေကြဦးမှာလဲ။

အဲဒီ သတ်သေမယ့် ကျောင်းသား ကျောင်းသူတွေထဲမှာ ကျွန်တော်တို့ရဲ့ မိတ်ဆွေများ သားသမီးတွေ မပါဘူးလို့ ပြောနိုင်ပါသလား။

စဉ်းစားကြပါ။ ကလေးတွေကို ဘယ်သူတွေ သတ်နေကြသလဲ … ကလေးတွေကို ဘယ်လိုပညာရေးစနစ်က သတ်နေကြသလဲ … စဉ်းစားကြပါဗျာ။

ကျွန်တော်တို့ ကလေးတွေကို စာတွေအလွတ်ကျက်ခိုင်း၊ အလွတ်ရေးခိုင်း၊ ပြဋ္ဌာန်းစာအုပ်ထဲကစာတွေ အတိအကျ အဖြေလွှာထဲမှာ “၏” “သည်” မရွေ့ပါလာမှ အမှတ်ပေး၊ ထူးချွန်၊ ဂုဏ်ထူးယူဆိုတဲ့ စနစ်နဲ့ ဘယ်အချိန်အထိ ဖိသတ်၊ ညှစ်သတ်နေကြဦးမှာလဲ။

စာကျက် … စာကျက် … စာကျက် … ကျူရှင်တက် … ကျူရှင်တက် … ကျူရှင်တက် … ဂုဏ်ထူး … ဂုဏ်ထူး … ဂုဏ်ထူး ဆိုပြီး နေ့တိုင်းတွန်းအားတွေ ဖိအားတွေပေးပြီး သတ်နေတာ ဘယ်လို ပညာရေးစနစ်ပါလဲ။

ဂုဏ်ထူးအကုန်ရမှ ဆေးကျောင်းတက်ရမယ်ဆိုတဲ့ ဖိအားတွေကို တက္ကသိုလ်ဝင်တန်း စတက်ကတည်းက သူတို့ ရင်ဆိုင်နေရပြီ။ မဖြစ်နိုင်တာကို အတင်းတွန်းနေကြတော့ မရွေ့ချင်ဘဲ ရွေ့နေကြတယ်။ စိတ်တွေ ပင်ပန်း၊ လူတွေပင်ပန်းလာကြတယ်။ ကစားချိန်မရှိ၊ နားချိန်မသိတွေ ဖြစ်လာကြတယ်။ မိဘတွေက ကိုယ်တိုင် မဖြစ်နိုင်ခဲ့ မရနိုင်ခဲ့တာတွေကို သူတို့ သားသမီးတွေအပေါ် အတင်းပုံချပြီး ညနေ့တိုင်း သတ်သေဖို့ တွန်းအား တွေပေးနေတယ်။

ဆရာတွေကလည်း ဒါမေး … ဒါဖြေ … ဒါပဲရေးတဲ့ပညာရေးကို အတင်းတွန်းအားတွေပေးနေရတယ်။ သူတို့မှာလည်း “အောင်ချက်” ဆိုတဲ့ ဖိအားကြီးကို ရင်ဆိုင်နေရတယ်။ အပေါ်ကသူတို့ကိုဖိ။ သူတို့က ကျောင်းသားတွေကိုဖိနေတာဟာ ရာဇဝတ်မှုကြီးတစ်ခုကို ကျူးလွန်နေမှန်း မသိတော့ပါဘူး။

3 Idiots ဆိုတဲ့ အိန္ဒိယရုပ်ရှင်ကြည့်ဖူးမှာပေါ့။ ကျောင်းအုပ်ကြီးကတော့ သူ့ကျောင်းသားသေတာ သူ့မှာ အပြစ် မရှိဘူးလို့ ရိုးသားစွာ ယုံနေတာ။ ဒါပေမဲ့ သူက သေကြောင်းကြံအောင် အကူအညီပေးနေတဲ့သူဆိုတာ ရိုးရိုး လေး ရိုက်ပြသွားတာ။

ကျောင်းသားတွေ ကိုယ့်ကိုယ်ကိုယ်သတ်သေမှုအများဆုံး နိုင်ငံတွေထဲမှာ တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံတွေ ပါတယ်။ အာရှကျောင်းသားတွေ သတ်သေမှုအများဆုံးပဲ။ ဖြစ်သင့်တာထက် ဖြစ်ချင်တာကို ဦးစားပေးလွန်းတဲ့ ပညာရေးစနစ်တွေက ကျောင်းသားတွေက နှစ်တိုင်းသတ်နေဦးမှာပါ။

ကလေးတွေအပေါ် ဖိအားတွေအရမ်းများလွန်းတယ်။ ကလေးတိုင်း ဉာဏ်ရည်၊ ပတ်ဝန်းကျင်အနေအထား၊ ခံယူနိုင်စွမ်းတွေ တူကြတာမဟုတ်ဘူး။ အဲဒါကို တစ်တန်းတည်းထားပြီး ပေတံတစ်ခုတည်းနဲ့ တိုင်းနေတဲ့ ပညာရေးစနစ်တွေမှာ စိတ်ဓာတ်ကျတာတွေ၊ စိုးရိမ်သောကတွေ၊ မျှော်လင့်ချက်ကင်းမဲ့ တာတွေ ဖြစ်လာမှာပဲ။ ရလဒ်ကတော့ မဖြစ်နိုင်တော့ပါဘူးဆိုပြီး အရှုံးပေးစိတ်တွေ ဝင်လာပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေကုန်ကြ တော့တာပဲ။

ကျွန်တော်တို့ ပညာရေးစနစ်မှာ နှစ်သိမ့်ဆွေးနွေးအားပေးတာတွေမရှိဘူး။ ကျက်နိုင်ရင်ကျက် မကျက်နိုင်ရင် ထွက်လို့ တွန်းအားပေးနေတယ်။ အဲဒီတော့ ကလေးတွေမှာလည်း ရွေးစရာ နှစ်လမ်းပဲ ဖြစ်လာတယ်။ အရှင်ထွက်လား … အသေထွက်လား …

ကဲ … ကျွန်တော်တို့ ဒီလိုပညာရေးစနစ်ကြီးကို ဘယ်ခေတ်အထိ ကျင့်သုံးကြဦးမှာလဲ ?

တင်ညွန့်
Credit -Thet Mar Win

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...